Sunday, November 22, 2009

မေတ္တာနှင့် ယှဉ်သော ( အပိုင်း - ၁)

Good Morining Ladies and gentlemen, our flight Thai Airways Internationl 303 is now going to land in 15 minutes to Yangon International Airport. Please be reminded to fasten the seat belt and crews will be checking for safety.

ကပ္ပတိန်ရဲ့ ကြေငြာသံ အဆုံးမှာ ကျွန်တော် ခါးပတ် ပြန်ပတ်လိုက်တယ်... လေယာဉ်အမှုထမ်းတွေလည်း လိုအပ်တာတွေ လိုက်လုပ်ပေးပြီး သူတို့နဲ့ ဆိုင်ရာ နေရာမှာ နေရာယူလိုက်ကြတယ်..။ ကျွန်တော် ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်...။ ဟော.. ရွှေတိဂုံစေတီတော်မြတ်ကြီးကို မနက်ခင်းနေရောင်ဲခည်အောက်မှာ တွေ့လိုက်ရတယ်...။ ကျွန်တော် ရင်တွေ ခုန်လာတယ်..။
မကြာခင် ကျွန်တော် ရန်ကုန်မြေကို နင်းခွင့်ရတော့မယ်..။ ၃ နှစ်တောင် ဝေးနေခဲ့တဲ့ အမိမြေ...။ လွမ်းလိုက်ပါဘိ...။

လေယာဉ်က ပြေးလမ်းပေါ်ကို နင်းလိုက်တယ်... ပတ်ဝန်းကျင်မှာ ဘာမှ ပြောင်းလဲတာ သိပ်မတွေ့ရ.. လေဆိပ် အဆောက်အဦးကတော့ ပြောင်းလဲသွားပြီ...။ လေယာဉ်ဆိုက်တော့ ကျွန်တော် နေရာက ထလိုက်ပြီး.. ပစ္စည်းတွေယူလိုက်တယ်...။ ကျွန်တော့်နေရာက Business class မှာဆိုတော့ အရင် ဆင်းရမယ်..။ ဘာမှတော့ အများကြီးမပါ..။ သုဝဏ္ဏဘူမိက ဝယ်လာတဲ့ ဝီစကီနဲ့ ဆေးလိပ်တွေ.. နောက် ကျောပိုးအိတ်တစ်လုံး.. ဒါပဲ...။ လေယာဉ်ထဲကနေ ထွက်လိုက်တယ်...။ တံတားထဲကနေတဆင့် အဆောက်အဦးထဲ ဝင်လိုက်တယ်..။ တော်တော် ပြင်ဆင်ထားတာပဲ...။
Passport Control မရောက်ခင် ကျွန်တော် ပတ်စ်ပို့ ထုတ်လိုက်တယ်.. ပြီးတော့ ထုံးစံအတိုင်း ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဝင်ဖို့အရေး ရွှေလမ်းငွေလမ်းခင်ဖို့ ပြင်ရသေးတယ်...။ အဲဒါပြီးတော့ ကျွန်တော် custom ဖြတ်တယ်..။ ပါသွားပြီ စီးကရက် တစ်တောင့်...။ ကျွန်တော် laggage ရွေးတဲ့ နေရာရောက်တော့ စောင့်ရသေးတယ်...။ ကျွန်တော် အပြင်ရောက်ချင်ပြီ...။ ရင်တွေလည်း ခုန်နေပြီ...။ သူလာကြိုမှာဆိုတော့ တွေ့ချင်လှပြီ..။
ကျွန်တော် laggage ရပြီးတော့ တွန်းလှည်းနဲ့ တင်လာခဲ့တယ်... အပြင်မှာ လူတွေ ဆူညံနေကြတယ်.. နှုတ်ဆက်ကြ.. ပွေ့ဖက်ကြ.. ပျော်စရာ မြင်ကွင်းပေါ့... ကျွန်တော် သူ့ကို လူတွေကြားမှာ ရှာကြည့်တယ်...။ အဲ.. သူဆိုတာက ကျွန်တော့် ကျောင်းနေဖက်.. ငယ်သူငယ်ချင်း.. အချစ်ဆုံးသူငယ်ချင်း.. ရဲနိုင်ထွန်း....။ အမြဲတမ်း ကျွန်တော်နဲ့ ပတ်သက်လာရင် အနွံအတာ ခံတဲ့ သူငယ်ချင်း...။ ပြီးတော့....................

"ဟေ့... ခိုင်ခန့်.. ငါဒီမှာကွ.."

ခေါ်သံနဲ့ အတူ ကျွန်တော့်ဆီကို သူ အပြေးလာခဲ့တယ်...။ ကျွန်တော်သူ့ကို အပြေးလေး ဖက်မိတယ်..။ သူငယ်ချင်းနှစ်ယောက် တော်တော် ကြာကြာ ဖက်ထားမိတယ်...။ အဲဒီအချိန် ကျွန်တော်ခံစားမိတာက နှစ်ယောက်လုံးရဲ့ ရင်ခုန်သံ...။ ခဏကြာတော့ ကျွန်တော်တို့နှစ်ယောက် ပြန်သတိဝင်လာတယ်...။

"ငါ့ကောင်ကြီးက ၃ နှစ်တောင် မပြန်ဘဲနေနိုင်တယ်ကွာ..."
"ပြန်ချင်တာပေါ့ကွာ.. အဆင်မပြေလို့ ခုမှပဲ ပြန်နိုင်တော့တယ်..."
"ကဲလာ... မင်း ဘာစားပြီးပြီလဲ လမ်းမှာ တစ်ခုခု စားဦးမလား..."
"စားမယ်.. ငါ လေယာဉ်ပေါ်မှာ စားခဲ့တာ အဆင်မပြေလို့..."
"ဒါဆို Million Coins မှာ စားမလား..."
"မစားဘူး.. လဘက်ရည်လောက်ပဲ သောက်မယ်လေ.."
"အေး.. မဟာနွယ်မှာ သောက်မယ်လေ.."

သူကျွန်တော့်ဆီက ပစ္စည်းတချို့ ဝိုင်းသယ်ပေးတယ်...။ သူ့ကားကို သိပ်မဝေးတဲ့ နေရာမှာ ရပ်ထားတော့ အဆင်ပြေသွားတယ်...။

"မင်းပြန်လာမယ်ဆိုတာ သိကတည်းက ငါ အရမ်းပျော်နေတာကွ..."
"တော်ပါကွာ.. ၃ နှစ်လုံး စာလေးတစ်စောင်တောင် ရေးဖော်မရပဲနဲ့ ခုမှ လာလွမ်းမနေနဲ့..."
"အဲလို မပြောပါနဲ့ကွာ... ငါ့ အလုပ်လည်း မင်းသိသားနဲ့.. မင်းဖုန်းဆက်တိုင်း ငါ အချိန်ပေးခဲ့တာလည်း ပြောဦးလေ..."
"မင်း အချိန်မပေးလည်း ငါ မခေါ်ရုံပေါ့ကွာ..."
"ထားပါ... မင်းကလေ.. အလုပ်တွေသာလုပ်နေတာ.. ငါနဲ့ စကားနိုင်လုဖို့ကျတော့ အရင်အတိုင်းပဲ..."
"ဟုတ်တယ်... မင်းနဲ့ စကားနိုင်လုဖို့ ပြန်လာတာ..."
"ဟုတ်ပါပြီကွာ.. လုပါ.. ငါက မင်းကို အရှုံးပေးဖို့ စောင့်နေတာပါ.. မင်း ခု ခွင့်က ဘယ်လောက်ကြာမှာလဲ..."
" တစ်လပဲကွ.. ငါ ၂၈ ရက်နေ့ ပြန်မှာ.."

ကျွန်တော်တို့ စကားစ ပြတ်သွားတယ်...။ သူ ကားကို မဟာနွယ်ရှေ့ဘက်မှာ ရပ်လိုက်တယ်...။ မြောက်ဥက္ကလာကတော့ အရင်အတိုင်း.. ဘတ်(စ)ကား ဂိတ်မှာ လူတွေ များနေဆဲပါ....။ အချိန်ကတော့ မနက် ၁ဝ နာရီကျော်..။ လဘက်ရည်မှာတော့ သူကပဲ ကျွန်တော့် အကြိုက်အတိုင်း ချိုကျမှာလိုက်တယ်..။ သူတစ်ခွက် ကျွန်တော် တစ်ခွက်ပေါ့..။ မုန့်ကတော့ ကျွန်တော် အရမ်းစားချင်နေတဲ့ ကီးမား ပလာတာပဲ မှာလိုက်တယ်..။ တကယ်တော့ ကျွန်တော် အိမ်ကို အရင်ပြန်ပြီး အမေချက်တဲ့ ထမင်းနဲ့ ဟင်းကို စားချင်တာပါ..။ ဒါပေမယ့် သူနဲ့ ကျွန်တော် ခဏလောက် အချိန်ဖြုန်းချင်တာနဲ့ပဲ လဘက်ရည်ဆိုင်ဝင်ထိုင်လိုက်တာ...။ လေဆိပ်မှာတုန်းကတော့ ပင်ပန်းမှန်းသိပ်မသိခဲ့ဘူး.. ခုမှ လူက အိပ်ချင်နေတယ်..။

“ခိုင်ခန့်.. ဘာတွေ တွေးနေတာလဲ..”

“ဘာမှ မဟုတ်ပါဘူးကွာ.. ခုမှ လူက ပင်ပန်းနေသလားလို့ပါ..”

“ဒါဆိုလည်း စားပြီးရင် အိမ်ပြန်ကြမယ်လေ.. မင်း အမေလည်း စောင့်နေတယ်..”

“အေးပါကွာ.. မင်းနဲ့ ခဏအချိန်ဖြုန်းချင်လို့ ပြီးတော့ မြန်မာပြည်က လဘက်ရည်ကို သောက်ချင်နေတာလည်း ကြာပြီလေ..”

“သိပါတယ်ကွာ.. ပင်ပန်းနေရင်တော့ အေးဆေးနားရမှာပေါ့.. မင်းနဲ့ ငါ တစ်လုံး မင်းပြန်မယ့်နေ့အထိ တွေ့လို့ရနေတာပဲလေ..”

ဒါနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် လဘက်ရည်သောက် မှာထားတဲ့ မုန့်ကို နှစ်ယောက်မျှစားပြီးထွက်ခဲ့ကြတယ်..။ ကားပေါ်တက်ကာနီးကျတော့...

“ကိုရဲ.. ငါမောင်းမယ်ကွာ..”
“ဖြစ်ရဲ့လား.. ပင်ပန်းနေတယ်ဆို..”
“အေးဆေးပါကွာ.. ဟိုမှာလည်း ငါ အလုပ် အသွားအပြန် ၁ နာရီခရီးကို မောင်းနေကျပါ..”

ပြောရင်းဆိုရင်း သူ့ဆီက ကားသော့ကို ယူလိုက်ပြီး ကျွန်တော် ယာဉ်မောင်းနေရာမှာ ဝင်ထိုင်လိုက်တယ်..။ ကားကို ဂငယ်ကွေ့ ကွေ့လိုက်ပြီး.. ကျွန်တော်အိမ်ရှိရာ ရပ်ကွက်ကို ဦးတည်းလိုက်တယ်...။ မြန်မာပြည်ကလမ်းတွေကတော့ ကျွန်တော် မသွားခင်က အတိုင်းပဲ ထပ်တစ်ရာ လမ်းပေါ့ဗျာ..။ ပြီးတော့လည်း ဘာကိုမှ မကြောက်တဲ့လူတွေကိုလည်း ကားမောင်းရင်းနဲ့ သတိထားနေရတယ်.. တော်ကြာ မြန်မာပြည်ရောက်ရောက်ချင်း ရဲစခန်းမှာ အလျော်ဇယားခင်းနေရမယ်လေ..။ ခဏကြာတော့ ကျွန်တော့်အိမ်ရှိရာ ရတနာကျွန်းရပ်ကွက်ထိပ်ကိုရောက်လာတယ်..။ ကားကို လမ်းထဲကွေ့လိုက်တယ်..။

“ခိုင်ခန့်.. မင်းကားမောင်းတာ အရင်ကနဲ့ တော်တော်ကွာတယ်နော်.. အိနြေ္ဒရနေတယ်..”

ကျွန်တော် ပြုံးနေလိုက်တယ်.. အရင်က ကျွန်တော်ကားမောင်းရင် သူက ခါးပတ်ပတ်တဲ့ အပြင် ရှေ့ကို ခြေကန်ပြီး စီးရတယ်လေ.. ပြီးတော့ အိမ်မှာ ဘုရားရှိခိုးဖို့ပျင်းတဲ့ သူ ကျွန်တော်မောင်တဲ့ကားစီးရင်း ဘုရားရှိခိုးဖြစ်သွားတယ်..။

လမ်းလေးကတော့ အရင်ကအတိုင်းပဲ ဆိတ်ငြိမ်ရပ်ကွက်ပီပီ လူသူရှင်းနေသလို ကားလည်း ရှင်းနေတယ်...။ စိတ်ထဲမှာလည်း လွမ်းလွမ်းဆွေးဆွေး ဖြစ်သွားတယ်..။ ကျွန်တော်တို့နှစ်ယောက် အရင်က ဒီလမ်းလေးထဲမှာ စက်ဘီးတူတူစီးနေကျလေ.. ပြီးတော့ လမ်းတူတူလျှောက်ရင်း ကြည်နူးနေကျ..။ မောင်းနေရင်းနဲ့ ကျွန်တော့်အိမ်ရှေ့နားရောက်လာတယ်...။ ကားကို အရှိန်လျှော့ရင်း အိမ်ကို ကြည့်မိတယ်...။ ဘာမှ မပြောင်းလဲဘူး...။ ကျွန်တော် အိမ်ရှေ့ကို ဆက်မောင်းလိုက်ပြီး ဟွန်းတီးလိုက်တယ်...။

ခြံတံခါးပွင့်လာတော့ ကားကို ခြံထဲမောင်းလိုက်တယ်..။ အမေနဲ့ ညီတွေက အိမ်ရှေ့မှာ ထွက်စောင့်နေတယ်..။ ခြံတံခါးဖွင့်ပေးတဲ့သူက ကျွန်တော်တို့အိမ်ရဲ့ လူယုံကြီး ဦးမောင်..။

“သားကြီး ပြန်ရောက်ပြီ မိချိုရေ.. နင့်မောင်ကို အထုတ်တွေ ဝိုင်းကူသယ်ပေးပါဦး..”

အမေက အိမ်မှာ ကူဖော်လောင်ဖက်ခေါ်ထားတဲ့ မချိုကို အော်ခေါ်လိုက်တယ်..။ ဦးမောင်ကလည်း ကားနောက်ဖုံးဖွင့်ပြီး အထုတ်တွေ ကူချပေးတယ်..။

“နေပါစေ ဦးမောင်.. မချို ထားခဲ့.. ကျွန်တော့်ဘာသာ ကျွန်တော်သယ်မယ်..”

ကျွန်တော်ကပဲ တားလိုက်ပြီး အားလုံးကို အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်...။ အမေက ကျွန်တော့်ကို ပွေ့ဖက်ပြီး

“ငါ့သားက အသားတွေဖြူလာပြီး နည်းနည်း ဝလာတယ်နော်..”
“ကိုကြီး ညီမလေးဖို့ ဘာပါလာလဲ..”

ညီမလေးက အိမ်ပေါ်က အပြေးဆင်းလာရင်းနဲ့ မေးရှာတယ်..။ ကျွန်တော်လည်း အထုတ်တွေကို ကျွန်တော့်အခန်းဘက်ကို သယ်သွားလိုက်တယ်.. ကိုရဲ (ရဲနိုင်ထွန်း) ကလည်း ကူသယ်ပေးရှာတယ်..။ အခန်းထဲရောက်တော့ ကျွန်တော် အံ့အားသင့်သွားတယ်..။

“သား ထွက်သွားကတည်းက အခန်းကို ဒီအတိုင်းထားထားတယ်..။ မင်းမကြိုက်တဲ့ အတိုင်း ဘယ်သူမှ ဒီအခန်းထဲကို မဝင်ဘူး...။ တစ်ပတ်တစ်ခါ ဖုန်လှဲ ဖုန်ခါ လုပ်တဲ့ အချိန်ပဲ မချိုနဲ့ အမေ ဝင်ပြီး ရှင်းပေးထားတယ်..။ အိပ်ရာကိုတော့ မနေ့ကတည်းက ကိုရဲလာပြင်ပေးထားတယ်..။”

ကျွန်တော့်အခန်းက ကျွန်တော် ထွက်သွားတဲ့ ညနေက အတိုင်းပဲ..။ အမေက ကျွန်တော့်နောက်ကနေ လိုက်ဝင်လာပြီး ပြောသွားတယ်..။ ကျွန်တော် ကိုရဲကို ကြည့်လိုက်တယ်..။

“ဘယ်လိုလဲ မင်းကြိုက်တယ်မဟုတ်လား.. မင်းကြိုက်တဲ့အတိုင်း ငါပြင်ပေးထားတယ်...။”

ကျွန်တော် ကြိုက်တဲ့ အရောင်နဲ့ ခန်းဆီးကိုရော အိပ်ရာကိုပါ ဆင်တူ ပြင်ထားပေးတယ်..။ နို့သစ်ခွရောင်နဲ့ တခန်းလုံးကို အလှဆင်ထားတယ်လေ..။

“သားပင်ပန်လာတယ်မဟုတ်လား.. နားလိုက်ဦးလေ.. ညနေကျမှ အထုတ်ဖြည်ကြတာပေါ့..”

“ကိုခိုင်ခန့်.. ထမင်းစားလိုက်လေ. မချို ကိုခိုင်ခန့်ကြိုက်တဲ့ ဟင်းတွေ ချက်ထားတယ်..”

“ရတယ်..မချို.. ကျွန်တော် ခဏအိပ်လိုက်ဦးမယ်.. နိုးလာမှ စားမယ်... အော် ကိုရဲ ခဏနေဦး..”

အမေက ကျွန်တော်တို့ကို ပြုံးပြီး ထွက်သွားတယ်..။ မချိုကတော့ သူချက်ထားတာတွေကို ညနေမှ စားမယ်ဆိုတော့ စူပုတ်ပြီးထွက်သွားတယ်..။ သူကလည်း ကျွန်တော် ငယ်ငယ်ကတည်းက အိမ်ကိုရောက်နေတာလေ..။ အိမ်အတွင်းရေးမှူးလို့တောင် ပြောလို့ရတယ်..။

အားလုံးထွက်သွားတော့ ကျွန်တော် အခန်းတံခါးကို ပိတ်လိုက်တယ်..။ ပြီးတော့ ကျွန်တော် ကိုရဲကို ဖက်ထားလိုက်တယ်..။ သူကလည်း ကျွန်တော့်ကို ညင်ညင်သာသာ ပြန်ဖက်လိုက်တယ်..။ ကျွန်တော် သူ့ပါးကို နမ်းလိုက်တယ်..။

“ကိုရဲ.. မင်းကို ငါ အရမ်းသတိရတယ်ကွာ.. မင်းနဲ့ ဖုန်းပြောတိုင်း မင်းနားကို ပြေးလာလိုက်ချင်တယ်..”

“ငါလည်း တူတူပါပဲ ခိုင်ခန့်ရာ.. မင်းထွက်သွားတဲ့နေ့က ငါလိုက်မပို့လိုက်ရဘူး.. အဲဒီကတည်းက ငါ မင်းကို လွမ်းနေတာ..”

ကျွန်တော်တို့ နှစ်ယောက် အိပ်ရာပေါ်မှာထိုင်လိုက်ကြတယ်.. ပြီးတော့ တစ်ယောက်ကို တစ်ယောက် ကြည်နူးလွမ်းဆွတ်စွာ ကြည့်နေမိကြတယ်..။ ရုတ်တရက် သူ ကျွန်တော့်နှုတ်ခမ်းကို နမ်းလိုက်ပြီး

“ဒီနှုတ်ခမ်းလေးကို ပိုလွမ်းတယ်.. ပွစိပွစိ ပြောတတ်တာရယ် ကြည်နူးအောင် ပြောတတ်တာရယ်.. အားလုံးပဲ..”
“အေးပါ.. ယုံပါတယ်.. အော်.. မင်းအတွက် လက်ဆောင်ပါတယ်..”
“ဘာလဲ..”
“မင်းလိုချင်နေတာလေ..”

ကျွန်တော် ပြောဆိုရင်းနဲ့ အထုတ်ဖွင့်လိုက်ပြီး သူ့အတွက် ဝယ်လာတာ ထုတ်ပေးလိုက်တယ်.. ဘာရယ်တော့မဟုတ်ပါဘူး.. NOKIA Handset လေးပါ..။ သူပျော်သွားတယ်...။ သူ့ဖုန်းက ဟောင်းနေပြီလေ..။ ပြီးတော့ ခုဖုန်းက ကျွန်တော်ဖုန်းနဲ့ ဆင်တူလေး ဝယ်ခဲ့တာလေ..။

သူ အရမ်းပျော်သွားတယ်..။

“တော်တော် ချစ်ဖို့ကောင်းတဲ့ ကောင်... ငါက ပါမှ ပါပါ့မလားလို့..”
“မင်း မှာနေတာပဲလေ.. နောက်တစ်ခု ပါသေးတယ်...”

ကျွန်တော် ဖုန်းမှာ တပ်တဲ့ ချိန်းကြိုးလေး နှစ်ချောင်း ထုတ်ပေးလိုက်တယ်..။ နှစ်ခုလုံး ဆင်တူလုပ်ခဲ့တာလေ..။

“ကိုရဲ.. ဒီ ချိန်းကြိုးလေးနှစ်ချောင်းက မင်းနဲ့ ငါ နှစ်ယောက်လုံးရဲ့ နာမည်တွေပါအောင် ငါ လုပ်ခဲ့တာ.. ဘယ်တော့မှ မပျောက်စေနဲ့နော်..”

ကျွန်တော် သူ့ဖုန်းမှာ တပ်ပေးလိုက်တယ်... သူကလည်း ကျွန်တော့်ဖုန်းမှာ တပ်ပေးတယ်..။

“ခိုင်ခန့် .. မင်းနားတော့.. ပင်ပန်းနေပြီ.. ညနေဘက် ငါပြန်လာခဲ့မယ်.. ညစာ တူတူလာစားမယ်..။ ပြီးတော့ စကားတွေ ပြောကြမယ်.. မင်းနဲ့ ပဲ အိပ်မယ်လေ..”

“အေး.. ပြီးရောလေ.. ငါ နားတော့မယ်..... ကိုရဲ.. ချစ်တယ်..”

“ငါလည်း မင်းကို ချစ်ပါတယ်..”

ပြန်ကာနီး သူ ကျွန်တော့်ကို နမ်းသွားတယ်.. ကျွန်တော် သူ့ကို ကားနား အထိ ပို့ပေးလိုက်တယ်..။ ကျွန်တော် အခန်းထဲပြန်ရောက်တော့ ကုတင်ပေါ် ခြေပစ်လက်ပစ် အိပ်လိုက်တယ်...။ ချစ်သူ ပြင်ပေးထားတဲ့ အိပ်ရတာ.. ဘာနဲ့မှ မတူဘူးနော်..။