Monday, June 8, 2009

လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (၂)

ရုံးဖယ်ရီပေါ်မှာ သီချင်းနားထောင်ရင်းနဲ့ စိတ်က အတွေးမပြတ်ဖြစ်နေလေရဲ့ ... ကားလမ်းကလည်း ဒူဘိုင်းထုံးစံအတိုင်း Traffic Jump ဖြစ်နေတော့ ရန်ကုန်က အကြောင်းကို ဆက်စဉ်းစားဖြစ်တယ်..။ အလုပ်လုပ်တဲ့ လေဆိပ်ရောက်ဖို့က နောက် ၁ နာရီလောက် ကားစီးရမယ်..။

888888

ကျွန်တော် စံရိပ်ငြိမ်ကို ရောက်တော့ မနက် ၇ နာရီ ထိုးပြီးပြီ...။ ဒီနေ့တော့ သူ လမ်းထိပ်မှာ ထွက်စောင့်နေတယ်..။
“ တော်သေးတာပေါ့.. နောက်ကျမယ် ထင်နေတာ..”
“လာနေကျ အချိန်ပဲလေ.. လပြည့်ရဲ့”
“ ဘာစားပြီးပြီလဲ..”
“ကျောင်းရောက်မှ စားနေကျ...”
“လာလေ... ဒါဆို သွားမယ်.. ရှမ်းအိုးစည်ပဲ သွားမှာလား..”
“ ဘာလဲ.. လပြည့်က ရှမ်းခေါက်ဆွဲ ကြိုက်လို့လား..”
“အင်း.. ဒါပေမယ့် မင်းစားတာ စားမယ်...”
“ကဲ ဒါဆိုလည်း ရှမ်းအိုးစည်ကို ပဲ သွားမယ်.... နေပါဦး.. ဒီနေ့ လေကျင့်ခန်းမလုပ်ဘူးလား”
“ဒီနေ့ မလုပ်တော့ဘူး.. မင်းကို စောင့်ချင်လို့ ထွက်စောင့်နေတာ..”
“ရပါတယ်ကွာ.. ငါက ဆုံနေကျနေရာမှာ မင်း စောင့်နေမယ်ထင်နေတာ..”
“ဦးဆုံးတော့ စောင့်မလို့ဘဲ.. ဒါပေမယ့် မင်းကို လာကြိုချင်လို့...”
“လပြည့်.. ငါ မေးမယ်နော်.. စိတ်မဆိုးနဲ့..”
"ဘာမေးမလို့လဲ.."
"မင်းနဲ့ ငါက မနေ့ကမှ လူချင်းရင်းနှီးတာလေ.. ဘာလို့ မင်းက ငါ့ကို အရမ်း ဂရုစိုက်နေတာလဲ.."
"ငါ့မှာ သူငယ်ချင်းမရှိဘူးလေကွာ.. ဂရုစိုက်စရာသူငယ်ချင်းဆိုလို့ မင်းပဲ ရှိတာလေ.. ပြီးတော့ ငါ့ကို ဂရုစိုက်မယ့် သူကလည်း မင်းပဲလေ..."
"မင်းက ရည်းစားမရှိဘူးလား..."
"ရည်းစားမရှိမှ မင်းကို ခင်ရမှာလား.."
"အဲလို ပြောတာ မဟုတ်ပါဘူး.. မင်းက ဂရုစိုက်ရမယ့်သူမရှိဘူးဆိုလို့ပါ.."
"ငါ ရန်ကုန် မလာခင်ကမှ ငါ့ရည်းစာနဲ့ ငါ ပြတ်သွားတာ.."
"အော်..."
"ဘာလို့လဲ လို့ မမေးတော့ဘူးလား..."
"မမေးချင်ပါဘူး... မေးလို့လည်း မကောင်းဘူးလေ... ငါက သူများ ကိုယ်ရေးကိုယ်တာတွေကို စပ်စုတာမကြိုက်ဘူး.."
"အေးပါ... ကောင်းပါတယ်.. မင်းမမေးတော့လည်း ငါ မပြောတော့ပါဘူး..."
ကန်ဘောင်ရောက်တော့ နှစ်ယောက်သား တိုင်ပင်ထားတဲ့ အတိုင်း ရှမ်းအိုးစည်မှာပဲ မနက်စာ စားကြတယ်..။
"လမင်း... မင်း ဒီနေ့ ၁၀ နာရီခွဲမှာ အတန်းပြီးမှာနော်.."
'အင်းလေ.. ဘာဖြစ်လို့လဲ.."
"ငါလည်း BC မှာ member ဝင်ချင်တယ်... မင်းသွားရင် ငါလည်းလိုက်လို့ရတာပေါ့.. ပြီးတော့ မင်းတက်တဲ့ သင်တန်းတွေလည်း ငါလိုက်တက်ချင်တယ်.."
" BC မှာ member ဝင်တာ ပြဿနာမရှိပါဘူး.. ဒေါ်လာ ၂၀ ရှိရင် ရပါတယ်.. သင်တန်းတွေကတော့ ခုမမီတော့ဘူး... နောက်လကုန်အထိ မင်းလိုက်တက်လို့ရမှာ မဟုတ်ဘူး... အကုန်လုံးက on the way ပဲ.."
" ဒါဆို ငါ့ကို ဒီနေ့ BC လိုက်ပို့.. ငါ member လိုက်ဝင်မယ်.. ဘာယူခဲ့ရဦးမလဲ.."
"ဓာတ်ပုံ တစ်ပုံ ယူခဲ့..ကျောင်းသားကဒ်တို့ မှတ်ပုံတင်လည်း ယူခဲ့.."
"ပြီးရော.. ဒါဆို သင်တန်းပြီးရင် ဆုံမယ်... ခု ငါသွားပြီ.. ဖေဖေ့ဆီမှာ ပိုက်ဆံသွားတောင်းလိုက်မယ်..."
ပြောပြောဆိုဆို လပြည့်မောင်ထွက်သွားတယ်..။ ကျွန်တော်လည်း အတန်းဘက်ကို လမ်းလျောက်ရင်း သူ့အကြောင်းကို တွေးမိတယ်..။ ဘာလို့များ မနေ့ကမှ ခင်တဲ့ ကျွန်တော့်ကို ဒီလောက် ဂရုစိုက်နေရတာလဲလို့ပေါ့..။ ပြီးတော့ သူ့မျက်ဝန်းက အရင်ကထက်ပိုပြီး အရောင်တွေတောက်ပနေတယ်... သူနဲ့ စကားပြောလို့ သူကြည့်လိုက်ရင် ကျွန်တော် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်ဖြစ်နေတယ်...။ ကောင်းသော တွေ့ဆုံခြင်းဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်မိပါတယ်..။ အပေါင်းအသင်းမရှိတဲ့ ကျွန်တော့်အဖို့ သူ.. အဖော်ကောင်းတစ်ယောက် ဖြစ်မှာပါ...။
အတန်းပြီးတော့ ကျွန်တော့် အတန်းဖော်တွေနဲ့ လဘက်ရည်ဆိုင်ထိုင်ဖြစ်တယ်..။ သူစောင့်နေမှန်း သိပေမယ့် သင်တန်းကိစ္စ စကားပြောစရာရှိလို့ မထိုင်လို့ မဖြစ်တာနဲ့ ထိုင်လိုက်တယ်...။ လဘက်ရည်ဆိုင်က ထွက်လာတော့ ကမ္ဘောဇဘဏ်ရှေ့မှာ သူ့ကို မတွေ့...။ သူ နောက်ကျတယ်ထင်မိတုန်းရှိသေးတယ်.. ကျွန်တော့် ရှေ့ကို ကားနက်ကလေး တစ်စီးစိုက်လာတယ်..။
"တီ...တီ.."
"လမင်း.. ကားပေါ်တက်..."
ကျွန်တော် နည်းနည်းကြောင်သွားတယ်..။ ဒါပေမယ့် ကျွန်တော် ကားပေါ်ကို တက်လိုက်တယ်..။
"ဆော်ရီး.. လမင်းရာ... ငါ နည်းနည်းနောက်ကျသွားတယ်.. ကားယူဖို့ စောင့်နေတာနဲ့.."
"ရပါတယ်.. ငါလည်း ခုနလေးကမှ ရောက်တာ..."
ပြောပြောဆိုဆို သူ့ကားလေးက ခရီးစလိုက်တယ်...။ သူ ကားမောင်းတာ တည်ငြိမ်တယ်... ပြီးတော့ ကားထဲမှာ စိုင်းထီးစိုင်ရဲ့ အချစ်က မင်းအနားမှာ ဆိုတဲ့ သီချင်းကို ဖွင့်ထားသေးတယ်...။ သူက စိုင်းထီးစိုင်ကို ကြိုက်တယ်တဲ့...။ ရန်ကုန်ဆေးရုံကြီးနားရောက်တော့ သူလမ်းမေ့သွားတယ်ထင်တယ်... ဘယ်သွားရမှန်းမသိဘူးဖြစ်နေတယ်...။ ကျွန်တော်ကပဲ..
"ကဲ လပြည့်... ကမ်းနားလမ်းကို ဆက်မောင်း ပြီးရင် ဘယ်ကွေ့... ဟုတ်ပြီလား.."
"အေး... ဒါ ငါ ရန်ကုန်မှာ ကားမောင်းတာ ပထမအကြိမ်ပဲ.. မန္တလေးမှာတော့ မောင်းနေကျဆိုတော့ ပြဿနာမရှိဘူး.."
"အော်... "
ငါ ကားမမောင်းတာ ၆ လရှိပြီ.. ဖေဖေက မလွှတ်ဘူးလေ.. ခုတောင် မနည်းတောင်းပန်ပြီးယူလာရတာ... ဘာမှ မဖြစ်စေရပါဘူးလို့ အကြိမ်ကြိမ် ဂတိပေးပြီးမှ လွှတ်တာ.. စိတ်မချဘူးတဲ့..."
"အေးပေါ့.. မောင်းနေကျမှ မဟုတ်တာ.. ပြီးတော့ ရန်ကုန်ကားတွေက အမောင်းကြမ်းတယ်...လမ်းတွေကလည်း ရှုပ်တယ်... ငါတော့ စိတ်ရှုပ်မခံနိုင်လို့ အရေးမကြီးရင် ဘတ်စ်ကားနဲ့ပဲ သွားတယ်.."
"မင်း.. ကားမောင်းတတ်တယ်ပေါ့.."
"အေးလေ.. ရန်ကုန်သားပါကွ.. ၁ဝ တန်းကတည်းက မောင်းတတ်တယ်.."
"ဒါဆို အပြန် မင်းမောင်းပါကွာ.."
"မောင်းချင်ပါဘူးကွာ... ငါ့ကြောင့် တစ်ခုခု ဖြစ်ရင်မကောင်းဘူးလေ... ငါ မလျော်နိုင်ဘူးကွ.."
ပြောပြောဆိုဆို ကမ်းနာလမ်းမီးပွိုင့်မှာ မီးနီကို သူဖြတ်မောင်းလိုက်မိတယ်.. ခရာသံနဲ့ အတူ ယာဉ်ထိန်းရဲတစ်ယောက် ထွက်တားတာတွေ့လိုက်ရတယ်...
"ညီလေ.. လိုင်စင်လေးတဆိတ်လောက်..."
"အန်... ဟုတ်..."
သူတော်တော် လန့်သွားတယ်.. တုန်တုန်ရီရီနဲ့ ထုတ်ပေးလိုက်တယ်..။
လိုင်စင်အစား ဖြတ်ပိုင်းတစ်ခု သူကလက်ထဲ ပြန်ရောက်လာတော့ သူငိုရမလို ရီရမလို မျက်နှာလေးနဲ့..
"သွားပြီ.. မုန့်ဖိုးတွေတော့ ကုန်ပါပြီ.. အိမ်က သိရင်တော့ နားပူတော့မှာပဲ.."
"မင်းက သေချာမှ မကြည့်တာ... ငါကလည်း မင်းကို စကားတွေနဲ့ အနှောင့်အယှက်ပေးမိတယ်.."
"ကဲထားပါ... မင်း အမှားမဟုတ်ပါဘူး.. ငါ မှ လမ်းအထာ မသိတာ..."
"ကဲ.. ကိုလပြည့် စကားလျော့ပြော... လမ်းကို ဂရုစိုက်.. ကားကို သေချာမောင်း.. ထပ် အဖမ်းခံနေရမယ်.."
"လမင်း.. မင်း လာမောင်းကွာ..."
ပြောရင်နဲ့ လမ်းဘေးမှာ ကားထိုးရပ်လိုက်တယ်... ပြီးတော့ သူဆင်းလိုက်ပြီး.. ကျွန်တော့်ကို ကားသော့ ပစ်ပေးလိုက်တယ်...
"လမင်း ဆင်းလေ.. မင်း မောင်း..."
ကျွန်တော်လည်း မထူးတော့ပြီမို့ မောင်းရတော့တာပေါ့..
ဗိုလ်အောင်ကျော်လမ်းတော့ စာတိုက်ကြီးနားမှာ ပါကင်ရှာမရ... ဒါနဲ့ပဲ.. အလယ်ဘလောက်မှာ သွားရပ်ရတယ်... ဧရာ ဟိုတယ်ရှေ့နားမှာ ကားရပ်ပြီးတော့ အောက်ဖက်ကို လမ်းပြန်လျှောက်ကြတယ်...
"မင်းတို့ရန်ကုန်က ကားတော်တော် ရှုပ်တယ်.. ငါတော့ ခေါင်တောင်မူးတယ်.."
"မန္တလေးလည်း မထူးပါဘူး..."
"တော်ပြီကွာ.. နောက် ကားမယူခဲ့တော့ဘူး....မင်းနဲ့ပဲ ဘတ်စကား စီးတော့မယ်.."
BC ရောက်တော့ Reception desk မှာ သူ member ဝင်ဖို့လုပ်.. ပြီးတော့ သူ့ကို စာကြည့်တိုက်ထဲ လိုက်ပြ.. သူ စာအုပ်တွေကို ဘယ်လိုရှာရမှန်းမသိဘူး.. ဒါနဲ့ Inquery Computer မှာ ရှာပုံရှာနည်းတွေပြ.. နောက်တော့ သူဖတ်ချင်တဲ့ စာအုပ်တွေသူရှာ.. ကျွန်တော်လည်း ဖတ်စရာ ဝတ္ထုတစ်အုပ်ယူလိုက်ပြီး စာကြည့်စားပွဲတစ်ခုမှာ ထိုင်လိုက်တယ်..။ ခဏနေတော့ သူ့လက်ထဲမှာ စာအုပ်သုံးအုပ်လောက်ပါလာတယ်..။
"အတော်ပဲ ခုမှပဲ သွားစရာတစ်ခုတိုးလာတယ်.. နောက် မင်းနဲ့ အတူ လာလို့ရပြီ..."
"အေးပါ... မင်းပျော်ရင် ပြီးတာပဲ...'
"လမင်း... ငါ မင်းနဲ့လိုက်လာတာ မင်းမပျော်ဘူလား..."
"ပျော်ပါတယ်ကွာ... အရင်ကတစ်ယောက်ထည်းလာနေကျဆိုတော့ အခုမင်းပါတော့ ငါ မပျင်းတော့ဘူးပေါ့.."
ဒီလိုနဲ့ ကျွန်တော်တို့ စာကြည့်တိုက်ထဲမှာ ၂ နာရီလောက်နေပြီးတော့ ပြန်ထွက်လာခဲ့ကြတယ်... ပြီးတော့ နေ့လည်စာကို ဗိုလ်ချုပ်ဈေးမှာ သွားစားကြတယ်.. သူကတော့ ပြောထားတဲ့အတိုင်း ကားလုံးဝမမောင်းတော့ဘဲ ဘေးကနေ လိုက်စီးတယ်..။ အဲဒီအချိန်မှာ City FM က ဇော်ပိုင်ရဲ့ ပြန်ဆုံမယ့်ညနေ သီချင်းလွှင့်နေတယ်..။ ဘာရယ်တော့မဟုတ်.. ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မတိုင်ပင်ဘဲ လှည့်ကြည့်မိကြတယ်..။ ကျွန်တော်တို့ စံရိပ်ငြိမ်ပြန်ရောက်တော့ ညနေ ၄ နာရီထိုးတော့မယ်..။
"လပြည့်.. ငါ ဒီမှာပဲဆင်းလိုက်တော့မယ်.. မင်းအိမ်က တွေ့သွားရင် မကြိုက်ဘဲ နေဦးမယ်..."
"ငါ လိုက်ပို့မယ်လေ.."
"နောက်မှပဲလိုက်ပို့ပါကွာ... မင်းအပြန်ကျရင် အဆင်မပြေဘဲနေဦးမယ်..။"
"ဒါဆိုလဲ အိမ်ရောက်ရင် ဖုန်းဆက်လိုက်..."
"မင်းဖုန်းနံပါတ်မှ ငါမသိတာ.. ပေး.."
ပြီးတော့ သူကားမောင်းထွက်သွားတယ်...။ ကျွန်တော်လည်း လိုင်းကားရောက်လာတာနဲ့ တက်လိုက်လာခဲ့တယ်..။ ကျွန်တော်အိမ်ရောက်တော့ ရေမိုးချိုး..၊ ထမင်းစားပြီးတော့ ခဏနားလိုက်တာ သူ့ကို ဖုန်းခေါ်ဖို့ မေ့သွားတယ်...။ ည ၉ နာရီလောက်ကျတော့ သူဖုန်းဆက်လာတယ်..။
"လမင်း ဘာလို့ ဖုန်းမခေါ်တာလဲ.."
"ငါမေ့သွားတယ်ကွာ... ခဏနားတာ အိပ်ပျော်သွားတယ်...။"
"အေးပါ... မင်း ငါ့ကို မခင်ပါဘူးကွာ..."
" အဲလို မဟုတ်ပါဘူး..လပြည့်ရာ.. ငါ အိပ်ပျော်သွားလို့ပါ..."
"ကဲထားပါ... မနက်ဖြန် မင်းကျောင်းတက်ဦးမှာလား..."
"မလာဘူးလေး.. မနက်ဖြန် စနေနေ့လေ.. ကျောင်းပိတ်တယ်..."
"ဒါဆို မင်းဘယ်သွားဦးမှာလဲ..?"
"မသွားဘူး... စာကျက်မယ်.. အိမ်မှာ လုပ်စရာလေးတွေလည်း ရှိသေးတယ်..."
"ငါ့ဆီကိုတော့ လာခဲ့ပါကွာ... ငါ ပျင်းလို့.. ပြီးတော့ ငါ မင်းနဲ့ အတူရုပ်ရှင်သွားကြည့်ချင်လို့.."
"ညနေဘက်အားရင် လာခဲ့မယ်လေ.. ကန်ဘောင်မှာ ဆုံတာပေါ့..."
"တကယ်လား.. ကတိနော်.... ဘယ်အချိန်လာမှာလဲ..."
"ငါ ဖုန်းဆက်လိုက်မယ်...'
"ဒါဆို ဒါပဲ.."
သူပဲပြောပြီး.. သူပဲ ဖုန်းချသွားတယ်...။
888888
ကျွန်တော် တွေးမိတယ်... အဲဒီနေ့က ရုပ်ရှင်ကြည့်ဖြစ်ခဲ့ခြင်းက ကျွန်တော်နှစ်ယောက်ကို တစ်ဘဝလုံးစာ အမှတ်တရတွေ ဖြစ်အောင် ဖန်တီးပေးခဲ့တာလား.....။
888888
ကျွန်တော် အတွေးစပြတ်တော့ ကားက လေဆိပ် ဝန်ထမ်း အဝင်ဝ ရောက်နေပြီ...။ တစ်နေ့တာ လုပ်ငန်းခွင် ဝင်ရတော့မှာပေါ့...။ စိတ်ကတော့ လွန်ခဲ့တဲ့ ၄ နှစ်ကျော်မှာ အတွေးနယ်ချဲ့ချင်တုန်းပါပဲ...
လပြည့်မောင်... မင်းကတော့ ငါအတွက် ကမ္ဘေ ကမ္ဘာ အမှတ်တရ ဖြစ်မယ့် သူငယ်ချင်းပါပဲကွာ...
(ဆက်ရန်....)

No comments: