Saturday, January 24, 2009

ကိုရင်ဝတ်တုန်းကများ...

ကျနော် ၁၀ တန်းအောင်တော့ ၂၀၀၆။ မအံ့သြနဲ့ဦး။ ကြိုသိလို့ပြောထားရတယ်။ စာမေးပွဲမဖြေခင်ကတည်းက ကြီးကြီးမေရယ် ကျနော့်မေမေရယ်က ကုသိုလ်လည်းရအောင်၊ စကားပြောရင် ခပ်ရိုင်းရိုင်း ခပ်ပြတ်ပြတ် ပြော တတ်တဲ့ ကျနော့်ကို လိမ္မာအောင်၊ ပြောတတ်ဆိုတတ် လူတောတိုးအောင်ဆိုပြီး ယဉ်ကျေးမှုသင်တန်း တတ်ခိုင်း ဖို့ တာဆူနေကြတယ်။

ကြီးကြီးမေက အဆိုးဆုံးပေါ့။ သူနဲ့ကျနော်က ဘယ်တော့မှတည့်တယ်မရှိ။ ကြီးကြီးမေက အသက် ၆၀ ကျော်နေ ပြီ။ ကျနော့်ကြီးကြီးတွေထဲမှာ အသက်အကြီးဆုံးအစ်မကြီးပေါ့။ သူကဘာသာရေးတော့ ဘာလိုက်စားသလဲ မ မေးနဲ့။ အမြဲတရားစခန်းဝင်တယ်။ တရားအားထုတ်တယ်။ စိတ်ထားကလည်း တကယ်ကောင်းပါတယ်။ စကား ပြောရင် နည်းနည်း အပေါက်ဆိုးတာကလွဲလို့။ (ကြီးကြီးမေ ဒါတွေမြင်ရင် ကျနော့်ကိုမေတ္တာပို့မလားမသိ) ကြီးကြီးမေ ဦးဆောင်ပြီး ကျနော်စာမေးပွဲမဖြေခင်ကတည်းက အဲ့ဒီဘုန်းကြီးကျောင်းမှာ နာမည်စာရင်း သွား သွင်းပေးကြတယ်။

ဒီလိုနဲ့ပါပဲ။ ၁၀ တန်းစာမေးပွဲလည်းဖြေပြီးရော ခဏတောင်မနားရဘူး။ ကျနော့်ကိုတန်းပြီးတော့ ရိပ်သာပို့လိုက် ကြတာပဲ။ အမှန်ကတော့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းပေါ့။ ကျောင်းတိုက်ကိုတော့ တော်တော်များများ သိ ကြ မှာပါ။ သံလွင်လမ်းက ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ။ သူဌေးဘုန်းကြီးကျောင်းလို့ ပြောလို့ ရတယ်။ ဘာလို့ဆိုတော့ လာပြီးစာသင်ကြ၊ လှူကြတန်းကြတဲ့ ပုဂ္ဂိုလ်တွေဆိုတာလည်း မနည်းမနော၊ အားလုံး နီးပါး ပိုက်ဆံချမ်းသာကြတဲ့သူတွေချည်းပဲ (ကျနော်မပါ..း) နေရာကိုက ရွှေတောင်ကြားလမ်းလို၊ သံလွင်လမ်း လို နေရာမျိုးမှာရှိတာကိုး။ အဲ့ဒီကျောင်းမှာက နိုင်ငံရပ်ခြားကလာပြီး စာလာသင်ကြတဲ့၊ ဘွဲ့ယူဖို့လာရောက်ပြီး စာမေးပွဲဖြေကြတဲ့ဘုန်းကြီးတွေလည်းရှိတယ်။ နိပေါ၊ အမေရိက၊ ဖိလစ်ပိုင်၊ စင်္ကာပူစတဲ့နိုင်ငံတွေကပေါ့။ ဒီ ပဏ္ဍိတာရာမနာမည်နဲ့ပဲ ကျောင်းခွဲတွေလည်း အဲဒီနိုင်ငံတွေမှာဖွင့်ထားတာကိုး။ မြန်မာနိုင်ငံမှာပဲ တရားစခန်း ၃ခုရှိတယ်။

ဒီတော့ ပဏ္ဍိတဘွဲ့ယူမယ့် နိုင်ငံရပ်ခြားကဘုန်းဘုန်းတွေ ဒီမှာလာပြီးစာဆက်သင်ရတယ်။ မဟာဘွဲ့ယူကြသလို ပေါ့။ ပါဠိလိုစာသင်ကြရတယ်။ မြန်မာလိုလည်းသင်ရတယ်။ ဘုန်းဘုန်းတွေမြန်မာလိုပြောရင် မပီကြဘူး။ တစ် လုံးစ၊ နှစ်လုံးစနဲ့ ပြတ်တောင်းပြတ်တောင်း ထောက်ထောက်နေကြတာချည်းပဲ။ ကဲ.. ကဲ.. ကျနော်ရောက်သွား ပုံကစပြီး ပြန်ဆက်မယ်။ အိမ်မှာကတည်းက ကတုံးတုံး(ဆံချ)လာရတာ ကျောင်းတိုက်စည်းကမ်းတစ်ခုပဲ။ ကျောင်းတိုက်ကိုသွားတော့ ကျနော်ရယ်၊ မေမေရယ်၊ ကြီးကြီးတွေလည်းပါတယ်။ ညီလေးကငယ်သေးတာမို့ အဲ့ဒီနှစ်ကရိပ်သာမှာ မထားသေးဘူး။ ကျောင်းတိုက်က အငယ်ဆုံး ၄ တန်းကစပြီးလက်ခံတာ။ အကြီးဆုံးက ၁၈ နှစ်အောက်ပေါ့။ ၂၀ ပြည့်ရင်တော့ ရဟန်းခံပေးလို့ရပြီ။ သင်တန်းတက်သူမှန်သမျှ ယောက်ျားလေးဆို ကိုရင် စည်း၊ မိန်းကလေးကို သိက္ခာရှင် (သီလရှင်လို့ကျောင်းမှာမခေါ်ဘူး) ၀တ်အနေနဲ့ စာသင်ကြရတာ။

ကျနော်က ကျောင်းကိုရောက်တာနောက်ကျတယ်။ ဘာလို့လဲဆိုတော့ သင်တန်းက မတ်လဆန်းကတည်းက စ ဖွင့်တာ။ ကျနော်တို့ ၁၀ တန်းစာမေးပွဲက မတ်လလယ်လောက်မှစတာလေ။ ၁၀ ရက်ကျော်ကျော်လောက် ကျနော်နောက်ကျနေတာပေါ့။ ၁၀ တန်းဖြေပြီးတဲ့သူတိုင်း ကျနော့်လိုသင်တန်းရောက်တာ နည်းနည်းနောက်ကျ ကြတယ်။ ဒါပေမယ့် ကျနော်ကဟိုဟာပြင်ဆင်၊ ဒီဟာပြင်ဆင်နဲ့ အားလုံးထက်နောက်ကျမှရောက်သွားတာ။ ကျောင်းက စည်းကမ်းသိပ်ကြီးတော့ နောက်ကျတဲ့သူတွေကိုလက်မခံဘူး။ ဒါပေမယ့် ကြီးကြီးတို့နဲ့ ကျောင်း တိုက်ရဲ့ ဥက္ကဌဆရာတော်ကြီး (ဒုတိယ နာယကဆရာတော်) နဲ့က အရင်တည်းကဆွေမျိုးတွေလို ရင်းနှီးကြ တယ်။ ဒါနဲ့ပဲ စာမေးပွဲကြောင့်ပါဆိုပြီး ဆရာတော်ကိုဝင်လျှောက်ကြရတာပေါ့။ နောက်ဆုံးတော့ကျနော့်ကို လက်ခံလိုက်ပါတယ်။

တစ်ခါတည်းဆရာတော်ရှေ့မှာတင် ၁၀ ပါးသီလခံယူ၊ ဆရာတော်တိုင်ပေးတာတွေ ဘာမှန်းမသိဘဲ နားလည် တစ်ချက်၊ နားမလည်တစ်ဝက်နဲ့ လိုက်ဆိုရတယ်။ တခါတခါ ဆရာတော် ဘာရွတ်လိုက်မှန်းမသိတော့ ကြား လိုက်တဲ့ အသံနဲ့အနီးစပ်ဆုံးတွေကို လျှောက်ရွတ်လိုက်တယ်။ ပထမဆုံးသင်္ကန်းစည်းဖူးတာဆိုတော့ ဘာရွတ်ရ မှန်းလည်း သိမှမသိဘဲ။ ပြီးသွားတော့ ကျနော့်ကို ဆရာတော်ကြီးကရယ်နေတယ်။ အသက်ခပ်ငယ်ငယ် ဦးဇင်း တစ်ပါးက ကျနော့်ကို သင်္ကန်းလာစည်းပေးတယ်။ သင်းပိုင်ကိုဘယ်လိုဝတ်ရတယ်၊ ဧကသီကို ဘယ်လိုရုံရ တယ်ဆိုတာပါ တစ်ခါတည်းပြောသွားတယ်။ ကျနော်လည်း ရုတ်တရက်ဆိုတော့ အကုန်မမှတ်မိလိုက်ဘူး။ အား လုံးပြီးတော့ အိမ်ကလူတွေနဲ့ ဆရာတော်တို့စကားပြောကျန်ရစ်ကြတယ်။

ကျနော်ကတော့ ယောင်တောင်တောင်နဲ့ ဦးဇင်းတစ်ပါးခေါ်ရာနောက်ပါသွားတယ်။ ပါလာတဲ့ပစ္စည်း ပစ္စယတွေ ကို ဆွဲလို့ပေါ့။ ဖျာတို့၊ အိပ်ရာလိပ်တို့ကိုတော့ ကျနော့်ဦးဦးက သက်ဆိုင်ရာဦးဇင်းတွေကို အကြောင်းကြားပြီး ကျနော်နေရမယ့် အခန်းထဲမှာသွားထားပြီးနှင့်ပြီ။ လမ်းမှာအဆောင်တွေကိုဖြတ်ရတယ်။ ကျောင်းတိုက်အ၀င်ဝလမ်းနဲ့ အဆောင်တွေရှိတဲ့ဘက်က မျက်နှာချင်းဆိုင်။ မြေအောက်မှာ အနက်ကြီးပဲ အဆောင်တွေကို ဆောက် ထားတာ။ အေးပြီးစိမ့်နေတာပဲ။ အဆောင်တွေအားလုံးက ၃ ထပ်၊ ၄ ထပ်စသဖြင့်ပေါ့။ ကျနော်နေရမယ့် အ ဆောင်က အနောက်ဘက်ဆုံးအဆောင်ရဲ့ ၃ ထပ်မြောက်မှာ (အဆောင်နာမည်မမှတ်မိတော့ဘူး)။ ကိုရင်လေး တွေစာအံနေကြတဲ့ အသံတွေအတိုင်းသားကြားနေရတယ်။ တချို့သိက္ခာရှင်ငယ်ငယ်လေးတွေက အဆောင် တွေကိုသန့်ရှင်းရေးလုပ်နေကြတယ်။ ပင်မအဆောင်ကြီးထဲမှာတော့ ကျောက်ရုပ်တွေလားထင်မှတ်ရအောင် ငြိမ်သက်လို့ သိက္ခာရှင်တချို့နဲ့ နိုင်ငံခြားသူတချို့ ၀ဇီပိတ် ကျင့်နေကြတယ်။ တချို့ကတရားထိုင်တဲ့ ဇာခြင် ထောင်လေးတွေထဲမှာ။ တချို့က မတ်တပ်။

အခန်းထဲရောက်တော့ ကိုရင်သုံးပါးရှိတယ်။ ဒီအဆောင်က အခန်းတွေက နည်းနည်းကျယ်တော့ တစ်ခန်းကို ကိုရင် ၄ ပါးနေရတယ်။ အခန်းတိုင်း မီးချောင်း၊ ပြတင်းပေါက်၊ ခြင်လုံစကာ၊ ပန်ကာအကုန်ပါပြီးသား။ (ဦးဇင်း တွေအခန်းကျတော့ အဲကွန်းနဲ့၊ ကျနော်တို့ကျ အဲကွန်းတပ်မပေးဘူး) ကိုရင် ၃ ပါးက အခုမှရောက်လာတဲ့ ကျ နော့်ကိုနှုတ်ဆက်ကြတယ်။ စကားပြောရင်းသိရမှ သူတို့လည်း ၁၀ တန်းဖြေထားကြတာသိရတယ်။ နှစ်ယောက် က ဗိုလ်တစ်ထောင် ၅ ကတရုတ်လေးတွေ။ တစ်ယောက်ကတော့ ပဲခူးဘယ်နေရာကဆိုလား။ အားလုံးက ဖော် ရွေကြတယ်။ ပဲခူးကဆိုတဲ့ ကိုရင်က သဘောပိုကောင်းတယ်။ ၀၀ဖိုင့်ဖိုင့်နဲ့ ချစ်စရာကြီး။ သူတို့က ကျနော့်ထက် အများကြီးစောရောက်ကြတာဆိုတော့ ကျနော်မသိတာတွေ အကုန်လုံး သူတို့ကိုမေးရတယ်။ သင်္ကန်းစည်းတာ ကအစ။ ပြီးတော့ စည်းကမ်းချက်တွေရေးထားတဲ့ စာရွက်ကို ကျနော့်ပေးတယ်။ ဖတ်ကြည့်တော့ အချက် ၄၀ လောက်ရှိတယ်။ များလိုက်တာ။

ကျနော်တို့ ကိုရင်အဆောင်က တကယ်ပျော်ဖို့ကောင်းတယ်။ အားလုံးအသက်မတိမ်းမယိမ်းတွေဆိုတော့ ပြောချင်ရာပြော၊ ဆိုချင်ရာဆို။ တခါတလေ ကိုရင်ဝတ်နဲ့ပါလားဆိုတာတောင်မေ့မေ့သွားတယ်။ သူတို့ကလည်း ကိုရင်တွေသာဆိုတယ်ဗျာ အားလုံးကယောက်ျားလေးတွေချည်းလည်းဖြစ်၊ လူငယ်တွေချည်းပဲလည်းဖြစ်တော့ ပါးစပ်ကတော့ ဘာသရမ်းသလဲမမေးနဲ့။ အဲ့ဒီတုန်းက သင်ဇာဝင့်ကျော်နာမည်ရကာစ။ သူမျက်နှာဖုံးပါတဲ့ ဂျာ နယ်၊ မဂ္ဂဇင်းတွေဆို ကိုရင်တစ်ပါးကယူယူလာပြီး စာဖတ်တာကနည်းနည်းရယ်၊ ပြောနေဆိုနေလိုက်ကြတာများ ပွင့်လင်းလွတ်လပ်လို့။ အင်း.. စည်းကမ်းတင်းကျပ်ပေလို့ပါပဲ။း)

စရောက်တဲ့နေ့က ကြောင်တောင်တောင်ကြီးပေမယ့် နည်းနည်းပျော်တယ်။ ကိုရင်အားလုံးက သူငယ်ချင်းပေါင်း ပေါင်းကြတာကိုး။ တခြားအခန်းတွေက ကိုရင်တွေကလည်း ကျနော်တို့အခန်းမှာ မကြာမကြာ စကားလာပြော ကြတယ်။ ပဲခူးကိုရင်က သဘောခပ်ကောင်းကောင်း၊ ဟိုတရုတ်ကိုရင် နှစ်ပါးကလည်း ခင်ဖို့တအားကောင်းဆို တော့ ကျနော်တို့အခန်းက လူအစည်ဆုံး။ အဲ.. ကိုရင်အစည်ဆုံး။း)

စာသင်ချိန်တွေက တစ်နေ့ကို ၄၊ ၅ ချိန်လောက်ရှိတယ်။ သေချာတောင်မမှတ်မိတော့ဘူး။ တစ်ချိန်ပြီးတိုင်း ၁၀ မိနစ်အနားပေးတယ်။ အဲ့အချိန်တွေမှာ ကိုရင်တွေလုပ်ချင်ရာလုပ်ပေါ့။ စာဖတ်နေတဲ့သူဆိုတာ မရှိသလောက် ပဲ။ ရေသွားသောက်သူသောက်၊ ကုဋီသွားသူကသွား၊ အပေါ်ဆုံးထပ်ဝရံတာမှာ ပြေးလွှားပြီးဆော့နေတဲ့ သူက ဆော့၊ အခန်းထဲမှာပဲ ၀ုန်းဒိုင်းကျဲသူကကျဲနဲ့၊ မှတ်မိပါသေးတယ် ကိုရင်တစ်ပါး အရိုက်ခံရတာ။ အဲဒီဦးဇင်း စာ သင်ချိန်ဆို ကျနော်တို့မလှုပ်ရဲကြဘူး။ သိပ်ကြောက်ဖို့ကောင်းတယ်။ အပြောညက်ညက်နဲ့ သဘောကောင်း ပေမယ့် ဥပဓိကလည်း နည်းနည်းတင်းတယ်၊ ၀ကလည်းဝတယ်ဆိုတော့ အားလုံးကြောက်ရတယ်။ အဲ့နေ့က ကို ရင်တစ်ပါး သူ့စာသင်ချိန်စနေတာကို အော်ကျယ်အော်ကျယ်နဲ့ နောက်ကျမှပြေးလွှားဝင်လာတယ်ဆိုပြီး ကြိမ် လုံးနဲ့ရိုက်တာ။ အမှန်က ဟိုကိုရင်ကလည်း ဦးဇင်းစာသင်ခန်းထဲရောက်နေမှန်းမသိ။ ဦးဇင်းကလည်း နဂိုက ဘာကိုအလိုမကျနေလဲမသိတော့ ဖြစ်ပြီပေါ့။ ရိုက်တာများတရွှမ်းရွှမ်းနဲ့ ဘေးကကြည့်တဲ့သူတွေ တွန့်ခနဲ ဖြစ်ဖြစ် သွားကြတယ်။ အရိုက်သာခံရတာ အဲ့ကိုရင်ကမဖြုံဘူးဗျာ.. စာသင်ချိန်လည်းပြီးရော မျက်နှာကပြန်ပြီး စပ်ဖြဲဖြဲနဲ့ ပြေးလွှားဆော့နေပြန်ရောလား။

ကျနော်က ဘွဲ့နာမည်မရှိသေးလို့ နောက်တစ်နေ့စာသင်ချိန်ရောက်မှ ဦးဇင်းတစ်ပါးကရွေးပေးရတယ်။ "ရှင်ကု သလာစာရ" တဲ့။ ကုသလာရဲ့အဓိပ္ပါယ်က ကုသိုလ်၊ စာရကတော့ ဘာလဲမသိတော့ဘူး။ ပါဠိကလည်း မ တောက်တခေါက်ပဲတတ်တာ။ ဘယ်သူ့ပြန်မေးရမှန်းလည်းမသိဘူး။ ထားပါတော့။ ဘွဲ့ကသာအဲ့လို ကျနော့်ကို ဦးဇင်းတွေကလွဲလို့ ဘယ်သူ့မှ အဲဒီဘွဲ့နာမည် တပ်မခေါ်ကြဘူး။ အချင်းချင်းတော့ ဟိုကိုရင်၊ ဒီကိုရင်နဲ့ပဲ ပြောကြတာ။ ဘွဲ့နာမည် မှတ်မှတ်ရရရှိတဲ့သူဆိုလို့ ရှင်နိဂြောဓ ဆိုတဲ့ ကိုရင်တစ်ယောက်ပဲ။ သူကနာမည်ကြီး။ ကျနော်တို့ အကြီးတန်းအပြင် အငယ်တန်း၊ အလတ်တန်း၊ အထူးတန်းကိုရင်တွေ အားလုံးနီးပါးသူ့ကိုသိတယ်။ အရွယ်မရွေးဘူး လိုက်ပြီးအတင်းပေါင်းတာ။ ပေါက်တတ်ကရလည်း သူအပြောဆုံး။ ထိန်းလို့မနိုင်ဆုံး၊ အဆိုးဆုံး ပဲ။ စိတ်ထားတော့မဆိုးပါဘူး။ ကျနော့်လို ခပ်အေးအေးနေတတ်တဲ့ကိုရင်ဆို သူစတာခံရတယ်။ အစတော့ တစ် ခါနှစ်ခါလောက် လိုက်စကြည့်တယ်။ ကျနော်ကခပ်တည်တည်၊ ခပ်တန်းတန်းနေတော့မှ ရှိန်ပြီးသိပ်မစရဲတော့ ဘူး။ လေးလေးစားစားတောင်မှ ဆက်ဆံသေး။း)

မနက် ၃ နာရီ ၂၀ လောက်ဆိုရင် အုန်းမောင်းတစ်တောက်တောက်ခေါက်ပြီ။ တစ်ချက်ချင်းခေါက်ရာကနေ အ မှုစစ်တော့မယ့်အတိုင်း တဖြေးဖြေးနဲ့မြန်လာတာ။ လန့်စရာကြီးဗျ။ ဒါနဲ့ပဲ ကြောက်ကြောက်နဲ့ ကုန်းရုန်းထကြ တယ်။ တစ်သက်နဲ့တစ်ကိုယ် အိပ်ရာက တစ်ခါမှဒီလောက်စောစော မထဖူးဘူး။ အားလုံးလည်း ကျနော့်လိုတွေ ချည်း။ တ၀ါးဝါးနဲ့သမ်းကြရင်း အသီးသီးရေချိုးကန်တွေဆီသွား၊ ဘေဇင်မှာမျက်နှာသစ်၊ သွားတိုက်ပေါ့။ ရေချိုးဖို့ ကိုယ်လက်သုတ်သင်ဖို့လည်း အဆောင်အလိုက် နေရာတွေခွဲထားတယ်။ ဘယ်အဆောင်က ဘယ်နေရာသုံး ပေါ့။ သတ်မှတ်ထားပြီးသား။ သင်္ကန်းတွေလျှော်ပြီး၊ လှမ်းတာကအစ ကိုယ့်အဆောင်နေရာနဲ့ကိုယ်။

အဲ.. မျက်နှာသစ်ပြီးတာနဲ့ ကိုယ့်အခန်းကိုယ်အမြန်ပြေး၊ လက်ကိုင်ပုဝါကိုယ်စီ၊ လက်ကိုင်ခွက်တစ်ခွက်ကိုယ်စီနဲ့ သင်္ကန်းတွေ သပ်သပ်ရပ်ရပ်ရုံပြီး အခန်းရှေ့မှာတန်းစီရတယ်။ ကျောင်းမှာ မော်နီတာ ကိုရင်ကြီးတွေဆိုတာရှိ တယ်။ သူတို့က အထူးတန်းအောင်ပြီးလို့ မေတ္တာနဲ့ဒီမှာဆက်ပြီး မော်နီတာလုပ်ပေးကြတာ။ ဦးဇင်းတွေပြီးရင် ကြောက်ရတာကသူတို့ပဲ။ တစ်ခုခု ပြဿနာတက်ရင်ဖြစ်စေ၊ တစ်ခုခုပျောက်ရင်ဖြစ်စေ သူတို့ကိုအရင် အ ကြောင်းကြားရတယ်။ အခန်းရှေ့မှာ တန်းစီပြီးတာနဲ့ မော်နီတာကိုရင်ကြီးတစ်ပါးက လာခေါ်တယ်။ သူ့နောက် လိုက်သွားရတယ်။ ပြီးတော့ ပင်မဆောင်ကြီးရဲ့ ၃ ထပ်မြောက်မှာထင်တယ် ကျနော်တို့ကိုရင်တွေ အငယ်တန်း ကနေ အထူးတန်းအထိ ကြီးစဉ်ငယ်လိုက်တန်းစီထိုင်ကြရတယ်။ အငယ်ဆုံးတန်းက ရှေ့ဆုံးမှာ။

ပြီးတာနဲ့ ဦးဇင်းတစ်ပါး ရှေ့မှာရောက်ပြီဆိုရင် ကျနော်တို့ သံပြိုင်ဘုရားရှိခိုးကြရတယ်။ သိက္ခာရှင်တွေက အောက်ဆုံးထပ်က ခန်းမထဲမှာရှိခိုးပေါ့။ အစက ကျနော်သူတို့ရွတ်တဲ့ ဘုရားရှိခိုးစာတွေမရွတ်တတ်ဘူး။ အသံ ထွက်တွေလည်း နည်းနည်းကွဲတယ်။ ကျနော်တို့ ဆိုနေကျဘုရားစာနဲ့လည်း စကားလုံးတွေ ကွဲလွဲတာတွေရှိ လို့လေ။ အသံနေအသံထား၊ အသံထွက်မှန်မှန်နဲ့ ဆိုရတော့ ကျနော်ကမသိသေးဘူး။ နောက်တော့မှာ တန်းတူ ဆိုတတ်သွားတာ။ ဘုရားရှိခိုးပြီးတော့ ၁၅ မိနစ်လောက်တရားထိုင်ရတယ်။ ကိုရင်နိဂြောဓတို့ဆို အရမ်းလည် တယ်။ အစတည်းက တိုင်တွေရှိတဲ့နားသွားပြီး နေရာယူထားတယ်။ တရားထိုင်ရင် တိုင်လေးမှီပြီးထိုင်ပေါ့။ အ မှန်က ငိုက်နေတာ။ သူ့သာပြောရတာပါ။ အားလုံးလိုလို ငိုက်နေကြတာချည်းပဲ။ ကိုရင်ငယ်လေးတွေဆို ပိုဆိုး ပေါ့။ ကလေးလေးတွေပဲ ရှိသေးတော့ ငိုက်တာမှဟန်မဆောင်နိုင်ဘူး။ တရားထိုင်နေရင်းနဲ့ ရှေ့ကိုစိုက်စိုက်ကျ ကုန်တာ။ အဲဒါမျိုးဆို စောင့်ကြည့်နေတဲ့ မော်နီတာတွေက တို့ပြီးသတိပေးလိုက်၊ ပြောမရရင် အော်ပြီးသတိပေး လိုက်နဲ့ပေါ့။ တရားတွေတောင်ပေါက်ကုန်မလားပဲနော်း)

တရားထိုင်တာ ဒီလောက်မညောင်းဘူး။ ဘုရားရှိခိုးရတဲ့ ၁၀ မိနစ်လောက်အတွင်းမှာ ဆောင့်ကြောင့်ထိုင်ရတာ ကဆိုးတာ။ ညောင်းချိပြီး ခြေထောက်တစ်လျှောက်လုံး ပူထူတက်လာတာ။ အကျင့်မရှိတော့ ဖြစ်တတ်ပါတယ်။ တငိုက်ငိုက်နဲ့ တရားထိုင်ပြီးတော့ အဆောင်၃ထပ်ကနေ အောက်အထိတန်းစီပြီး ဆင်းကြရတယ်။ ကျောင်းထဲ မှာကလွဲရင် ပတ်ဝန်းကျင်မှာလမ်းမီးလောက်ပဲရှိတာ။ အပြင်ကိုလှမ်းကြည့်လိုက်ရင် တိတ်ဆိတ်ခြောက်ကပ်ပြီး မှောင်နေတယ်။ ကြယ်တွေတောင်မြင်နေရတုန်း။ ကျောင်းဝန်းထဲမှာတော့ ဘုရားသံ၊ တရားသံနဲ့ပေါ့။ ပင်မ ဆောင်ကြီးကနေ မျက်နှာချင်းဆိုင်က ထမင်းစားဆောင်ကိုကူးကြရတယ်။ မနက်စာဘုန်းပေးဖို့လေ။ ခုနက လက်ထဲမှာကိုင်လာတဲ့ ခွက်ကိုယ်စီက ကော်ဖီ (သို့မဟုတ်) လက်ဖက်ရည်ထည့်သောက်ဖို့ပေါ့။ စည်းကမ်း ချက်ထဲမှာ ဒါတွေတစ်ခါတည်းပါပြီးသား။ တန်းစီပြီးဣနြေ္ဒရရနဲ့ ဆောင်တော်ကူးကြရတယ်။ (မပြောကောင်း ပြောကောင်း) :P

သိက္ခာရှင်တွေက အောက်ထပ်မှာ၊ ကိုရင်တွေ၊ ဦးဇင်းတွေတင်မက ဆရာတော်တွေ၊ ဦးဇင်းတွေပါ အပေါ်ထပ် မှာဆွမ်းဘုန်းကြရတယ်။ ကျနော်တို့ ကိုရင်တွေက ခင်းထားတဲ့ ကော်ဇောအိအိကြီးတွေပေါ်မှာ နေကထိုင် လေးတွေခင်းပြီး စားပွဲရှည်ကြီးတွေရဲ့ နေရာအသီးသီးမှာ ထိုင်လိုက်ကြတယ်။ ဥက္ကဌဆရာတော် ကြီးကတစ်ဝိုင်း ။ နာယက ဆရာတော်ကြီးရှိရင် ဆရာတော်ကြီးတစ်ဝိုင်း။ (ဆရာတော်ကြီးက နိုင်ငံတကာ ခရီးထွက်လှည့်လည် ပြီးကျောင်းတိုက်တွေကို အမြဲကြီးကြပ်နေရလို့ ဒီပင်မကျောင်းတိုက်မှာ ရှိခဲတယ်)

ဆွမ်းမစားခင် အရင်အားလုံးငြိမ်ပြီး ထိုင်နေရတယ်။ မျက်လုံးမကစားရဘူး။ မျက်လွှာအောက်ချပြီး သက်တောင့် သက်သာထိုင်ကြရတယ်။ အားလုံးနေရာယူပြီးပြီ၊ လူစုံပြီဆိုရင် ကြေးစည်ထုသံကြားရတယ်။ ကြားတာနဲ့ ကျနော် တို့ကိုရင်တွေရော၊ အောက်ထပ်က သိက္ခာရှင်တွေရော အားလုံးလက်အုပ်လေးတွေချီပြီး ဆွမ်းအလှူရှင်တွေ ကိုသာမက ဒီဆွမ်းအလှူဒါနနဲ့ စပ်ဆိုင်သမျှသတ္တ၀ါတွေအားလုံးကိုပါ သံပြိုင်မေတ္တာပို့ကြတယ်။ ၃ ကြိမ်တိုင်တိုင် ရွတ်ပြီးမှ ဆွမ်းဘုန်းကြတယ်။ ကျောင်းတိုက်ဆွမ်းချက်ဆောင်က မနက်တိုင်းမရိုးရအောင် စီစဉ်ပေးတယ်။ မုန့်ဟင်းခါး၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ဆီထမင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုပွဲ စသဖြင့်ပေါ့။ ကျနော်က ကြာဆံကြိုက်သူဆိုတော့ ကြာဆံပဲ နေ့တိုင်းစားချင်နေမိတယ်။ ကြာဆံကြော်နေ့ဆို ၃ ပွဲလောက်စားပစ်တယ်။ တစ်ခုရှိတာက ကိုယ်စားနိုင်သလောက်ယူ၊ အ၀ဘုန်းပေးခွင့်ရှိတယ်။ ဒါပေမယ့် ပန်းကန်ထဲထည့်ပြီးသားမှန်သမျှ အားလုံးကိုကုန်အောင်စားရတယ်။ မကုန်နိုင်မခမ်းနိုင်ထည့်ခွင့်မပေးဘူး။ ထည့်ရင်ထည့်သမျှကုန်ရတယ်။ မကုန် နိုင်ရင် ဒဏ်ပေးတဲ့အနေနဲ့ ညကျရင် တရား ၁ နာရီထိုင်ရတယ်။ ဒါလည်းစည်းကမ်းတစ်ခုပဲ။

ထမင်းစားဆောင်က ပြန်လာရင်တော့ ကိုယ့်ခွက်ကိုယ်ဆေး၊ တခါတလေလည်း သစ်သီးတွေပေးလိုက်ရင် ကိုယ့်အခန်းထဲမှာ ကိုယ့်ဟာကိုယ်စားပေါ့။ အနားယူခွင့်ခဏပေးတယ်။ ဒီအချိန်အတွင်းမှာ စာဝါကျက်ချင်ကျက်၊ ကိုယ့်အခန်းထဲမှာ ခဏလှဲချင်လှဲ၊ သင်္ကန်းတွေသွားရုတ်ချင်ရုတ်၊ စိတ်ကြိုက်လွတ်လပ်ခွင့်ပေးထားတယ်။ ဦးဇင်း တွေလည်း ဒီအချိန် အဆောင်တိုင်းမှာမရှိဘူး။ ၇ နာရီထိုးပြီဆိုတာနဲ့ ကိုရင်တွေအားလုံး အလှည့်ကျ ဆွမ်းခံ ထွက်ရတယ်။ အုပ်စုနှစ်ကြောင်းခွဲပြီးဆွမ်းခံကြတယ်။ ဦးဇင်းကြီးနှစ်ပါးစီ တစ်အုပ်စုစီမှာလိုက်ပါရတယ်။ ရှေ့ဆုံး နဲ့နောက်ဆုံးမှာပေါ့။ မော်နီတာတစ်ယောက်စီပါတယ်။ တစ်အုပ်စုကို အပါး ၃၀ ကနေ ၅၀ လိုက်ခွင့်ရှိတယ်။ မ လိုက်ချင်တဲ့ကိုရင်တွေက ကျောင်းသန့်ရှင်းရေး၊ အခန်းသန့်ရှင်းရေး၊ ကုဋီသန့်ရှင်းရေးတွေ တစ်လှည့်စီလုပ်ရ တယ်။ သိက္ခာရှင်တွေလည်း သန့်ရှင်းရေးလုပ်၊ ကြမ်းတိုက်ပေါ့။

ဆွမ်းခံထွက်တုန်းကပြောရဦးမယ်။ သိပ်ပျော်ဖို့ကောင်းတယ်။ ဆွမ်းခံထွက်တယ်ဆိုရင် ဧကသီကိုလုံနေအောင် ရုံရတာကိုး။ လည်ပင်းအောက်နားမှာ အနားတွေကိုလိပ်ပြီး သေသေသပ်သပ်နဲ့အပြင်ထွက်ရတာ။ လက် ကောက်ဝတ်မှာ အနားကိုကျစ်လုံးပြီး လက်သီးဆုပ်လေးပေါ်ရုံဝတ်ရတယ်။ ကျနော်ကမရုံတတ်ဘူး။ ဦးဇင်းတွေ နဲ့ ရုံတတ်တဲ့ကိုရင်တချို့ကိုပဲ အားကိုးနေရတာ။ ဘယ်လောက်သင်သင် ရုံကိုမရုံတတ်ဘူးဖြစ်နေတယ်။ ကိုယ့် ဟာကိုယ်ရုံပြီးရင် စိတ်တိုင်းကမကျဘူး။ ဘယ်တော့ချောင်ပြီး လမ်းမှာပြေကျမလဲဘဲစိုးနေရတာ။

အစကတော့ ဖိနပ်မစီးဘဲ လမ်းလျှောက်ရတာဆိုတော့ ခြေချောင်းလေးတွေကိုကုပ်ထားပြီး ခဲလုံးကြည့်ရှောင် နေရတာပေါ့။ အောက်ပဲ တစ်ချိန်လုံးကြည့်နေတော့တာ။ နောက်ပိုင်း အသားကျလာတော့မှာ ဘေးဘီဝဲယာ ကြည့်မိတယ်။ မနက်ခင်းနေရောင်လာကာစ နွေးနွေးထွေးထွေးနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ် သက်နေတာပဲ။ လမ်းတစ်လျှောက် ငုဝါပင်တွေ၊ ပျဉ်းမပင်တွေ တစ်ပင်နဲ့တစ်ပင် ပန်းပွင့်ကိုယ်စီ အလှချင်း ပြိုင် နေကြသလားထင်ရတယ်။ အိမ်တိုင်း၊ ခြံတိုင်းကလည်း ခမ်းနားလိုက်ကြတာ။ သူဌေးကုန်းလို့တောင်ခေါ်ရမလို။ တိုက်ကြီးတွေမှဟီးထနေတာ။ လက်ဖက်ရည်ဆိုင်လေးတွေ၊ အကြော်ဆိုင်လေးတွေလည်း လမ်းမှာတွေ့ရတယ်။ ရပ်ကွက်ထဲအနှံ့ဆွမ်းခံကြွရတာကိုး။ အမှန်က ၀ိနည်းတွေထဲမှာ ဆွမ်းခံကြွရင် မျက်လွှာအောက်ချ အရှေ့တည့် တည့် လေးကိုက်အကွာအဝေးကိုပဲ ကြည့်ခွင့်ရှိတယ်။ ကျနော်တို့ ကိုရင်တွေကတော့ ဘယ်ချလိမ့်မလဲ။ ရှေ့ဆုံး ကဦးဇင်း မြင်ရတာမှမဟုတ်တာ။ ဒီတော့ ကြည့်တာပဲ။ ဟုတ်တယ်လေဗျာ ဒီလောက်လှတဲ့ရပ်ကွက်ကို တစ်ခါ မှမှသေချာမရောက်ဖူးတာ။ အခွင့်ရတုန်း အားရပါးရသွားရေကျပစ်လိုက်တယ်။

ခြံအတော်များများရဲ့ရှေ့မှာ ဒကာ၊ ဒကာမတွေက အသင့်စောင့်နေကြတာ။ ဒီအချိန်၊ ဒီရက်တွေဆို သင်တန်း ရက်တွေဆိုတာ တစ်ရပ်ကွက်လုံးသိတယ်လေ။ ဆွမ်းလောင်းဖို့၊ ၀တ္ထုပစ္စည်းကပ်ဖို့တွေနဲ့ အဘွားကြီးတွေ၊ မိန်း ကလေး ငယ်ငယ်ချောချောလေးတွေ၊ ကလေးလေးတွေ။ အလှူရှင်တွေကအရွယ်စုံပါပဲ။ တိုက်တစ်တိုက်ကဆို ရင် မနက်တိုင်းခပ်လှလှကောင်မလေးတစ်ယောက် ဆွမ်းထွက်လောင်းတယ်။ ချိုချဉ်၊ ဂျယ်လီတွေပါ တခါ တလေကပ်တယ်။ အဲ့တိုက်ရှေ့ဆိုရင် ကိုရင်တွေမျက်လုံးတွေက ဘာပြောကောင်းမလဲ ဆုံချက်တစ်ခုထဲမှာ တင် ရပ်နေတော့တာ။ ငရဲတော့ ဘယ်လောက်ကြီးကြလိမ့်မလဲမပြောနဲ့။ အပြစ်တော့မဆိုသာပါဘူး။ လူပျို ပေါက်စ လူငယ်တွေကိုးဗျ။ သင်္ကန်းဝတ်နဲ့ပါလား ဆိုတာတောင် တခါတလေမေ့ချင်ချင်ပါဆိုနေ။ တော်တော်နဲ့ အသားမကျနိုင်ပုံပြောပါတယ်။း)

လှူဖွယ်ရာတွေကတော့ တစ်နေ့တစ်မျိုးမရိုးရပါဘူး။ သပိတ်ထဲ ဆွမ်းလှူတဲ့သူကလှူ၊ နောက်ကတွန်းလှည်းထဲ ကိုဆွမ်းဟင်းလောင်းသူကလောင်း၊ ဂျယ်လီ၊ ဝေဖာ၊ သကြားလုံး၊ သစ်သီးစတာတွေ လောင်းသူကလောင်း၊ တချို့ကလည်း စာရေးသင်ထောက်ကူပစ္စည်းတွေ လှူကြတယ်။ ပေတံ၊ ဘောလ်ပင်၊ စာအုပ်စသဖြင့်ပေါ့။ တချို့ ကျ ၀တ္ထုကပ်တယ်။ စည်းကမ်းအရ သင်္ကန်းဝတ်နဲ့ ပိုက်ဆံမကိုင်ရဘူးလေ။ ဒီတော့အလှူမြောက်အောင် လက် ကလေးနဲ့ပဲ ပိုက်ဆံတွေကိုတို့ပြီး ဘေးက မော်နီတာကိုရင်ကြီးကိုင်ထားတဲ့ ဖလားထဲပြန်ထည့်ပေးရတယ်။ အား လုံးစိတ်ထဲမှာကလိကလိနဲ့ပေါ့။

ကျောင်းပြန်ရောက်ပြီဆိုရင်တော့ စာဝါတက်ချိန်မစမချင်း ရေချိုးကြ၊ သင်္ကန်းတွေလျှော်ကြ၊ ကိုယ့်အိမ်ကပါလာ တဲ့ မုန့်ထုပ်၊ အအေးစတာတွေ စားကြသောက်ကြပေါ့။ ကျနော်ကတော့ ပင်ပန်းလို့ ပါလာတဲ့စာအုပ်တွေ အိပ်ရာ ထဲလှဲပြီးတစ်ချိန်လုံး ဖတ်နေတော့တာ။ စာဂျပိုးတောင်အခေါ်ခံရတယ်။ တခါတလေ လှဲနေရင်းက အိပ်ပျော် သွားလို့ စာဝါတက်ချိန်အုန်းမောင်းခေါက်ရင် မကြားမိဘူး။ အချင်းချင်းနှိုးနှက်သတိပေးမှ ကမန်းကတန်းထ သ င်္ကန်းပြင်ပြီး စတုတ္ထထပ်ကိုပြေးကြရတာ။ ပြီးရင်စာဝါတက်ကြ၊ စာအံကြပေါ့။ စာတွေကလည်း တစ်ခါမှကြားဖူး နားဝရှိတဲ့စာတွေမဟုတ်။ ပြီးတော့ ကျနော်ကတက်တာနောက်ကျတော့ပိုဆိုး။ ဘာတွေမှန်းကိုမသိတာ။ လုံးဝမလိုက်နိုင်ဘူး။ စိတ်၊ စေတသိက်တွေကို သင်္ချာတွက်သလို ခွဲပြရတာ။ နှုတ်တိုက်လည်း ကျက်ရတယ်။ အများ ကြီးမှ အများကြီးပဲ။ သင်တန်းပြီးတဲ့ထိ စာမေးပွဲက လေးကြိမ်ဖြေရမှာ။ ကျနော်က တစ်ကြိမ်လွတ်သွားပြီ။ ဆို တော့.. နောက်သုံးကြိမ်မှာ အတော်လိုက်နိုင်မှ အောင်လက်မှတ်ကရမှာလေ။

စာမေးပွဲတစ်ကြိမ်နားနီးဆို ကျနော်တို့ထုံးစံအတိုင်း ဦးဇင်းတွေကိုဖားကြတာအမော၊ ဘာလုပ်ပေးရမလဲ ဘာ ညာနဲ့ လိမ္မာနေလိုက်ကြတာ။ အဆူခံရတယ်မရှိဘူး။ စာသင်တဲ့ဦးဇင်းတွေ တော်တော်များများကလည်း သ ဘောကောင်းတယ်။ ရယ်ရယ်မောမော ပြောပြောဆိုဆိုနဲ့ပဲ နားဝင်အောင်သင်တတ်ကြတယ်။ ဦးဇင်းအားလုံး ခပ်ငယ်ငယ်တွေပဲ။ သက်တော်အကြီးဆုံး ဦးဇင်းတောင် ၃၈ လောက်ပဲရှိမယ်။ ဆရာတော်တွေကတော့ စာမ သင်ဘူး။ ယဉ်ကျေးမှုသင်တန်းဆိုတဲ့အတိုင်းပေါ့ လူ့ဘောင်၊ ရဟန်းတွေရဲ့ ယဉ်ကျေးမှုတွေအစုံကိုသင်ရတာ။ ရဟန်းဘ၀နဲ့ လိုက်နာအပ်တဲ့စည်းကမ်း၊ ယဉ်ကျေးမှုတွေရောပဲ။ ဒါတွေက ဒီလောက်မခက်ဘူး။ ဘုန်းကြီးစာ သင်ရတဲ့ အဲဒီ ပါဠိစာလုံးခက်ခက်ကြီးတွေကို အမျိုးအစားမရေတွက်နိုင်အောင် ကျက်ကြရတာ။ အစပိုင်းက တ အားစိတ်ကိုညစ်ရော။ နောက်တော့လည်း မကျက်ရင်မဖြစ်ပါလား၊ ကိုယ်ကလည်း နောက်ကျနေတာပဲလေ အောက်မေ့ပြီး ဖိပြီးစာလုပ်ရတော့တာပေါ့။ စာမေးပွဲတိုင်းလိုလိုတော့ ကျနော်ဖြေနိုင်ခဲ့ပါတယ်။ အမှတ်ပြည့် တော့မှတ်မှတ်ရရ တစ်ခါလားပဲရတယ်။

မွန်၊ ကောင်း၊ တော် ဆိုပြီး နောက်ဆုံးသင်တန်းဆင်းရင်ဆုပေးမှာလေ။ ပထမ၊ ဒုတိယ၊ တတိယပေါ့။ သင်တန်း တက်သူအားလုံးကိုတော့ အနည်းဆုံးဆုတစ်ခုတော့ပေးတယ်။ အတန်းအလိုက် ထူးချွန်ရင် ထူးချွန်သလောက် အလှူရှင်တွေကရော၊ ကျောင်းတိုက်ကရော သင်တန်းဆင်းပွဲမှာ ထိုက်ထိုက်တန်တန်ကို ဆုချမှာ။ ကျနော်က တော့မရနိုင်။ သိပြီးသားကိုယ့်ကိုယ်ကို။ အရင်ကငြီးငွေ့ပြီး တစ်ချိန်လုံးအိပ်ငိုက်နေပေမယ့် နောက်ပိုင်းကြာလာ တာနဲ့အမျှ ကျောင်းမှာပျော်လာတယ်။ ဒီလိုစိတ်ပျက်လက်ပျက်နဲ့ မလုပ်ချင်လုပ်ချင် တွန်းလုပ်နေရတာတွေက လည်း ကြာလာတော့ အလေ့တစ်ခုလိုဖြစ်လာတာ။ အသားကျနေပြီ။ သင်တန်းကာလက တစ်လကျော်ကျော်။ ၁၀ ရက်လောက်တက်ရရုံရှိသေး ကျနော်ပျော်နေပြီ။

စနေ၊ တနင်္ဂနွေ ၂ ရက်ပဲ အိမ်ကမိဘ၊ အုပ်ထိန်းသူတွေလာတွေ့ခွင့်ရှိတယ်။ ဒုတိယ နာယကဆရာတော်ရဲ့ အ ဆောင်ရှေ့နားက ရင်ပြင်လိုမျိုးလေးရှိတယ်။ မင်းကွပ်သီးပင်တွေနဲ့ ရိပ်ပြီးအေးနေတာ။ အဲဒီမှာပဲ မိဘတွေနဲ့ တွေ့ခွင့်ပေးထားတယ်။ မေမေကတော့ တစ်ပတ်တစ်ခါလာပါတယ်။ အိမ်ဝေးတဲ့နယ်က ကိုရင်တွေဆိုရင်တော့ မိဘတွေ အမြဲလာမတွေ့နိုင်ဘူးပေါ့။ ဒါမျိုးဆို အချင်းချင်းမုန့်တွေ၊ အအေးတွေဘာတွေ မျှပြီးစားသောက်ကြ တယ်။ သူတို့မျက်နှာငယ်မှာလည်း စိုးတယ်လေ။ ကူညီတတ်တဲ့ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ဓလေ့လေးတွေ ပေါ့။

နေ့လည် ဆွမ်းစားချိန်ဆိုရင်တော့ ကျနော်အပျော်ဆုံးပဲ။း) ဆွမ်းဟင်းတွေကို စုံနေတာ။ ပြောပြလို့တောင် မရ နိုင်လောက်အောင် အမယ်စုံတယ်။ အချိုပွဲကလည်းမရိုးရဘူး။ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေအအေးတိုက်တာ အားလုံးကို အလှူရှင်တွေက တာဝန်ယူတယ်။ သင်တန်းသားမိဘတွေအပြင် တခြားကအလှူရှင်တွေကလည်း အလုအယက်ကိုလှူကြတာ။ သင်တန်းသားတွေကလည်း အများကြီးဆိုတော့ ဆွမ်းနှစ်နပ်နဲ့ အအေးဆိုရင် အကုန်အကျက တော်တော်များတယ်လေ။ ဒါလည်းရက်စေ့မရှိအောင်ကို လှူကြတာ။ တချို့ကတတ်နိုင်သ လောက်ခွဲလှူပေမယ့် တချို့များကျတော့ တစ်ရက်တာလုံးအတွက်လှူတာ၊ နှစ်ရက်ဆက်တိုက် သုံးရက်ဆက် တိုက်လှူတာတွေရှိတယ်။ ရက်ရက်ရောရောပါပဲ။ ဘာမှလိုလေသေးမရှိဘူး။

ဆံပင်တွေနည်းနည်းပြန်ပေါက်တာနဲ့ ကတုံးပြန်တုံးရတယ်။ ဘရိတ်ဓါး၊ ဂျုတ်ကိုယ်စီကလည်း အိမ်က တစ်ခါ တည်း ယူလာခဲ့ရတယ်။ တစ်ပါးချင်းကို ဦးဇင်းတွေကပဲရိတ်ပေးတယ်။ အချင်းချင်းရိတ်ကြရင် ဓါးတွေထိကုန်လို့။ ကိုရင်တစ်ပါးဆိုရင် ကိုယ့်ဟာကိုယ်မှန်ကြည့်ပြီးရိတ်သတဲ့။ အနောက်ပိုင်းမှာ သွေးတွေဖြာထွက်နေတာကို မမြင် ဘူး။ ဦးဇင်းတွေကပဲ ဆေးလိမ်းပြီးပလာစတာကပ်ပေးထားရတယ်။ ခွင့်မပြုဘဲလုပ်ရလားဆိုပြီးတော့ ညဘက် တရားထိုင်လိုက်ရသေးတယ်။

ညနေစောင်းပြီဆိုရင် စာဝါချိန်တွေအားလုံးပြီးသွားပြီ။ ရေချိုး၊ သင်္ကန်းလှန်းဖို့ အချိန်ပေးတယ်။ ပြီးတာနဲ့ အေး အေးဆေးဆေး လုပ်နေလို့မရဘူး။ အုန်းမောင်းထပ်မခေါက်ခင် သင်္ကန်းကိုသေသပ်တင်းကြပ်နေအောင်ရုံပြီး ပင် မဆောင်လှေကားမှာ တန်းစီပြီးသား ဖြစ်နေရတယ်။ တခါတခါဆို ရေချိုးတာကြာသွာလို့ မနည်းမှီအောင်ပြေး ရတယ်။ သင်္ကန်းကို့ရို့ကားယားနဲ့ ပြေးပြီးတန်းစီ။ ဟိုရောက်မှဘေးက ကိုရင်တစ်ပါးပါးကို ဧကသီပြန်ရုံခိုင်းရ တယ်။ သင်းပိုင်ကိုလည်း ဒူးအောက်လက်ရှစ်သစ်ဖြစ်ရသေးတယ်။ အရမ်းတို၊ အရမ်းရှည်ပြန်ရင်လည်း ဒဏ်ပေး ခံရတယ်။ တန်းစီပြီးတော့ ဘုရားရှိခိုးဆောင်ကို တိတ်ဆိတ်စွာနဲ့ အားလုံးကြွကြတယ်။ အဲဒီအချိန်ဆို ကျက်သ ရေအရှိဆုံးအချိန်ပဲ။ အသန့်ရှင်းဆုံးသင်္ကန်းကို သပ်ရပ်နေအောင်ဝတ်ရတယ်။ ဘယ်သူမှစကားတစ်ခွန်းမဆို၊ ဘယ်မှမကြည့်ဘဲ ဣနြေ္ဒရရနဲ့ အဆောင်ကိုကြွကြတယ်။ မင်္ဂလာရှိလွန်းလို့ ညနေတိုင်းလာပြီးမှတ်တမ်းတင်၊ ဓာတ်ပုံရိုက်သူတွေအများကြီးပဲ။

ဘုရားရှိခိုးစောင်ရှေ့မှာ မော်နီတာတွေက ဘုရားရှိခိုးစာအုပ်တွေဝေတယ်။ တစ်ပါးတစ်အုပ်ယူ၊ ဘုရားရှိခိုးခန်း မကျယ်ကြီးထဲမှာ အစဉ်လိုက်နေရာယူပြီး ထိုင်ကြရတယ်။ စကားလုံးဝမပြောရဘူး။ ပြီးရင် ညီညီညာညာနဲ့ ကို ရင်တွေရော၊ အနောက်ဘက်က သိက္ခာရှင်တွေရော မျက်လုံးလေးတွေမှိတ်လို့ ဘုရားရှိခိုးကြတယ်။ အဲဒီအချိန် မှာ ခြေထောက်အညောင်းဆုံးပဲ။ မနက်ပိုင်း ဘုရားရှိခိုးတာထက် အချိန်ပိုကြာလို့။ ပြီးတော့ဆယ်ပါးသီလ ခံယူ ရတယ်။ ဥပစ္ဇျာယ်အနေနဲ့ နာယကဆရာတော်ကြီးက သီလပေးတယ်။ ဆရာတော်ကြီးမရှိရင် ဥက္ကဌဆရာ တော်ကြီးပေါ့။ ဆရာတော်ကြီးနှစ်ပါးစလုံးမအားလပ်ကြတော့မှ ၀ါအကြီးဆုံးဦးဇင်းတစ်ပါးက ပါဠိသံစစ်စစ်နဲ့ သီ လပေးတယ်။ ကျနော်တို့လည်း လိုက်ရွတ်ပြီးခံယူရတယ်။
ခန်းမက ကျယ်ပေမယ့် သင်တန်းသားများတဲ့အတွက် ပူတာ၊ အိုက်တာမရှိရအောင် တရားထိုင်ရာမှာ အနှောင့် အယှက်မဖြစ်ရအောင် ပြတင်းတွေ၊ တံခါးပေါက်တွေ အားလုံးဖွင့်ပေးထားပြီး ခန်းလုံးပြည့် ပန်ကာတွေတပ်ဆင် ထားတယ်။ တရား၁၅မိနစ်လောက် ထိုင်ပြီးရင်တော့ ဆရာတော်ကြီးကတရားဟောတယ်။ မှာကြားစရာရှိတာ တွေ မှာကြားတယ်။ စနေ၊ တနင်္ဂနွေဆိုရင်တော့ ပြင်ပကစာရေးဆရာ၊ ဆရာမတွေ၊ ဒေါက်တာတွေ၊ နာမည်ကြီး ဆရာတော်ကြီးတွေ၊ တက္ကသိုလ်ပါမောက္ခ၊ ကထိကစတဲ့ ပုဂ္ဂိုလ်တွေက ဗဟုသုတရဖွယ်ရာရာတွေ၊ အတွေ့ အကြုံတွေကို ဟောပြောပို့ချဝေငှတယ်။ ဆရာကြီးဦးချစ်ဦးညိုတို့၊ ဒေါက်တာမတင်ဝင်းတို့၊ ယောဆရာတော်၊ အ ရှင်ဆန္ဒာဓိကစတဲ့ စာပေအကျော်အမှော်တွေကလည်း လာရောက်ဟောပြောတယ်။ တခါတလေ ပရဟိတ လူမှု အဖွဲ့အစည်းတွေကပါ လာပြီးမေတ္တာနဲ့ပို့ချပေးတယ်။ အတော့်ကိုအသိအမြင် ဗဟုသုတရတဲ့အပြင် ကိုယ်လေး စားရတဲ့ စာရေးဆရာကြီးတွေကိုပါ ကြုံကြိုက်တုန်း မြင်တွေ့ခွင့်ရခဲ့တဲ့အတွက် ကျနော့်အဖို့တော့ တန်ဖိုးမဖြတ် နိုင်ခဲ့ဘူး။

အားလုံးပြီးသွားပြီဆိုရင်တော့ သင်တန်းသားတွေ အတန်းလိုက်တန်းစီပြီးပြန်ထွက်ကြရတယ်။ အဆင်းလှေကား ရင်းမှာ အအေးကပ်မယ့်အလှူရှင်တွေစောင့်နေကြတယ်။ ကျနော်ကအအေးတောင် ဂျီးများတာဆိုတော့ မကိုက် ဘူး။ Sprite မှသောက်ချင်တယ်၊ သံပုရာရည်မှသောက်လိုတယ်နဲ့။ ဒါပေမယ့် အလှူရှင်တွေ အလှူဒါနမြောက် အောင် ကျနော်တို့လုပ်ပေးရတယ်။ စိတ်ထဲမှာ ဒီဖျော်ရည်ကို မကြိုက်ဘူးဆိုရင်တောင် ကိုယ်အမောအပန်းပြေ သွားတယ်၊ ဒီအအေးဓာတ်က ရင်ထဲကိုရောက်သွားတယ်ဆိုတာကို ဆင်ခြင်ပြီး မေတ္တာပို့ဆုတောင်းပေးပြီးတာနဲ့ မဖြစ်မနေသောက်ရတယ်။ ဒါကိုလည်း ကျောင်းတိုက်ကသင်ကြားပေးထားတယ်။

ဒီလိုမျိုးတန်းစီတာတွေ ဘာတွေဆို မော်နီတာကိုရင်တွေမအားရင် နိုင်ငံခြားသား ဦးဇင်းတွေ စောင့်ပေးလေ့ရှိ တယ်။ ဦးဇင်းတွေက မြန်မာလိုမပီကလာ၊ ပီကလာနဲ့ ကိုရင်တွေကိုထိန်းရတာ အတော်တော့မလွယ်လှဘူး။ စ ကားမှားပြောမိရင် တချို့ကိုရင်တွေက ရယ်ကြသေးတယ်။ သိအောင်တော့ မရယ်ဘူးပေါ့။ ဒါပေမယ့်ဦးဇင်းတွေ အားလုံးအပြောချိုချို၊ သဘောခပ်ကောင်းကောင်းတွေရယ်ပါ။

ညဘက်ဆိုကိုရင်တွေ အခန်းထဲမှာစုပြီး ဆော့ကြတယ်။ ပြောရင်ရာတွေပြော၊ ကစားချင်တာတွေကစားနဲ့ လွတ် လပ်မှုရှိတယ်။ တစ်နေ့တာ လုပ်ဆောင်မှုတွေက ဒါနဲ့တင်မပြီးသေးဘူး။ ညဘက်ရောက်လို့ ၇ နာရီခွဲလောက် ဆိုရင် တစ်ခါအဲဒီခန်းမထဲမှာပဲ ထပ်ပြီးစုကြရသေးတယ်။ သင်္ကန်းတွေကိုတော့ ညနေကလောက် စည်းကမ်းတ ကျ ရုံစရာမလိုဘဲ ကိုယ်သက်တောင့်သက်သာရှိရုံ၊ စည်းကမ်းချက်နဲ့ညီရုံဝတ်ရင်ရပြီ။ ပေါ့ပေါ့ပါးပါးပေါ့။ အဲဒီအ ချိန်က အတော်ရယ်ရတဲ့အချိန်ပဲ။ တစ်နေ့တာ ကိုရင်တွေဘာလုပ်တယ်၊ ဘယ်သူက ဘာအပြစ်လုပ်မိတယ်၊ ဘယ်သိက္ခာရှင်က နေကထိုင်ကိုချထားမိခဲ့တယ်ဆိုတာတွေကို ထုတ်ဖော်ပြီးအပြစ်ပေးတာ။ အဲ့အချိန်ဆို ကျ နော်တို့တွေ ဦးဇင်းပြောမှာကို ရင်တခုန်ခုန်နဲ့ စောင့်နေကြရတာပေါ့။ ကိုယ်များပါမလားဆိုပြီး။

နေကထိုင်တိုင်းရဲ့ ညာဘက်ထောင့်စွန်းမှာ နံပါတ်တွေထိုးထားပြီးသား။ ဘယ်သင်တန်းသားက နေကထိုင်နံ ပါတ် ဘယ်လောက်ဆိုတာလည်း စာရင်းရှိပြီးသား။ နေကထိုင်ကျပျောက်ခဲ့ရင် နေကထိုင်နံပါတ်ကိုကြည့်ပြီး ဘယ်သင်တန်းသားပါဆိုတာ ဖော်ထုတ်အပြစ်ပေးနိုင်တယ်လေ။ ပြီးတော့ သင်္ကန်းလှန်းထားပြီး အချိန်မှီမရုတ်မိ ဘဲ ဒီတိုင်းကြီး အ၀တ်လှန်းစင်မှာ ကျန်ခဲ့တယ်ဆိုရင်လည်း မော်နီတာတွေကသိမ်းပြီး ဘုရားစင်ရှေ့မှာပုံထား တာ။ ပြီးမှ ဘယ်သင်္ကန်းက ဘယ်သူ့ဟာလည်းဆိုပြီး တစ်ယောက်ချင်းခေါ်ထုတ်တာ။ ကိုယ့်သင်္ကန်းမဟုတ်ဘဲ လည်း ဘယ်သူမှထမယူရဲဘူး။ အားလုံးရှေ့ထွက်ပြီး အပြစ်ပေးခံရတာကိုး။ တစ်ညတစ်ည ဒဏ်ပေးခံရတဲ့ ကို ရင်တွေ၊ သိက္ခာရှင်တွေဆိုတာ မနည်းဘူး။ ကျနော်တောင် နှစ်ခါဒဏ်ပေးခံရဖူးတယ်။ အ၀တ်လှန်းစင်မှာ သင်္ကန်းကျန်နေခဲ့တာ၊ မေ့ပြီးသွားမရုတ်မိဘူး။ အပြစ်ကြီးရင်ကြီးသလောက် အားလုံးရှေ့မှာ ဦးဇင်းကြီးက ခေါ် ထုတ်ပြီး အပြစ်တွေကိုရွတ်ပြတယ်။ နောက်မလုပ်မိအောင်လည်းဆုံးမတယ်။ တခါတလေ ဟာသတွေနှောနှော ပြီးပြောတတ်လို့ ရယ်လိုက်ကြရတာ။ ပြီးရင်အဲ့ဒီကိုရင်၊ သိက္ခာရှင်တွေအားလုံး တရားထိုင်ကြရတယ်။ အပြစ်ကြီး လေ အကြာကြီးတရားထိုင်ရလေပဲ။

ဒီလိုနဲ့ပဲ ပျော်ရွှင်ဖွယ်မမေ့နိုင်တဲ့ နေ့ရက်တွေကို ဒီကျောင်းတိုက်ကြီးထဲမှာ ကျနော်တို့ကုန်ဆုံးခဲ့ကြတယ်။ အိပ်စုံ မှုန်မွှား နဲ့ စိတ်မပါဘဲလုပ်ခဲ့ရတဲ့အရာတွေလည်းရှိခဲ့ဖူးသလို မသင်ဖူး၊ မမြင်ဖူး၊ မဖတ်ဖူး၊ မမှတ်ဖူး၊ မကြားဖူးခဲ့ တာတွေလည်း အဖိုးမဖြတ်နိုင်လောက်အောင်လေ့လာခဲ့ရဖူးတယ်။ အသိမိတ်ဆွေ အပေါင်းမသင်း တိုးပွားရုံမ ကဘဲ မိမိတာဝန် မိမိယူတတ်တဲ့ အလေ့လေးတွေလည်းရခဲ့တယ်။ ဒီယဉ်ကျေးမှုသင်တန်းကြီးမှာပဲ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ နေထိုင်ခဲ့ကြဖူးတယ်။ ရောက်လာတုန်းကသာ စိတ်ပျက်အားလျော့စရာတွေလို့ ထင်ခဲ့တဲ့အရာတွေဟာ သင်တန်းပြီးဆုံးရက်နား ကပ်လာလေလေ မခွဲခွါနိုင်လေလေဖြစ်ရပါတယ်။

သင်တန်းဆင်းတဲ့နေ့မှာပေါ့။ ခန်းမထဲမှာ ကိုရင်တွေ၊ သိက္ခာရှင်တွေ၊ မော်နီတာကိုရင်၊ မော်နီတာသိက္ခာရှင် တွေ၊ ဦးဇင်း၊ ဆရာတော်တွေအပြင် မိဘအုပ်ထိန်းသူတွေပါ ခန်းမအပြင်ဖက်မှာ စုံစုံညီညီရောက်နေကြတယ်။ ဆရာတော်ကြီးက ခန်းမအရှေ့တည့်တည့်က ပုလ္လင်ပေါ်မှာထိုင်နေတယ်။ ဆရာတော်ကြီးဘေးက ဘုရားစင် ရှေ့မှာ ဆုပစ္စည်းတွေ၊ လှူဖွယ်ဝတ္ထုတွေပုံလို့။ ဦးဇင်းရဲ့ ဆုနာမည်စာရင်းတွေ၊ တစ်ပါးချင်းစီအလိုက် ချီးကျူးမှု တွေအကြားမှာ ရယ်မောသူမော၊ တွေဝေသူဝေ၊ ရင်ခုန်သူခုန်နဲ့ ထိုင်နေကြတာ။ ဆုရသူတွေ ရှေ့ထွက်ပြီး နေ ရာယူ ဆုလက်ခံတဲ့အချိန်မှာ အားလုံးက လက်ခုပ်တဖြောင်းဖြောင်းနဲ့ အားပေးကြတယ်။ အတန်းအသီးသီးက မွန်၊ ကောင်း၊ တော် ရရှိသွားသူတွေ မျက်နှာပေါ်မှာလည်း အပြုံးကိုယ်စီနဲ့။

အားလုံးပျော်ရွှင်ဟစ်ကြွေးနေကြတယ်။ အမှတ်တရပဲ။ ဆုပေးပွဲမှာ မော်နီတာကိုရင်ကြီးတစ်ပါးက အားလုံးကို နှုတ်ဆက်တဲ့အနေနဲ့ဆိုပြီး ဦးဇင်းတွေကိုအရင်ဦးချလို့ ရုတ်တရက်ထပြီး ရက်ပ်သီချင်းနဲ့ဖျော်ဖြေပါလေရော။ အားလုံးအထိတ်ထိတ်အလန့်လန့်နဲ့ဖြစ်ကုန်ပြီး ကိုရင်ကြီးကို ၀ိုင်းဆွဲထားကြ ရတယ်။ ငရဲကြီးချင် ကြီးပါစေတော့ တဲ့။ သင်တန်းသားငယ်လေးတွေကို ပျော်စေ၊ ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ပါတဲ့။ သူ့ရဲ့မြင့်မားလွန်းတဲ့ သံယောဇဉ်ကို ကျနော်တို့သိမြင်လိုက်ရတယ်။ တခဏတာကျနော်တို့တတွေ ရယ်မောပျော်ရွှင်ခဲ့ကြတယ်။ ဒါပေ မယ့်မကြာလိုက်ဘူး။ အခမ်းအနားပြီးခါနီးတော့ စည်းကမ်းတင်းကြပ်ပြီး အသံသြဇာကောင်းလှတဲ့ အဲဒီဦးဇင်းရဲ့ မှာကြားဆုံးမစကားတွေ ကြားအပြီး၊ အားလုံးမေတ္တာပို့ဆုတောင်းအပြီးမှာ သာဓုသုံးကြိမ်ခေါ်သံနဲ့အတူ သင် တန်းသားတိုင်းရဲ့ ပါးပြင်ပေါ် မျက်ရည်တွေလှိမ့်ဆင်းလာကြတယ်။ နောက်ဆုံးသာဓုခေါ်သံအပြီး တုန်ရင်နေတဲ့ အသံတွေနဲ့အတူ အားလုံးချုံးပွဲချငိုကြတယ်။

သိက္ခာရှင်တွေ အချင်းချင်းပွေ့ဖက်ပြီး ကိုရင်တွေမျက်လွှာအောက်ချလို့ လှိုက်လှိုက်လှဲလှဲငိုကြွေးကြတော့တယ်။ ကျနော့်မျက်ဝန်းမှာလည်း မျက်ရည်တွေစိုလို့။ အပြင်ဘက်က မိဘတွေစိတ်မကောင်းကြ။ မော်နီတာတွေလည်း အားလုံးမျက်ရည်စက်လက်။ ဦးဇင်းတွေကတော့ စိတ်မကောင်းဟန်နဲ့ ခန်းမအပြင်တွေ အသီးသီး ထွက်ကုန် ကြတယ်။ ဆရာတော်ကြီးက အစောကြီးကတည်းက ပြန်ကြွသွားပြီ။ ဦးဇင်းတွေအတွက် နှစ်တိုင်းကြုံနေကျဖြစ် ပေမယ့် သူတို့လည်းတကယ်တော့ ကျနော်တို့လိုငယ်ရွယ်နုနယ်တဲ့ သင်တန်းသားတွေနည်းတူ ခံစားကြရပါ တယ်။ဆရာတိုင်းက တပည့်တိုင်းအပေါ်ထားရှိတဲ့ စေတနာမေတ္တာတွေဟာ နှိုင်းဆလို့မရနိုင်ဘူး။ သံယောဇဉ် ဆိုတဲ့ ကိလေသာ အနှောင်အဖွဲ့က လွတ်မြောက်ဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့ခက်မှန်း အားလုံး သိခဲ့ရတယ်။ သက်ကြီးဝါကြီး ရဟန်းပုဂ္ဂိုလ်တွေတောင် သဘာဝသံယောဇဉ်ကို လွန်ဆန်ဖို့ ခဲယဉ်းလှပါတယ်။ သံဝေဂတွေ၊ စိတ်မကောင်းမှုတွေ ရင်နဲ့မဆန့်တဲ့ကြားက ခုနရွတ်လိုက်တဲ့ သာဓုသုံးကြိမ်ခေါ်သံသာ ကျနော့် နားထဲမှာ ပဲ့တင်ထပ်ကြားယောင်နေမိတော့တယ်။ ။





မှတ်ချက်။ ။ ယခု blog လေးသည် carton bolg မှ ကူးယူ တင်ဆက်ပါသည်... ။ ကျွန်တော်ဘဝ၏ အမှတ်တရအချိန်များအတွက် အမှတ်တရ ဖြစ်စေသော ၄င်း bolg ပိုင်ရှင်အား ကျေးဇူးတင်ပါကြောင်း..။

မော်နီတာကြီး.. ကိုရင် ကိတ္တိ (ကျော်စွာ)