Friday, February 5, 2010

မေတ္တာနှင့် ယှဉ်သော (အပိုင်း - ၂)

ရဲနိုင်ထွန်း တစ်ယောက် ကားမောင်းရင်းနဲ့ စဉ်းစားမိတယ်... စိတ်တွေက ခိုင်ခန့်ဆီမှာ ကျန်ခဲ့တယ်...။

ခိုင်ခန့် နဲ့ သူ အသက် ၁၂ နှစ်လောက်မှာ နွေသင်တန်းတစ်ခုမှာ ဆုံပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်..။ အိမ်ချင်းကလည်း သိပ်မဝေးတော့ တတွဲတွဲနေရင် အခင်ဆုံးသူငယ်ချင်း.. အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်..။ အရွယ်ရောက်လာတော့ တစ်ယောက်ကို တစ်ယောက် တိုင်ပင်ဖော်တွေလို သဘောထားခဲ့ကြတယ်..။ ရည်းစားထားကြတော့လည်း တစ်ယောက်ကို တစ်ယောက် ကူညီခဲ့ကြတယ်...။ ရည်းစားနဲ့ကွဲတိုင်းလည်း တစ်ယောက်ကို တစ်ယောက် အားပေးခဲ့ကြတယ်..။ နောက်တော့ ခိုင်ခန့် နိုင်ငံခြား မသွားခင် တစ်နှစ်လောက် အလိုမှာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းထက် ပိုတဲ့ သံယောဇဉ်ရှိနေတယ်ဆိုတာ ဝန်ခံခဲ့ကြတယ်..။ ငယ်ငယ်ကတည်းက တူတူသွား တူတူစား နေခဲ့တဲ့ သူငယ်ချင်းတွေမို့ သူတို့နှစ်ယောက်ကို မိသားစုတွေက အရမ်းချစ်ကြတဲ့ သူငယ်ချင်း တွေ အဖြစ်ကလွဲလို့ ဘာမှ အထွေအထူး သဘောမထားခဲ့ကြဘူး..။ ပြီးတော့ မိသားစု နှစ်ခုလည်း သူတို့ နှစ်ယောက်ကို အကြောင်းပြုပြီး ရင်းနှီးခဲ့ကြတယ်..။ သူတို့ နှစ်ယောက်အတွက် ကျောင်းတက်တာက အစ အစစ အရာရာ တူတူ တိုင်ပင်ခဲ့ကြတယ်..။

ရဲနိုင်ထွန်း သက်ပြင်းချမိတယ်..။ ၃ နှစ်လုံးလုံး ခွဲနေခဲ့ရတဲ့ သူငယ်ချင်း ချစ်သူ ပြန်ရောက်လာတာ ဝမ်းသာပေမယ့် သူတို့ နှစ်ယောက် အတွက် အပြောင်းအလဲ တစ်ခု ရှိနေခဲ့တယ်ဆိုတာကို သူ ခိုင်ခန့်ကို ဘယ်လို ပြောရပါ့မလဲ..။ တကယ်တော့ သူတို့ နှစ်ယောက်လုံး အတွက် နှစ်ဖက် မိသားစုက အစီအစဉ်တွေ ရှိနေပြီးသားဆိုတာကို ခိုင်ခန့် တစ်ယောက် သိခဲ့ရင်............။

------------------------------------------------

ခိုင်ခန့် နိုးလာတော့ ညနေ စောင်းနေပြီ..။ အခန်းထဲက ထွက်လာတော့ အမေ့ကို ဧည့်ခန်းထဲမှာ တွေ့လိုက်တယ်..။ ညီလေးနဲ့ ညီမလေးက ခြံထဲမှာ ကြက်တောင်ရိုက်နေကြတယ်..။

“ဟော.. သားကြီးတောင် နိုးလာပြီ..။ သား. ရေချိုးလိုက်ဦး...။ လဘက်ရည်သောက်မယ် မဟုတ်လား..။ အမေ ပြင်လိုက်မယ်..။ ကိုရဲ ညနေ ထမင်းစားချိန် ရောက်မယ်လို့ ခုနက ဖုန်းဆက်တယ်..။ သား အဖေလည်း တော်ကြာရောက်မယ်..။ သားရေချိုးပြီးရင် သားပစ္စည်းတွေ နေရာချတာပေါ့..။ ”

ခိုင်ခန့် မိခင်. ဒေါ်မိမိခင် ပြောပြောဆိုဆို မီးဖိုခန်းထဲ ဝင်သွားတယ်.. ခိုင်ခန့်လည်း အခန်းထဲ ပြန်ဝင်ပြီး ဗီရိုထဲက သဘက်သွားယူလိုက်တယ်..။ ဗီရိုထဲမှာလည်း သူမသွားခင်က အတိုင်း အားလုံးရှိနေတယ်..။ သဘက်ကတော့ အမေတို့ ပြန်လဲထားပေးတာထင်တယ်..။ ခိုင်ခန့်တို့ မောင်နှမတွေ ကံကောင်းတယ်လို့ပြောရမယ်..။ အဖေက အလုပ်ကြိုးစားသလို အိမ်အတွက် လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ်..။ အမေကလည်း အိမ်ထောင်ထိန်းတော်သလို သားသမီး တွေအတွက် သိတတ်တဲ့ မိခင်တစ်ယောက်ပါ..။ မိဘနှစ်ပါးလုံးက သားသမီး ၃ ယောက်လုံးကို ဆိုဆုံးမတတ်သလို နေရာတကာ ဝင်မပါပဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် လုပ်ပိုင်ခွင့်ပေးထားတယ်..။ ပြောရရင် ဒီမိုကရေစီရှိတဲ့ မိသားစုပေါ့..။

ခိုင်ခန့် ရေပန်းအောက်ကို ဝင်လိုက်တယ်..။ ရန်ကုန်က ရေအေး ကိုယ်ပေါ်ကျလာတော့ လန်းဆန်းသွားတယ်..။ ရေချိုးရင်းနဲ့ ရေချိုးခန်းထဲကို သေချာကြည့်လိုက်မိတယ်..။ အမေ ကျွန်တော် သုံးနေကြ ဆပ်ပြာနဲ့ တခြား အသုံးအဆောင်တွေ အားလုံး ပြင်ထားတာပဲ...။ ဒီရေချိုးခန်းက ကျွန်တော် တစ်ယောက်ပဲ သုံးတာလေ..။ ပြောရရင်တော့ အိမ်အောက်ထပ်ကို ကျွန်တော် ပိုင်တယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော့် အိပ်ခန်းက အိမ်အောက်ထပ်မှာလေ..။ ကျန်တဲ့ အိမ်သားတွေက အိမ်ပေါ်ထပ်မှာ နေကြတာလေ..။ မချိုနဲ့ ဦးမောင်တို့ လင်မယားက ခြံထဲက သူတို့ အဆောင်လေးမှာ နေကြတယ်..။ ဒီတော့ အိမ်အောက်ထပ်က ကျွန်တော် စိတ်ကြိုက်မင်းမူတဲ့ နေရာပေါ့..။

ရေချိုးပြီးထွက်လာတော့ အမေ နှပ်ထားတဲ့ လဘက်ခြောက်နံ့လေးက လူကို ပိုလန်းသွားအောင် လုပ်ပေးလိုက်တယ်..။ အဝတ်အစားကိုတော့ လွတ်လွတ်လပ်လပ်ဖြစ်အောင် တီရှပ်နဲ့ ဘောင်းဘီ တိုပဲ ဝတ်လိုက်တယ်.။ ထမင်းစားခန်းခန်းဘက်ကို ဝင်လာတော့ အမေက လဘက်ရည်နဲ့ ကိတ်မုန့်ခြောက် ပြင်ထားပေးတယ်..။ စားပွဲမှာ ထိုင်လိုက်တော့ အငယ်နှစ်ယောက်လည်း ဝင်လာကြတယ်..။ ဒီအချိန်က ညနေ လဘက်ရည်ချိန်လေ..။ သားအမိလေးယောက်နေရာယူလိုက်တော့ မတွေ့ရတာ ၃ နှစ်ရှိနေပြီဖြစ်တဲ့ မိသားစု မြင်ကွင်းလေးကို ပြန်မြင်လိုက်ရတယ်..။

“ကိုကြီး.. ညီမလေး အတွက် ဘာပါလာလဲ လို့.. မနက်ကလည်း ညီမလေးကို ပြန်မဖြေဘူး.... တခါတည်း သူ့ ကိုရဲ နဲ့ပဲ အခန်းထဲမှာ တိုးတိုး လုပ်နေတော့တာပဲ...။”

“ပါလာပါတယ် ညီမလေးရယ်.. ကိုကြီး ညီမလေးကြိုက်တာတွေ ဝယ်ခဲ့တယ် ဟုတ်ပြီလား.. ပြီးရင် ကိုကြီး အထုတ်တွေ ဖြည်ရင် ပေးမယ်လေ..”

“ ညီလေးဖို့ရော ဘာပါလာလဲ.. ”

“ပါ, ပါတယ် ငါ့ညီရာ.. ”

“ကဲ ကဲ မောင်နှမတွေ လဘက်ရည်သောက်ပြီး လုပ်စရာ ရှိတာ လုပ်ရမယ်..”

ကျွန်တော်တို့ လဘက်ရည်သောက်ပြီးတော့ ကျွန်တော့် အခန်းဘက် ထွက်လာခဲ့ကြတယ်..။ အခန်းထဲရောက်တော့ အထုတ်တွေကို ဖြည်ကြတယ်..။ ကျွန်တော့်ကပဲ လက်ဆောင်တွေ အထုတ်ထဲက ရှာပြီး ပေးလိုက်တယ်..။

ညီမလေးနဲ့ ညီလေး အတွက် ကျောင်းမှာ သုံးဖို့ နားကြပ် တစ်ယောက် တစ်ချောင်း.. (ဆေးကျောင်းတက်နေကြတာလေ..).၊ ပြီးတော့ ညီမလေးအတွက် ဖန်စီ ကြိုးလေးတစ်ကုံး ညီလေးအတွက် နာရီ တစ်လုံး.. အမေနဲ့ အဖေအတွက်လည်း နာရီ တစ်စုံဝယ်ခဲ့တယ်..။ အမေ့အတွက် သီးသန့်အဖြစ်.. Lancome ရေမွှေးတစ်ပုလင်း..။ သူတို့ ပြီးတော့ မချိုနဲ့ ဦးမောင်တို့ လင်မယားအတွက် လက်ဆောင်တွေကိုလည်း ပေးလိုက်တယ်..။

လက်ဆောင်တွေ ဝေခြမ်းပြီးတော့ ကျွန်တော့် ပစ္စည်းတွေ နေရာချတယ်..။ အငယ် နှစ်ယောက်ကတော့ သူတို့အတွက် ရပြီးပြီးဆိုတော့ ထွက်သွားကြပြီ..။ အမေကပဲ ကျွန်တော့ကို ကူပြီး ပစ္စည်းတွေ သိမ်းပေးတယ်လေ..။ သိပ်မများပါဘူး..။ အကျီ`င်္ သေတ္တာ နှစ်လုံးနဲ့ ဖိနပ် အိတ် တစ်လုံးပဲလေ..။ ဖိနပ်က အားလုံးပေါင်း ၈ ရံ..။ ဒါတောင် များနေမှာ စိုးလို့ ထားခဲ့တာ...။

ကျွန်တော့် ပစ္စည်းတွေ နေရာချပြီးတော့ ညနေ ၆ နာရီခွဲနေပြီ...။ အမေလည်း အဖေပြန်လာခါနီးပြီမို့ ညနေစာအတွက် ပြင်ဆင်ဖို့ ထွက်သွားတယ်..။ ကျွန်တော်လည်း အခန်းထဲမှာနေခဲ့ပြီး laptop နဲ့ သီချင်းနားထောင်နေလိုက်တယ်..။ ခဏကြာတော့ တံခါးခေါက်သံကြားလို့ တံခါးဖွင့်လိုက်တော့ သူ... ကိုရဲ..။

“ဘာတွေ တွေးပြီး ငြိမ့်နေတာလဲ..”

ပြောပြောဆိုဆို သူကျွန်တော့် အခန်းထဲကို ဝင်လာတယ်..။ ကျွန်တော်လည်း အခန်းတံခါးကို လော့ချပြီး သူနောက်လိုက်လာခဲ့တယ်..။ သူ စာကြည့်စားပွဲမှာ ဝင်ထိုင်လိုက်တယ်..။ ကျွန်တော်လည်း စားပွဲဘေးက ကုတင်ပေါ်မှာ လှဲအိပ်လိုက်တယ်..။

“ခိုင်ခန့်... ဒီ ၃ နှစ်မှာ တော်တော် ပင်ပန်းမှာနော်.. ကျောင်းလည်းတက်.. အလုပ်လည်းလုပ်ဆိုတော့..”

“ဒီလိုပါပဲကွာ.. ငါ လုပ်ချင်တာ လုပ်ရမယ်ဆို ဘာပဲ လုပ်လုပ် အဆင်ပြေအောင် ငါလုပ်တယ်..။ မင်းသိပါတယ်..”

“အေးပါကွာ.. မင်းထွက်သွားတဲ့နေ့က ငါ လိုက်မလို့နိုင်တာကို နားလည်ပေးပါကွာ..။ မင်းထွက်သွားတဲ့နေ့ကတည်းက ငါ အဖော်ဆိုတာလည်း မရှိတော့သလို တိုင်ပင်ဖော်လည်း မဲ့သွားခဲ့တာ.. ခု ငါ အရမ်းပျော်တယ်သိလား... ငါ့မှာ ပြောစရာတွေ အများကြီး ရှိတယ်...။ မင်း ဖုန်းဆက်တိုင်း ငါ ရင်တွေ ခုန်ခဲ့သလို မင်းပိုက်ဆံ ကုန်မှာစိုးလို့ အများကြီး မပြောနိုင်ခဲ့ဘူး..။ ဒီနေ့ည မင်းနဲ့ အတူနေရင် စကားတွေ အများကြီး ပြောကြမယ်..။ မနက်ဖြန် ငါ အလုပ်မသွားဘူး..။ အိမ်ကိုလည်း ပြောခဲ့တယ်....”

“မင်း တကယ်ပြောတာနော်.. ပြီးမှ ကိစ္စရှိလို့ ဆိုပြီး ထပြန်လို့ကတော့ အတွေ့ပဲ..”

“အေးပါကွာ.. ခုချိန်ကစပြီ ဒီ တလလုံး ငါ့ကို မင်းပိုင်တယ်.. ကျေနပ်ပြီလား..”

သူ ကျွန်တော့်ဘေးက နေရာမှ ဝင်လှဲလိုက်တယ်..။ ကျွန်တော် သူ့ခါးကို ဖက်ထားလိုက်တယ်..။ တစ်ယောက်ကို တစ်ယောက် ကြင်နာမှုတွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့ကြတယ်..။ သူ့ရင်ခွင်ထဲကို ကျွန်တော် ခေါင်းထည့်ပြီး ငြိမ်ငြိမ်လေးနေနေလိုက်တယ်..။ သူရဲ့ နူးညံ့တဲ့ နှုတ်ခမ်း အစုံ ကျွန်တော့် နဖူးပေါ်ကျလာတယ်..။

“ခိုင်ခန့်ရယ်..........”

သူ ကျွန်တော့်နာမည်ကို တိုးတိုးလေး ညီးလိုက်တယ်..။ ကျွန်တော် သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်တယ်..။

“ကိုကြီး အဖေ ပြန်ရောက်ပြီ.. ”

တံခါးခေါက်သံနဲ့ အတူ ညီမလေးရဲ့ အသံကြားလိုက်ရတယ်..။ ကျွန်တော်တို့နှစ်ယောက် ကုတင်ပေါ်ကနေ ထလိုက်ကြတယ်..။ အခန်းတံခါးဖွင့်ခါနီး သူ့ပါးကို ကျွန်တော့် နှုတ်ခမ်းနားတိုးပေးလိုက်တယ်..။ ကျွန်တော် အလိုက်သိစွာနဲ့ အနမ်းတပွင့် ခြွေပေးလိုက်တယ်.။

အခန်းပြင်ရောက်တော့ ကျွန်တော် အိမ်ပေါ်ထပ်ကို တက်လာခဲ့တယ်..။ အဖေ ကျွန်တော့်ကို ကြည့်ပြီး..

“သားကြီး... မင်း အဆင်ပြေရဲ့လားကွ.. ခရီးဝေးက ပြန်ခဲ့တော့ အိမ်ကို တော်တော် လွမ်းမှာပဲကွာ.. ငါ့သားပြန်လာတော့ အဖေ အားရှိပြီ... အဖေ့ အလုပ်တွေ မင်း ဝင်လုပ်တော့မယ်ပေါ့..။”

ကျွန်တော် ဘာမှ မပြောဘဲ ပြုံးနေလိုက်တယ်..။ ကျွန်တော် အိမ်အောက်ဘက် ပြန်ဆင်းလာတော့ ကိုရဲကို ထမင်းစားခန်းထဲမှာ ကျွန်တော့် အငယ်နှစ်ယောက်နဲ့ အတူ စကားကောင်းနေတာကို တွေ့လိုက်တယ်..။ ကျွန်တော်လည်း ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်တယ်.. ခဏနေတော့ မချို ထမင်းပွဲပြင်တော့ ကျွန်တော်တို့ ဝိုင်းကူပြီး ပြင်ဆင်ပြေလိုက်တယ်..။ အဖေနဲ့ အမေ အိမ်ပေါ်ထပ်က ဆင်းလာတော့ ကျွန်တော်တို့တွေ နေရာယူလိုက်တယ်..။ အဖေက အိမ်ဦးခန်းနေရာဘက်မှာထိုင်တယ်..။ ကျွန်တော်က ထုံးစံ အတိုင်း အဖေ့ညာဘက်မှာ ထိုင်တယ်..။ အမေက အဖေ့ဘယ်ဘက်မှာ ထိုင်တယ်... ညီလေးက အရင်က ကျွန်တော့်ဘေးမှ ထိုင်ပေမယ့် ခု ကိုရဲရှိနေလို့ စားပွဲထိပ်မှာ ထိုင်တယ်.. ညီမလေးကတော့ အမေ့ဘေးမှာပဲ..။

ထမင်းစားသောက်ရင်းနဲ့ပဲ ကျွန်တော်တို့တွေ စကားဆက်ပြောဖြစ်ကြတယ်..။

“သားကြီး.. ဟိုမှာ အဆင်ပြေရဲ့လား...”
“ဟုတ် ပြေပါတယ် အဖေ.. ”
“မင်း သင်ချင်တဲ့ ပညာလည်း သင်ခဲ့ပြီးပြီဆိုတော့ အဖေ့ ကုမ္ပဏီမှာ မင်း လုပ်နိုင်ပြီထင်တယ်..။”
“အဖေ.. သား ဟိုကိုပဲ ပြန်သွားမှာ.. ဟိုမှာလည်း အစစ အရာရာ အခြေကျနေပြီလေ..။ ပြီးတော့ အလုပ်မှာလည်း အရာရှိဖြစ်နေပြီဆိုတော့ သား ဟိုကိုပဲ ပြန်သွားချင်တယ်..”
“သားကြီး.. အိမ်က အခြေအနေကိုလည်း မင်းသိပါတယ်.. မင်းညီနဲ့ ညီမက ခုကျောင်းတက်နေတုန်းလေ. အဖေ လူယုံတစ်ယောက် လိုတယ်.. အဖေ့ကို ကူညီပြီး ကုမ္ပဏီမှာ ဦးစီးပေးမယ့်သူ လိုတယ်..။ မင်း ပြန်လာမယ်ဆိုလို့ အဖေ အားတက်သွားတာ.. အေးလေ.. စဉ်းစားပေါ့ အချိန်တွေ ရှိပါသေးတယ်..။ ဒါနဲ့ မင်း ဘယ်လောက်နေမှာလဲ သားကြီး..”

“တစ်လ အဖေ..”

“အော် ငါ့သားက ၃ နှစ်ခွဲသွားပြီး ပြန်လာတော့လည်း တစ်လပဲ နေမယ်ဆိုတော့ အလည်သက်သက်လာတာပဲပေါ့..”

ကျွန်တော် ဘာမှ ပြန်မပြောမိ..။ အဖေ စိတ်မကောင်းဖြစ်သွားတာတော့ သိသာပါသည်.။ ကျွန်တော်တို့ ထမင်းစားပွဲလေး တိတ်ဆိတ်သွားတယ်..။ ထမင်းစားပြီးတော့ အဖေနဲ့ အမေ အိမ်ပေါ်ထပ် ပြန်တက်သွားတယ်..။ ညီလေးနဲ့ ညီမလေးလည်း စာလုပ်စရာရှိတာမို့ သူတို့လည်း သူတို့ အခန်းတွေဆီ ဝင်သွားကြတယ်..။ ခဏကြာတော့ အဖေနဲ့ အမေ ဘုရားရှိခိုးသံကြားလိုက်ရတယ်...။ ကျွန်တော်နဲ့ ကိုရဲလည်း အညောင်းပြေလမ်းလျှောက်ဖို့ အပြင်ထွက်ခဲ့ကြတယ်..။

လမ်းလေးက ညဘက်မို့ ပိုပြီးဆိတ်ငြိမ်နေတယ်.. လမ်းမှာ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတယ်..။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်ကိုင်းရင်း လျှောက်လာခဲ့ကြတယ်..။

“ခိုင်ခန့်.. မင်း တကယ် ပြန်သွားမှာလား..”
“အေးလေ.. ငါ မနက်က ပြောတယ်လေ.. ပြန်သွားမှာပါဆို..”

ကိုရဲ ဘာမှ ပြန်မပြော.. လမ်းကလေးကလည်း တိတ်ဆိတ်နေတာ ပိုးကောင်လေးတွေ အော်သံကလွဲလို့ ဘာမှ မကြားရ..။ ကျွန်တော်တို့ လမ်းလျှောက်ရင်း လမ်းထိပ်က ပန်းခြံထောင့်က ခုံတန်းလေးတစ်ခုမှာ ထိုင်လိုက်ကြတယ်..။ ကျွန်တော် သူ့ပုခုံးကို ခေါင်းတင်ပြီး မှီလိုက်တယ်..။ သူ ကျွန်တော့် ပုခုံးကို ပြန်ဖက်ထားလိုက်တယ်..။

“ခိုင်ခန့်ရယ်..”
“ပြောလေ ကိုရဲ...”
“....................”
“ကိုရဲ မင်းမှာ ဘာပြောစရာရှိနေလဲ.. ပြောစရာ တခုခု ရှိနေတယ်ထင်တယ်..”
“ဘာမှ မဟုတ်ပါဘူးကွာ..”
“ဘာမှ မဟုတ်ရင် တိတ်တိတ်နေ..”

နောက်တော့ သူ ကျွန်တော့်လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်တယ်..။ ဘာမှ ဆက်မပြောဖြစ်ကြဘဲ ထိုင်နေလိုက်ကြတယ်..။

-----------------------