Monday, June 8, 2009

လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (၂)

ရုံးဖယ်ရီပေါ်မှာ သီချင်းနားထောင်ရင်းနဲ့ စိတ်က အတွေးမပြတ်ဖြစ်နေလေရဲ့ ... ကားလမ်းကလည်း ဒူဘိုင်းထုံးစံအတိုင်း Traffic Jump ဖြစ်နေတော့ ရန်ကုန်က အကြောင်းကို ဆက်စဉ်းစားဖြစ်တယ်..။ အလုပ်လုပ်တဲ့ လေဆိပ်ရောက်ဖို့က နောက် ၁ နာရီလောက် ကားစီးရမယ်..။

888888

ကျွန်တော် စံရိပ်ငြိမ်ကို ရောက်တော့ မနက် ၇ နာရီ ထိုးပြီးပြီ...။ ဒီနေ့တော့ သူ လမ်းထိပ်မှာ ထွက်စောင့်နေတယ်..။
“ တော်သေးတာပေါ့.. နောက်ကျမယ် ထင်နေတာ..”
“လာနေကျ အချိန်ပဲလေ.. လပြည့်ရဲ့”
“ ဘာစားပြီးပြီလဲ..”
“ကျောင်းရောက်မှ စားနေကျ...”
“လာလေ... ဒါဆို သွားမယ်.. ရှမ်းအိုးစည်ပဲ သွားမှာလား..”
“ ဘာလဲ.. လပြည့်က ရှမ်းခေါက်ဆွဲ ကြိုက်လို့လား..”
“အင်း.. ဒါပေမယ့် မင်းစားတာ စားမယ်...”
“ကဲ ဒါဆိုလည်း ရှမ်းအိုးစည်ကို ပဲ သွားမယ်.... နေပါဦး.. ဒီနေ့ လေကျင့်ခန်းမလုပ်ဘူးလား”
“ဒီနေ့ မလုပ်တော့ဘူး.. မင်းကို စောင့်ချင်လို့ ထွက်စောင့်နေတာ..”
“ရပါတယ်ကွာ.. ငါက ဆုံနေကျနေရာမှာ မင်း စောင့်နေမယ်ထင်နေတာ..”
“ဦးဆုံးတော့ စောင့်မလို့ဘဲ.. ဒါပေမယ့် မင်းကို လာကြိုချင်လို့...”
“လပြည့်.. ငါ မေးမယ်နော်.. စိတ်မဆိုးနဲ့..”
"ဘာမေးမလို့လဲ.."
"မင်းနဲ့ ငါက မနေ့ကမှ လူချင်းရင်းနှီးတာလေ.. ဘာလို့ မင်းက ငါ့ကို အရမ်း ဂရုစိုက်နေတာလဲ.."
"ငါ့မှာ သူငယ်ချင်းမရှိဘူးလေကွာ.. ဂရုစိုက်စရာသူငယ်ချင်းဆိုလို့ မင်းပဲ ရှိတာလေ.. ပြီးတော့ ငါ့ကို ဂရုစိုက်မယ့် သူကလည်း မင်းပဲလေ..."
"မင်းက ရည်းစားမရှိဘူးလား..."
"ရည်းစားမရှိမှ မင်းကို ခင်ရမှာလား.."
"အဲလို ပြောတာ မဟုတ်ပါဘူး.. မင်းက ဂရုစိုက်ရမယ့်သူမရှိဘူးဆိုလို့ပါ.."
"ငါ ရန်ကုန် မလာခင်ကမှ ငါ့ရည်းစာနဲ့ ငါ ပြတ်သွားတာ.."
"အော်..."
"ဘာလို့လဲ လို့ မမေးတော့ဘူးလား..."
"မမေးချင်ပါဘူး... မေးလို့လည်း မကောင်းဘူးလေ... ငါက သူများ ကိုယ်ရေးကိုယ်တာတွေကို စပ်စုတာမကြိုက်ဘူး.."
"အေးပါ... ကောင်းပါတယ်.. မင်းမမေးတော့လည်း ငါ မပြောတော့ပါဘူး..."
ကန်ဘောင်ရောက်တော့ နှစ်ယောက်သား တိုင်ပင်ထားတဲ့ အတိုင်း ရှမ်းအိုးစည်မှာပဲ မနက်စာ စားကြတယ်..။
"လမင်း... မင်း ဒီနေ့ ၁၀ နာရီခွဲမှာ အတန်းပြီးမှာနော်.."
'အင်းလေ.. ဘာဖြစ်လို့လဲ.."
"ငါလည်း BC မှာ member ဝင်ချင်တယ်... မင်းသွားရင် ငါလည်းလိုက်လို့ရတာပေါ့.. ပြီးတော့ မင်းတက်တဲ့ သင်တန်းတွေလည်း ငါလိုက်တက်ချင်တယ်.."
" BC မှာ member ဝင်တာ ပြဿနာမရှိပါဘူး.. ဒေါ်လာ ၂၀ ရှိရင် ရပါတယ်.. သင်တန်းတွေကတော့ ခုမမီတော့ဘူး... နောက်လကုန်အထိ မင်းလိုက်တက်လို့ရမှာ မဟုတ်ဘူး... အကုန်လုံးက on the way ပဲ.."
" ဒါဆို ငါ့ကို ဒီနေ့ BC လိုက်ပို့.. ငါ member လိုက်ဝင်မယ်.. ဘာယူခဲ့ရဦးမလဲ.."
"ဓာတ်ပုံ တစ်ပုံ ယူခဲ့..ကျောင်းသားကဒ်တို့ မှတ်ပုံတင်လည်း ယူခဲ့.."
"ပြီးရော.. ဒါဆို သင်တန်းပြီးရင် ဆုံမယ်... ခု ငါသွားပြီ.. ဖေဖေ့ဆီမှာ ပိုက်ဆံသွားတောင်းလိုက်မယ်..."
ပြောပြောဆိုဆို လပြည့်မောင်ထွက်သွားတယ်..။ ကျွန်တော်လည်း အတန်းဘက်ကို လမ်းလျောက်ရင်း သူ့အကြောင်းကို တွေးမိတယ်..။ ဘာလို့များ မနေ့ကမှ ခင်တဲ့ ကျွန်တော့်ကို ဒီလောက် ဂရုစိုက်နေရတာလဲလို့ပေါ့..။ ပြီးတော့ သူ့မျက်ဝန်းက အရင်ကထက်ပိုပြီး အရောင်တွေတောက်ပနေတယ်... သူနဲ့ စကားပြောလို့ သူကြည့်လိုက်ရင် ကျွန်တော် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်ဖြစ်နေတယ်...။ ကောင်းသော တွေ့ဆုံခြင်းဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်မိပါတယ်..။ အပေါင်းအသင်းမရှိတဲ့ ကျွန်တော့်အဖို့ သူ.. အဖော်ကောင်းတစ်ယောက် ဖြစ်မှာပါ...။
အတန်းပြီးတော့ ကျွန်တော့် အတန်းဖော်တွေနဲ့ လဘက်ရည်ဆိုင်ထိုင်ဖြစ်တယ်..။ သူစောင့်နေမှန်း သိပေမယ့် သင်တန်းကိစ္စ စကားပြောစရာရှိလို့ မထိုင်လို့ မဖြစ်တာနဲ့ ထိုင်လိုက်တယ်...။ လဘက်ရည်ဆိုင်က ထွက်လာတော့ ကမ္ဘောဇဘဏ်ရှေ့မှာ သူ့ကို မတွေ့...။ သူ နောက်ကျတယ်ထင်မိတုန်းရှိသေးတယ်.. ကျွန်တော့် ရှေ့ကို ကားနက်ကလေး တစ်စီးစိုက်လာတယ်..။
"တီ...တီ.."
"လမင်း.. ကားပေါ်တက်..."
ကျွန်တော် နည်းနည်းကြောင်သွားတယ်..။ ဒါပေမယ့် ကျွန်တော် ကားပေါ်ကို တက်လိုက်တယ်..။
"ဆော်ရီး.. လမင်းရာ... ငါ နည်းနည်းနောက်ကျသွားတယ်.. ကားယူဖို့ စောင့်နေတာနဲ့.."
"ရပါတယ်.. ငါလည်း ခုနလေးကမှ ရောက်တာ..."
ပြောပြောဆိုဆို သူ့ကားလေးက ခရီးစလိုက်တယ်...။ သူ ကားမောင်းတာ တည်ငြိမ်တယ်... ပြီးတော့ ကားထဲမှာ စိုင်းထီးစိုင်ရဲ့ အချစ်က မင်းအနားမှာ ဆိုတဲ့ သီချင်းကို ဖွင့်ထားသေးတယ်...။ သူက စိုင်းထီးစိုင်ကို ကြိုက်တယ်တဲ့...။ ရန်ကုန်ဆေးရုံကြီးနားရောက်တော့ သူလမ်းမေ့သွားတယ်ထင်တယ်... ဘယ်သွားရမှန်းမသိဘူးဖြစ်နေတယ်...။ ကျွန်တော်ကပဲ..
"ကဲ လပြည့်... ကမ်းနားလမ်းကို ဆက်မောင်း ပြီးရင် ဘယ်ကွေ့... ဟုတ်ပြီလား.."
"အေး... ဒါ ငါ ရန်ကုန်မှာ ကားမောင်းတာ ပထမအကြိမ်ပဲ.. မန္တလေးမှာတော့ မောင်းနေကျဆိုတော့ ပြဿနာမရှိဘူး.."
"အော်... "
ငါ ကားမမောင်းတာ ၆ လရှိပြီ.. ဖေဖေက မလွှတ်ဘူးလေ.. ခုတောင် မနည်းတောင်းပန်ပြီးယူလာရတာ... ဘာမှ မဖြစ်စေရပါဘူးလို့ အကြိမ်ကြိမ် ဂတိပေးပြီးမှ လွှတ်တာ.. စိတ်မချဘူးတဲ့..."
"အေးပေါ့.. မောင်းနေကျမှ မဟုတ်တာ.. ပြီးတော့ ရန်ကုန်ကားတွေက အမောင်းကြမ်းတယ်...လမ်းတွေကလည်း ရှုပ်တယ်... ငါတော့ စိတ်ရှုပ်မခံနိုင်လို့ အရေးမကြီးရင် ဘတ်စ်ကားနဲ့ပဲ သွားတယ်.."
"မင်း.. ကားမောင်းတတ်တယ်ပေါ့.."
"အေးလေ.. ရန်ကုန်သားပါကွ.. ၁ဝ တန်းကတည်းက မောင်းတတ်တယ်.."
"ဒါဆို အပြန် မင်းမောင်းပါကွာ.."
"မောင်းချင်ပါဘူးကွာ... ငါ့ကြောင့် တစ်ခုခု ဖြစ်ရင်မကောင်းဘူးလေ... ငါ မလျော်နိုင်ဘူးကွ.."
ပြောပြောဆိုဆို ကမ်းနာလမ်းမီးပွိုင့်မှာ မီးနီကို သူဖြတ်မောင်းလိုက်မိတယ်.. ခရာသံနဲ့ အတူ ယာဉ်ထိန်းရဲတစ်ယောက် ထွက်တားတာတွေ့လိုက်ရတယ်...
"ညီလေ.. လိုင်စင်လေးတဆိတ်လောက်..."
"အန်... ဟုတ်..."
သူတော်တော် လန့်သွားတယ်.. တုန်တုန်ရီရီနဲ့ ထုတ်ပေးလိုက်တယ်..။
လိုင်စင်အစား ဖြတ်ပိုင်းတစ်ခု သူကလက်ထဲ ပြန်ရောက်လာတော့ သူငိုရမလို ရီရမလို မျက်နှာလေးနဲ့..
"သွားပြီ.. မုန့်ဖိုးတွေတော့ ကုန်ပါပြီ.. အိမ်က သိရင်တော့ နားပူတော့မှာပဲ.."
"မင်းက သေချာမှ မကြည့်တာ... ငါကလည်း မင်းကို စကားတွေနဲ့ အနှောင့်အယှက်ပေးမိတယ်.."
"ကဲထားပါ... မင်း အမှားမဟုတ်ပါဘူး.. ငါ မှ လမ်းအထာ မသိတာ..."
"ကဲ.. ကိုလပြည့် စကားလျော့ပြော... လမ်းကို ဂရုစိုက်.. ကားကို သေချာမောင်း.. ထပ် အဖမ်းခံနေရမယ်.."
"လမင်း.. မင်း လာမောင်းကွာ..."
ပြောရင်နဲ့ လမ်းဘေးမှာ ကားထိုးရပ်လိုက်တယ်... ပြီးတော့ သူဆင်းလိုက်ပြီး.. ကျွန်တော့်ကို ကားသော့ ပစ်ပေးလိုက်တယ်...
"လမင်း ဆင်းလေ.. မင်း မောင်း..."
ကျွန်တော်လည်း မထူးတော့ပြီမို့ မောင်းရတော့တာပေါ့..
ဗိုလ်အောင်ကျော်လမ်းတော့ စာတိုက်ကြီးနားမှာ ပါကင်ရှာမရ... ဒါနဲ့ပဲ.. အလယ်ဘလောက်မှာ သွားရပ်ရတယ်... ဧရာ ဟိုတယ်ရှေ့နားမှာ ကားရပ်ပြီးတော့ အောက်ဖက်ကို လမ်းပြန်လျှောက်ကြတယ်...
"မင်းတို့ရန်ကုန်က ကားတော်တော် ရှုပ်တယ်.. ငါတော့ ခေါင်တောင်မူးတယ်.."
"မန္တလေးလည်း မထူးပါဘူး..."
"တော်ပြီကွာ.. နောက် ကားမယူခဲ့တော့ဘူး....မင်းနဲ့ပဲ ဘတ်စကား စီးတော့မယ်.."
BC ရောက်တော့ Reception desk မှာ သူ member ဝင်ဖို့လုပ်.. ပြီးတော့ သူ့ကို စာကြည့်တိုက်ထဲ လိုက်ပြ.. သူ စာအုပ်တွေကို ဘယ်လိုရှာရမှန်းမသိဘူး.. ဒါနဲ့ Inquery Computer မှာ ရှာပုံရှာနည်းတွေပြ.. နောက်တော့ သူဖတ်ချင်တဲ့ စာအုပ်တွေသူရှာ.. ကျွန်တော်လည်း ဖတ်စရာ ဝတ္ထုတစ်အုပ်ယူလိုက်ပြီး စာကြည့်စားပွဲတစ်ခုမှာ ထိုင်လိုက်တယ်..။ ခဏနေတော့ သူ့လက်ထဲမှာ စာအုပ်သုံးအုပ်လောက်ပါလာတယ်..။
"အတော်ပဲ ခုမှပဲ သွားစရာတစ်ခုတိုးလာတယ်.. နောက် မင်းနဲ့ အတူ လာလို့ရပြီ..."
"အေးပါ... မင်းပျော်ရင် ပြီးတာပဲ...'
"လမင်း... ငါ မင်းနဲ့လိုက်လာတာ မင်းမပျော်ဘူလား..."
"ပျော်ပါတယ်ကွာ... အရင်ကတစ်ယောက်ထည်းလာနေကျဆိုတော့ အခုမင်းပါတော့ ငါ မပျင်းတော့ဘူးပေါ့.."
ဒီလိုနဲ့ ကျွန်တော်တို့ စာကြည့်တိုက်ထဲမှာ ၂ နာရီလောက်နေပြီးတော့ ပြန်ထွက်လာခဲ့ကြတယ်... ပြီးတော့ နေ့လည်စာကို ဗိုလ်ချုပ်ဈေးမှာ သွားစားကြတယ်.. သူကတော့ ပြောထားတဲ့အတိုင်း ကားလုံးဝမမောင်းတော့ဘဲ ဘေးကနေ လိုက်စီးတယ်..။ အဲဒီအချိန်မှာ City FM က ဇော်ပိုင်ရဲ့ ပြန်ဆုံမယ့်ညနေ သီချင်းလွှင့်နေတယ်..။ ဘာရယ်တော့မဟုတ်.. ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မတိုင်ပင်ဘဲ လှည့်ကြည့်မိကြတယ်..။ ကျွန်တော်တို့ စံရိပ်ငြိမ်ပြန်ရောက်တော့ ညနေ ၄ နာရီထိုးတော့မယ်..။
"လပြည့်.. ငါ ဒီမှာပဲဆင်းလိုက်တော့မယ်.. မင်းအိမ်က တွေ့သွားရင် မကြိုက်ဘဲ နေဦးမယ်..."
"ငါ လိုက်ပို့မယ်လေ.."
"နောက်မှပဲလိုက်ပို့ပါကွာ... မင်းအပြန်ကျရင် အဆင်မပြေဘဲနေဦးမယ်..။"
"ဒါဆိုလဲ အိမ်ရောက်ရင် ဖုန်းဆက်လိုက်..."
"မင်းဖုန်းနံပါတ်မှ ငါမသိတာ.. ပေး.."
ပြီးတော့ သူကားမောင်းထွက်သွားတယ်...။ ကျွန်တော်လည်း လိုင်းကားရောက်လာတာနဲ့ တက်လိုက်လာခဲ့တယ်..။ ကျွန်တော်အိမ်ရောက်တော့ ရေမိုးချိုး..၊ ထမင်းစားပြီးတော့ ခဏနားလိုက်တာ သူ့ကို ဖုန်းခေါ်ဖို့ မေ့သွားတယ်...။ ည ၉ နာရီလောက်ကျတော့ သူဖုန်းဆက်လာတယ်..။
"လမင်း ဘာလို့ ဖုန်းမခေါ်တာလဲ.."
"ငါမေ့သွားတယ်ကွာ... ခဏနားတာ အိပ်ပျော်သွားတယ်...။"
"အေးပါ... မင်း ငါ့ကို မခင်ပါဘူးကွာ..."
" အဲလို မဟုတ်ပါဘူး..လပြည့်ရာ.. ငါ အိပ်ပျော်သွားလို့ပါ..."
"ကဲထားပါ... မနက်ဖြန် မင်းကျောင်းတက်ဦးမှာလား..."
"မလာဘူးလေး.. မနက်ဖြန် စနေနေ့လေ.. ကျောင်းပိတ်တယ်..."
"ဒါဆို မင်းဘယ်သွားဦးမှာလဲ..?"
"မသွားဘူး... စာကျက်မယ်.. အိမ်မှာ လုပ်စရာလေးတွေလည်း ရှိသေးတယ်..."
"ငါ့ဆီကိုတော့ လာခဲ့ပါကွာ... ငါ ပျင်းလို့.. ပြီးတော့ ငါ မင်းနဲ့ အတူရုပ်ရှင်သွားကြည့်ချင်လို့.."
"ညနေဘက်အားရင် လာခဲ့မယ်လေ.. ကန်ဘောင်မှာ ဆုံတာပေါ့..."
"တကယ်လား.. ကတိနော်.... ဘယ်အချိန်လာမှာလဲ..."
"ငါ ဖုန်းဆက်လိုက်မယ်...'
"ဒါဆို ဒါပဲ.."
သူပဲပြောပြီး.. သူပဲ ဖုန်းချသွားတယ်...။
888888
ကျွန်တော် တွေးမိတယ်... အဲဒီနေ့က ရုပ်ရှင်ကြည့်ဖြစ်ခဲ့ခြင်းက ကျွန်တော်နှစ်ယောက်ကို တစ်ဘဝလုံးစာ အမှတ်တရတွေ ဖြစ်အောင် ဖန်တီးပေးခဲ့တာလား.....။
888888
ကျွန်တော် အတွေးစပြတ်တော့ ကားက လေဆိပ် ဝန်ထမ်း အဝင်ဝ ရောက်နေပြီ...။ တစ်နေ့တာ လုပ်ငန်းခွင် ဝင်ရတော့မှာပေါ့...။ စိတ်ကတော့ လွန်ခဲ့တဲ့ ၄ နှစ်ကျော်မှာ အတွေးနယ်ချဲ့ချင်တုန်းပါပဲ...
လပြည့်မောင်... မင်းကတော့ ငါအတွက် ကမ္ဘေ ကမ္ဘာ အမှတ်တရ ဖြစ်မယ့် သူငယ်ချင်းပါပဲကွာ...
(ဆက်ရန်....)

Friday, June 5, 2009

လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင်

ဒီနေ့မနက်စောစော အပြင်မှာ မြူတွေကျနေတာကို အိပ်ရာထတော့ ပြတင်းပေါက်က တဆင့်တွေ့လိုက်ရတယ်..။ စောသေးတယ်လို့ ထင်နေပေမယ့် နာရီကြည့်တော့ မနက် ၅ နာရီထိုးနေပြီ..။ အိပ်ရာထဲမှာ ဆက်ကွေးချင်နေပေမယ့် ဂျူတီချိန်အမှီလာကြိုမယ့် ကားအမီ ပြင်ဆင်ရမှာမို့ မထချင်, ထချင်နဲ့ ရေချိုးခန်းကိုထခဲ့ရပါတယ်..။ ရေကလည်း ညကတည်းက ပုံးထဲထည့်ပြီး အအေးခံထားတာမို့ တော်တော်လေး အေးနေတာပါပဲ..။ ရေချိုးခန်းထဲက မှန်ထဲမှာ ကိုယ့်မျက်နှာကို ပြန်ကြည့်မိတော့ ကျွန်တော် တော်တော် အိုသွားတယ်..။ အရင်ကလည်း ချောတဲ့ ယောက်ျားတစ်ယောက်တော့ မဟုတ်ပါဘူး..။ မြင့်လွန်းတဲ့ အရပ်, ထွားတဲ့ ကိုယ်ခန္ဓာနဲ့ လူတိုင်းက ကျွန်တော့်အသက် ၂ဝ ကျော်ဆိုတာ ဘယ်သူမှ မယုံလောက်အောင်ကို အဆင်မပြေတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ သူပါ..။
ရေမချိုးဖြစ်သေးဘဲ သွားတိုက်ရင်းနဲ့ ရန်ကုန်က အကြောင်းတွေကို ပြန်စဉ်းစားမိတယ်..။

88888

"မေကြီး.. သားကျောင်းသွားတော့မယ်" လို့နှုတ်ဆက်ပြီး ကျွန်တော် အိမ်ကနေ အပြေးထွက်ခဲ့မိတယ်..။ မနက် ၆ နာရီခွဲ နိုဝင်ဘာလ ဆောင်းဝင်ကာစ မြူတွေနဲ့ မနက်ခင်းက ကျွန်တော့်ကို လေအေးနဲ့ ကျွန်တော့်ကို နှုတ်ဆက်လိုက်တယ်..။ (၁ဝ၂) လိုင်းကားက ဒီနေ့တော့ စောင့်စရာမလိုဘဲ ကျွန်တော် ကားဂိတ်ရောက်တာနဲ့ ရောက်လာခဲ့ပါတယ်..။ စီးနေကျအတိုင်း ကားခေါင်းခန်းကပဲ တက်စီးလိုက်တယ်..။ ကျွန်တော့်ကို ကားသမားကတောင် မှတ်မိနေပြီ..။
"ငါ့ညီက အချိန်မှန်ပဲနော်...။ ဘာသင်တန်းမို့လို့ ဒီလောက် စောရတာလဲကွ.."
ကျွန်တော်က ရန်ကုန်စီးပွားရေး တက္ကသိုလ် (ပင်မ) မှာ ဒီပလိုမာ သင်တန်းတစ်ခု တက်နေတာလေ..။ အတန်းချိန်က ၇ နာရီခွဲစနေကျဆိုတော့ ကျွန်တော် ၆ နာရီခွဲလောက် ကားစီမှ အချိန်မီရောက်မှာလေ..။ နည်းနည်းစောစောရောက်ရင် ကင်တင်းထိုင်ပြီး လဘက်ရည်သောက်ပြီး ငေးနေ တွေးနေကျလေ..။ ဒီလိုပဲ ကားသမားကို ရှင်းပြလိုက်တယ်.။ နောက်တော့ သူလည်းကားကို အာရုံစိုက်မောင်း ကျွန်တော်လည်း MP3 နားထောင် ဆိုတော့ စကားစ ပြတ်သွားကြတယ်..။
အမှန်တော့ ဒီနေ့ အတန်းက ၉ နာရီမှ စမှာ...။ ဒါပေမယ့် ကျွန်တော်ဆုံနေကြ မျက်ဝန်းလေးကို ဆုံချင်လို့ တမင် စောစော ထွက်လာလိုက်တယ်..။ စံရိပ်ငြိမ်မှတ်တိုင်ရောက်တော့ ကျွန်တော် ဆင်းလိုက်တယ်..။ လျှောက်နေကျဖြတ်လမ်းလေးအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာလိုက်တယ်..။ကျွန်တော်နဲ့ မျက်ဝန်းလေး ဆုံနေကျနေရာရောက်တော့ သူမရှိဘူး..။ ကျွန်တော် စိတ်ထဲ မကောင်းဖြစ်သွားတယ်..။ သူဘာများဖြစ်လို့ပါလိမ့်..။ ရပ်နေလို့လည်း အဆင်မပြေတာမို့ ဖြည်းဖြည်းချင်းဆက်လျှောက်လာလိုက်တယ်..။ နောက်က ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ သူဖြစ်နေတယ်..။ သူဆိုတာ ကျွန်တော့်မျက်ဝန်းလေးလေ..။ သူက ဒီအချိန်ဆို ဒီနေရာမှာ အပြေးလေ့ကျင့်နေကျလေ..။ ကျန်းမာရေးလိုက်စားတဲ့သူတစ်ယောက် ဆိုတာ မြင်တာနဲ့ သိသာပါတယ်..။ ဆွဲဆောင်မှုကောင်းတဲ့ ကိုယ်ခန္ဓာ.. ညှို့အားကောင်းတဲ့ မျက်ဝန်းတစ်စုံ ပိုင်ဆိုင်တဲ့ သူတစ်ယောက်..။ အသက်ကတော့ ကျွန်တော်နဲ့ ရွယ်တူ ၁၈၊ ၁၉ လောက်တော့ရှိမယ်..။
"ဟိတ်.. ကျောင်းသွားပြီးလားကွ.." ... သူကပဲ စနှုတ်ဆက်လိုက်တယ်..။
"ဟုတ်" ကျွန်တော်လည်း ယောင်ယောင်မှားမှားနဲ့ ဖြေလိုက်မိတယ်..။ ကျွန်တော့်ဘေးမှာ သူ ပြေးနေတာကို ရပ်လိုက်ပြီး ကျွန်တော်နဲ့ ယှဉ်လျက် လမ်းလိုက်လျောက်လာလိုက်တယ်..။ သူကိုယ်က ကိုယ်နံ့က ကျွန်တော့်ကို ရင်ခုန်နှုန်းမြန်လာအောင် လုပ်နေသလိုပဲ..။ ကျွန်တော် မျက်နှာတစ်ခုလုံး ပူထူလာမိတယ်...။
"မင်း ဘာသင်တန်း တက်နေတာလဲ"...
"ဗျာ.. ဘာဖြစ်လို့လဲ..."
"အော်.. မင်းကို ဒီအချိန် တွေ့နေကျဆိုတော့ သိချင်လို့ မေးကြည့်တာပါ"
"ကျွန်တော် ECO မှာ ဒီပလိုမာ တစ်ခု တက်နေတာပါ"
ကျွန်တော့်ကို ဒီနေ့မှ စကားလာပြောနေတဲ့သူက အရင်ကပဲ ရင်းနှီးနေသလိုမျိုးလေသံနဲ့... စိတ်ထဲကတော့ နည်းနည်းတော့ ကသိကအောက် ဖြစ်မိတာပေါ့..။ အရင် ၃၊ ၄ လလောက်ကတည်းကတော့ မျက်လုံးချင်းဆုံ.. ပြုံးပြရုံကလွဲလို့ တခြားဘာမှ အဆက်အဆံမရှိဘဲ ဒီနေ့မှ ထူးထူးခြားခြား....
"ကိုယ် မင်းနဲ့ လမ်းလိုက်လျောက်လို့ရပါတယ်နော်..။"
ဘယ်နှယ့်လူပါလိမ့်နော်..။ လမ်းယှဉ်လျှောက်လာလို့ပဲ ဓာတ်တိုင် ၂ တိုင် လောက်ကျော်ခဲ့ပြီးပြီ..။ ခုမှ လာခွင့်တောင်းနေတယ်..။ ကျွန်တော် ပြုံးမိတယ်..။
"ဘာပြုံးတာလဲကွ.."
"အထွေအထူးတော့ မဟုတ်ပါဘူး... ပြုံးချင်လို့ပါဗျာ.. ယောက်ျားလေးချင်း လမ်းယှဉ်လျှောက်တာပဲ ခွင့်တောင့်စရာမလိုပါဘူးဗျာ.."
"ကိုယ်က မင်းကို ခင်ချင်လို့ပါ.. ကိုယ်က ဒီနားမှာ နေတာလေ.. ရွယ်တူသူငယ်ချင်းမရှိဘူးကွ.. မန္တလေးက ပြောင်းလာတာလေ.. ဒီကို ရောက်တာ ၆ လလောက်ပဲရှိသေးတယ်..။"
"အော်...."
"ဒီနားမှာကလည်း ကိုယ်ပေါင်းစရာ သူငယ်ချင်းကလည်း ရှားတယ်လေ..။ ကိုယ့်ဘာသာကိုယ် နေနေကြတာလေ.."
"ရပါတယ်... ကျွန်တော်ကလည်း အတန်းထဲမှာ ရွယ်တူ သူငယ်ချင်းမရှိဘူးလေ..။"
"ဘာ.. ဘယ်လို.."
"အတန်းထဲမှာ ကျွန်တော် အငယ်ဆုံးဗျ..။ ကျွန်တော့် အတန်းဖော်တွေက အသက် ၂၅၊ ၃ဝ တွေချည်းပဲ.. ကျွန်တော်ပဲ အသက် ၁၈ နှစ်ရှိတာ..။"
"အော်... ဘာလို့လဲ.."
"ဒီသင်တန်းက ကျွန်တော့်အရွယ်တွေ စိတ်မဝင်စားဘူးလေ... ပြီးတော့ ဝင်ခွင့် စာမေးပွဲကလည်း ခက်တော့ ဘယ်သူမှ မတက်ချင်ကြဘူး.. အလုပ်အတွေ့အကြုံအရ လိုအပ်လို့ လာတက်ကြတဲ့ သူတွေချည်းပဲ.."
"အော်.. ဒီလိုလား.. ဒါဆို ကိုယ် မင်းနဲ့ သူငယ်ချင်း လုပ်လို့ရမလား.."
"ရပါတယ်.."
"ကိုယ့်နာမည်က လပြည့်မောင်.. မင်းနာမည်က...?.."
"လမင်းဇော်.."
"ဟား....ဟား.... နာမည်ချင်းက ဆင်တယ်နော်...."
ကျွန်တော်တို့ နှစ်ယောက်လုံး ပြိုင်တူရယ်မိကြတယ်....
" ခုမှပဲ သူငယ်ချင်းရတော့တယ်... ကိုယ့်မိသားစုက ဒီကို မန္တလေးက ပြောင်းလာကြတာလေ.. ဖေဖေ အလုပ်ကိစ္စအတွက် ပြောင်းမှ ဖြစ်မှာမို့ မပြောင်းမဖြစ် ပြောင်းလာကြတာလေ.. ကိုက အဝေးသင် တက်နေတာလေ..။ Physics တက်နေတယ်.. မင်းကရော..?..."
"ကျွန်တော်က မြောက်ဥက္ကလာမှာ နေတယ်.... E-Major အဝေးသင် ဒုတိယနှစ်တက်နေတယ်... ဒီတော့အားနေချိန်မှာ အခုလို သင်တန်းတွေတက်နေတယ်... အကိုကရော တခြား ဘာတွေလုပ်သေးလဲ.."
"ငါ့ကို အကိုလို့ မခေါ်ပါနဲ့.. ရွယ်တူတွေပဲ.. မင်းနဲ့ ငါ လို့ ပြောလို့ရပါတယ်... ဒါမှမဟုတ် လပြည့်လို့လည်း ခေါ်လို့ရတယ်...."
"အော်...ဟုတ်.."
"ငါလည်း မင်းကို လမင်းလို့ ခေါ်မယ်... ငါခုဘာမှ မလုပ်ဘူး... မင်း တက်နေတဲ့ သင်တန်းတွေကောင်းရင် ငါလိုက်တက်မယ်လေ..။"
"ရပါတယ်....လ....ပြည့်...."
ကျွန်တော် သူ့နာမည်ကို ထစ်ထစ် အအ ခေါ်လိုက်လို့ သူက ရီတယ်..။
"ရင်းရင်းနှီးနှီးခေါ်ပါကွ.."
"အဲလိုမဟုတ်ပါဘူး.. ခုမှ စသိတာဆိုတော့ နာမည်ခေါ်ရတာ အားနာနေတာပါ.."
"ရပါတယ်..."
ကျွန်တော်တို့ စကားတပြောပြောနဲ့ လျှောက်လာကြတာ ပြည်လမ်းမကြီးပေါ်တောင်ရောက်လာပြီ..။
"ဒါနဲ့ မင်း ဘာစားပြီးပြီလဲ..."
"မစားရသေးဘူးဗျ.. ကင်တင်ရောက်မှ စားမယ်.. လပြည့်ရော.."
"မစားရသေးဘူး.. လာကွာ.. ကန်ဘောင်က ကင်တင်မှ သွားစားမယ်..."
ပြောပြောဆိုဆိုနဲ့ သူက ကန်ဘောင်ဘက်ကို ခြေဦးလှည့်တော့တာပဲ...
ကန်ဘောင်ရောက်တော့ ရှမ်းအိုးစည် ဆိုင်မှာ ရှမ်းခေါက်ဆွဲ မှာစားကြတယ်...။ စားပြီးတော့ လဘက်ရည်သောက်ရင်း စကားဆက်ပြောဖြစ်ကြတယ်..။
"လမင်း... မင်း အတန်းက ဘယ်တော့ စမှာလဲ..?.."
" ၉ နာရီ စမှာ..."
" ဒါဆို ဘာလို့ ဒီလောက် အစောကြီး လာတာလဲ ကျောင်းကို.."
" ဒီနေ့မှ ၉ နာရီ စတာ.. ဆရာမ တစ်ယောက် မလာဖြစ်ဘူးလေ... အရင်က ၇ နာရီခွဲဆို စပြီ.."
"အော်.. ဒါဆို ဒီနေ့ဘယ်အချိန်ပြီးမှာ လဲ..?.."
" ၁၀ နာရီခွဲ ပြီးမှာ..."
"အတန်းပြီးရင် မင်း ဘယ်သွားမှာလဲ.."
"BC သွားမယ်.. စာဖတ်မယ်.. အချိန်ရရင် ရုပ်ရှင်ကြည့်မယ်.. အိမ်ကိုတော့ ညနေမှ ပြန်မယ်.."
"ဒါဆို ငါလည်းလိုက်လို့ရမလား..."
"ရပါတယ်.. လိုက်ခဲ့လေ..."
"ဒါဆို ငါ ၁၀ နာရီခွဲ ကမ္ဘောဇ ဘဏ်ရှေ့မှာ စောင့်နေမယ်.. ခု ပြန်တော့မယ်.. ဒီနေ့မနက်စာ ငါကျွေးမယ်.."
ပြောပြောဆိုဆိုနဲ့ ထပြန်သွားလိုက်တယ်..။ သွားခါနီး သူ့မျက်ဝန်းတွေနဲ့ ကြည့်သွားသေးတယ်..။ သေချာတာကတော့ သူဒီနေ့ ပျော်သွားတဲ့ ပုံပဲ..။ နာရီကြည့်လိုက်တော့ ၈ နာရီခွဲပြီဆိုတော့ ကျွန်တော်လည်း အတန်းဘက်ကို ထွက်ခဲ့လိုက်တယ်...
888888

ကျွန်တော် ရေချိုးပြီးတော့ ၅ နာရီခွဲပြီးလို့ ၆ နာရီထိုးတော့မယ်.. ဒါနဲ့ အင်္ကျီ မြန်မြန်ဝတ်.. ကော်ဖီ မြန်မြန်ဖျော်သောက်လိုက်ရတယ်..။ ပြီးတော့ အိမ်အောက်ဆင်းပြီး လာကြိုမယ့်ကားကို စောင့်နေရင်းနဲ့ ကျွန်တော် ခုနက အကြောင်းလေးကို ပြန်စဉ်းစားမိတယ်..။

888888

၁၀ နာရီခွဲ အတန်းပြီးတော့ ကျွန်တော့် အတန်းက အကိုကြီးတွေ လဘက်ရည်ဆိုင်ထိုင်နေကျကို မထိုင်တော့ဘဲ သူနဲ့ ချိန်းထားတဲ့ နေရာကို အပြေးလေးသွားနေမိတယ်..။ ကမ္ဘောဇ ဘဏ်ဘက်ကို လှမ်းကြည့်လိုက်တော့ သူရောက်နေပြီ..။ အဖြူရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီ အနက်ကို ဝတ်ထားတာ တော်တော် ကြည့်လို့ကောင်းတယ်...။ ဆံပင်ကိုလည်း ဖြီးသင်ထားတာ သူ တော်တော် အလှကြိုက်ပုံပဲ..။ သူ့ဒီဇိုင်းနဲ့ သူတော်တော် ပြင်တတ်တယ်..။ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ကြည့်မိတော့ တော်တော် စိတ်ပျက်သွားတယ်..။ ရန်ကုန်သားကျွန်တော်က မန္တလေးသား သူ့လောက်တောင် မပြင်တတ်ဘူး..။ ပုံတုံးဒီဇိုင်းနဲ့လေ..။
သူ့နားကျွန်တော်ရောက်သွားတော့သူက....
"ငါ ၁၀ နာရီကတည်းကရောက်နေတာ... မင်း လာမှ လာပါ့မလားလို့..."
"လာမယ်ဆို လာမှာပေါ့ကွ... "
"အေးပါကွာ... ငါက ခင်ချင်တဲ့သူဆိုတော့ ကြိုစောင့်နေမိတာပါ.."
"ရပါတယ်.. မင်းကလည်း စောင့်မယ်ဆိုလည်း နေရိပ်ထဲမှာ စောင့်ပေါ့ကွာ.. ဘာလို့ နေပူထဲမှာ ရပ်နေတာလဲ..?.."
" မင်းလာရင် မမြင်မှာစိုးလို့ပေါ့ကွ.."
"ငါက မမြင်ရအောင်.. မကန်းပါဘူးကွ.."
"ကဲထားပါကွာ... ခု မင်း ဘယ်ကို သွားမှာလဲ.."
" BC အရင်သွားမယ်.. ပြီးရင် သိမ်ကြီးဈေးမှာ အမေအတွက် ဆေးသွားဝယ်ရမယ်..."
"ပြီးရင် ဘယ်သွားမှာလဲ.."
"သွားချင်တဲ့ နေရာ သွားလို့ရတယ်...။ မင်းပါတော့ ငါ BC မှာ စာမဖတ်တော့ အချိန်ရသွားပြီ.."
"မင်းကိစ္စပြီးရင် ငါတို့ ရုပ်ရှင်သွားကြည့်မယ်လေ.. မင်းပဲ ပြောတယ်လေ.. အချိန်ရရင် ရုပ်ရှင်ကြည့်မယ်ဆို..."
"အေးပါ.. မင်းကြည့်မယ်ဆိုရင်တော့ ငါကြည့်မယ်လေ... ငါက တစ်ယောက်တည်းကြည့်နေကျဆိုတော့ မင်းနဲ့ ကြည့်ဖို့က တစ်မျိုးဖြစ်နေတယ်..။"
"ဘာကိစ္စ မင်းက တစ်မျိုးဖြစ်နေရတာလဲ.."
"မသိဘူးလေကွာ.. ငါက ငါ့ရည်းစားရှိတုန်းကတောင် သူနဲ့ အတူတူ မကြည့်ဖူးဘူး..."
"ရည်စားမရှိတော့ သူငယ်ချင်းနဲ့ တူတူ ကြည့်ပေါ့ကွ.."
"ကဲပါ.. မင်းသဘော.. ငါ့ကိစ္စတွေပြီးရင် မင်းသွားချင်တဲ့နေရာ သွား.. ငါ အဖော်လိုက်လုပ်ပေးမယ်.."
သူက ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်....။ ကျွန်တော်လည်း သူပျော်သလို ပျော်နေမိတယ်..။ ကျွန်တော်ကိုယ်တိုင်ကလည်း သူငယ်ချင်း မရှိသလောက်နည်းတာမို့ သူငယ်ချင်း အသစ်ရတော့ ပျော်တာပေါ့ဗျာ..။ သူကို အရင်က သူလို ကိုယ်လိုပဲ ထင်ခဲ့မိပေမယ့် ခု သူက ထင်ထားတာထက်ပိုခင်ဖို့ကောင်းပြီး ပွင့်ပွင့်လင်းလင်းရှိတယ်..။
၅၁ ဘတ်စ် ကားလာတော့ ကျွန်တော်တို့ နှစ်ယောက်လုံး သူများတွေလို တိုးဝှေ့တက်လိုက်ကြတယ်..။ သူ့ကြည့်ရတာ.. ကျွန်တော်ထင်ထားတာထက် တော်တော် ပျော်နေပုံရတယ်....။ တလမ်းလုံးလည်း စကားတော်တော်ပြောတာများ.. ကျွန်တော့်မှာ နားအူလာတဲ့ အထိဖြစ်လာတယ်..။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာလည်း တခါမှ မဖြစ်ဖူးတဲ့ ပီတိမျိုးဖြစ်မိတယ်..။
ကျွန်တော်တို့နှစ်ယောက်ပြောထားတဲ့အတိုင်း BC ကို အရင်သွားကြတယ်..။ သူပါနေတော့ ကျွန်တော် စာကြည့်တိုက်ထဲမှာ အချိန်ဖြုန်းလို့မရဘူး..။ သူလည်း စာကြည့်တိုက်ထဲကို လိုက်ဝင်လို့မရဘူးဆိုတော့ သူခမျာ အပြင်ဘက်မှာ စောင့်ရင်းကျန်ခဲ့ရှာတယ်..။ ကျွန်တော်လည်း ပြန်အပ်ရမယ့် စာအုပ်တွေ ပြန်အပ်.. သင်တန်းအတွက် လိုအပ်တဲ့ စာအုပ်စာတမ်း.. ဖတ်ချင်တဲ့ ဝတ္ထုစာအုပ် ၂ အုပ်လောက် ငှားပြီး ပြန်ထွက်လာခဲ့တယ်..။ အပြင်ပြန်ရောက်တော့ သူက စာတိုက်ကြီးအဝင်ဝလှေကားထိပ်နားမှာ ရပ်စောင့်နေတယ်..။ ပြီးတော့ ဗိုက်ပွတ်ပြတယ်..။ ဗိုက်ဆာနေပြီတဲ့..။ နာရီကြည့်လိုက်တော့ နေ့ခင်း ၁၂ နာရီခွဲနေပြီ..။ ဆာရှာပြီပေါ့..။
"လမင်း.. တခုခု စားရအောင်ကွာ..။"
"မင်း ဘာစားချင်လို့လဲ.."
"မင်း စားတာ စားမယ်လေ.."
ဒါနဲ့ ကျွန်တော်လည်း ကျွန်တော် စားနေကျ ကုန်သည်လမ်းဘေးက အသားကင် အခေါက်ကင် ဆိုင်မှာ ဝင်စားဖို့လုပ်တော့..
"လမင်း.. တခြားမှာ စားမယ်လေကွာ.. ဒီဆိုင်မှာ ငါ မစားချင်ဘူးကွာ.. မသန့်ဘူးကွ.. လမ်းဘေးမှာ.. ဖုန်တွေနဲ့.."
"လပြည့်... ငါဒီမှာ စားနေကျကွ.."
"တခြားမှာ စားကွာ..."
"ကဲပြီးရော.. lucky seven မှာ သွားစားမယ်.. မင်း တော်တော် ဂျီးထူးတယ်နော်.."
"ဟုတ်ပါဘူးကွာ.. ကျန်းမာရေးအတွက် ပြောတာပါ.."
lucky seven ရောက်တော့ ထမင်းကြော်နှစ်ပွဲ မှာစားတယ်...။ စားပြီးတော့ သိမ်ကြီးဈေးဘက်ကို ဆက်ထွက်ခဲ့ကြတယ်..။ တလမ်းလုံးလည်း စပ်စုလိုက်တာ... မပြောပါနဲ့တော့..။ သူရန်ကုန်ရောက်တဲ့ ၆ လ အတွင်း ဒီဘက်မှာ တခါမှ လမ်းမလျှောက်ဖူးဘူးဆိုတဲ့ အကြောင်း...၊ အရမ်းစည်တဲ့ အကြောင်း. ပြောလည်းပြော.. သူစိတ်ဝင်စားတဲ့ ဆိုင်လည်း ဝင်ကြည့်နဲ့.. အခွေဆိုင်တွေလည်း တော်တော် မွှေလိုက်သေးတယ်..။ ကိုရီးယားကားတွေလည်း ဝယ်.. သီချင်းခွေတွေလည်း ဝယ်နဲ့...။ သိမ်ကြီးဈေးရောက်တော့ ၂ နာရီခွဲပြီး....။ GANO လင်ဇီးဆေးကုမ္ပဏီရုံးကို အပြေးအလွှားသွားရတယ်..။ အမေမှာတဲ့ ဆေးတွေဝယ်ပြီးတော့ ၃ နာရီထိုးပြီ..။
"လပြည့်ရေ... မင်းရုပ်ရှင်ကြည့်ဦးမှာလား..."
"တော်ပြီ လမင်း.. မကြည့်တော့ဘူး.. နောက်ပွဲက ၆ နာရီမှ ပြမှာ.. မင်းနောက်ကျလိမ့်မယ်.."
"မင်းကြည့်ချင်ရင် ငါ လိုက်ပေးမယ်လေ..။ ငါ အိမ်ကို ဖုန်းဆက်လိုက်မယ်..။ အိမ်ပြန်နောက်ကျမယ်လို့.."
"ရပါတယ်ကွာ.. နောက်တစ်ခေါက်မှပေါ့.. မင်းက မြောက်ဥက္ကလာအထိ ပြန်ရမှာလေ.."
"ကဲ .. အဲဒါဆို ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်.. စံရိပ်ငြိမ်ရောက်မှ ကားပြောင်းစီးလိုက်မယ်.."
"အေး.. အဲဒါကောင်းတယ်...၊ မင်း အဆင်ပြေပါတယ်နော်.."
"ရပါတယ်ကွာ... မင်းကမှ ဘတ်စ်ကား ကောင်းကောင်းမစီးတတ်သေးတာ.. လိုက်ပို့ရမှာပေါ့.."
ဒါနဲ့ပဲ ကျွန်တော်နှစ်ယောက် လိုင်းကားစီးပြီး ပြန်ခဲ့ကြတယ်..။ အပြန်ကျတော့ မောလို့လားမသိဘူး.. စကားသိပ်မပြောတော့ဘူး...။ စံရိပ်ငြိမ်ရောက်တော့ နှစ်ယောက်လုံးကားပေါ်က ဆင်းလိုက်ပြီး...
"လပြည့် မင်း ပြန်တော့ ငါ (၁၀၂) စီးပြီး ပြန်တော့မယ်.. ခဏလောက်စောင့်ရဦးမယ်ထင်တယ်.."
"ငါလည်းစောင့်ပေးမယ်လေ... (၁၀၂) က မင်းအိမ်ကိုရောက်လား...."
"အင်း ကားဂိတ်က ငါ့အိမ်နားမှာလေ.."
နောက်တော့ သူ စကားဆက်မပြောတော့ဘူး.. နာရီဝက်လောက်ကြာတော့ ကားရတာနဲ့ ကျွန်တော် ပြန်ခဲ့လိုက်တယ်..။ ကားပေါ်မတက်ခင် ဖုန်းနံပါတ်တောင်းလို့ပေး လိုက်တယ်...။ ဖုန်းဆက်လိုက်မယ်နော်တဲ့..။
သူ ကျွန်တော့်ကို ကြည့်နေတာ ကားတော်တော်ဝေးဝေးရောက်တဲ့ အထိပဲ...။
အိမ်ရောက်ပြီး နာရီဝက်လောက်ကြာတော့ သူဖုန်းဆက်လာတယ်... ရောက်ပြီလားတဲ့.. မနက်ဖြန် မနက် ဆုံနေကြ နေရာမှာ စောင့်နေမယ်တဲ့..။ ကျွန်တော် တော်တော် ပျော်သွားတယ်...။

888888

"တီ..တီ.."
ကျွန်တော် အတွေးပျက်သွားတယ်..။ ကားရောက်လာပြီ...။ ကားပေါ်ရောက်တော့ နီးရာခုံမှာ ဝင်ထိုင်လိုက်တယ်..။ ကျွန်တော်ကလွဲလို့ ဘယ်သူမှ မရှိဘူး..။ ဒါနဲ့ Trip log မှာ လက်မှတ်ထိုးလိုက်ပြီး... ကားလည်း ဆက်ထွက်လာခဲ့တယ်.....

(ဆက်ရန်...)