Thursday, September 24, 2009

လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (၅)

လောကကြီးမှာ အဆန်းကြယ်ဆုံးအရာဆိုတာကို ပြောပါဆိုရင် အချစ်နဲ့ စိတ် ကိုပဲ ပြောရမယ်ဗျ...။ ဒီအရာ နှစ်ခုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ.. ဘုရား အရိယာနဲ့ အလေ့အကျင့်ရှိပြီးသား ပုဂ္ဂိုလ်များကလွဲလို့ပေါ့ဗျာ...။ ကျွန်တော်ကိုယ်တိုင်လည်း သာမန်လူသားတစ်ဦးမို့ ထိန်းချုပ်နိုင်ဖို့ရာ အခွင့်မသာခဲ့ပါဘူးဗျာ...။ ကြိုးစားခဲ့ပေမယ့် ကျွန်တော် အရှုံးကြီး ရှုံးခဲ့ရတယ်ဗျာ...။

88888

ကျွန်တော်နဲ့ လပြည့်ဟာ ကျွန်တော် ကျောင်းတက်ရတဲ့နေ့တိုင်း ဆုံလေ့ရှိပါတယ်....။ ကျောင်းပိတ်ရက်တွေမှာတော့ ဖုန်းပြောရုံလောက်ကလွဲရင် တွေ့ဖို့ ကျွန်တော်ဘက်က အဆင်မပြေတာမို့ မတွေ့နိုင်ခဲ့ကြပါဘူး...။ ကျွန်တော် စာမေးပွဲ နောက်ဆုံးနေ့ မတိုင်ခင်အထိပေါ့...။ အဲဒီအချိန်ထိ ကျွန်တော်တို့ ဆုံခဲ့ကြတာ လေးလကျော် ငါးလ နီးပါးရှိခဲ့ကြပြီ...။

88888

ကျွန်တော့် စာမေးပွဲ နောက်ဆုံးနေ့ စာမေးပွဲ ဖြေပြီး ထွက်လာချိန်မှာ ကျွန်တော်တို့ ဆုံနေကြ လဘက်ရည်ဆိုင်ကို ကျွန်တော် ထွက်လာခဲ့တယ်...။ ကျွန်တော်နဲ့ အတူ ကျွန်တော် classmate တွေပါ ပါလာကြပါတယ်... သူတို့ကလည်း လပြည့်ကို ကျွန်တော့်ကို ခင်သလို ခင်နေကြပြီမို့ ကျွန်တော်တို့ နှစ်ယောက်ကို အဆန်းမဟုတ်တော့ပါဘူး... ကျွန်တော်တို့ကလည်း ဘာအဆန်းမှလည်း မဖြစ်ခဲ့ကြပဲကိုး...။ သူနဲ့ ကျွန်တော်ကို သူတို့က အရမ်းခင်တဲ့ သူငယ်ချင်းနှစ်ယောက်လို့ပဲ သိထားခဲ့ကြသလို ကျွန်တော့်တို့ကလည်း အခင်ဆုံးသူငယ်ချင်းလိုပဲ နေခဲ့ကြတယ်လေ..။ လပြည့်ကလည်း သူပြောမယ်ဆိုတဲ့ စကားတစ်ခွန်းကို ခုထိမပြောသေးတော့ ကျွန်တော်လည်း သေချာမသိသေး...။

ကျွန်တော်တို့ လဘက်ရည်ဆိုင်ရောက်တော့ အားလုံး ရီကြမောကြ ဖြစ်နေချိန်မှာ ကျွန်တော်ကတော့ လပြည့်ကိုပဲ မျှော်နေမိတယ်... သူ ခုထိ ရောက်မလာသေး...။ ကျွန်တော့်ဘော်ဒါကြီးတွေက နောက်တပတ် dinner လုပ်မယ့်နေရာနဲ့ အချိန်ကို confirm လုပ်ပြီးထွက်သွားကြပြီ...။ ကျွန်တော်တစ်ယောက်တည်း လဘက်ရည်ဆိုင်ထဲမှာ ကျန်နေခဲ့တယ်...။ သူ ဘာလို့နောက်ကျနေပါလိမ့်...။ နောက် တစ်နာရီလောက်ကြာတဲ့အထိ သူရောက်မလာတော့ ကျွန်တော်လည်း လဘက်ရည်ဆိုင်ကနေ ထွက်ခဲ့လိုက်တယ်...။ ကျောင်းထဲက admin ကို သွားပြီး သူ့အိမ်ကို ဖုန်းခေါ်ကြည့်တယ်...။ ဘယ်သူ့မှ ဖုန်းမကိုင်...။ ကျွန်တော်လည်း စိတ်ထဲမှာ တစ်မျိုးဖြစ်လာလို့ သူ့အိမ်ဘက်ကို ထွက်ခဲ့တယ်...။ သူ့အိမ်မှာလည်း ဘယ်သူမှ မရှိ...။ ကျွန်တော်လည်း စိတ်ထဲမှာ စနိုးစနောင့် ဖြစ်နေခဲ့ပေမယ့် သွားစရာတွေကလည်း ရှိသေးတာမို့ ကျွန်တော် ထွက်ခဲ့တယ်...။ ကျွန်တော့် ထုံးစံ အတိုင်း BC မှာ စာအုပ်ပြန်အပ်ရင်း ဖတ်စရာရှိတာလေးတွေ ဖတ်ရင်းခဏ ထိုင်နေခဲ့တယ်..။ Reception က ကျွန်တော့်နာမည်ကို ကြေငြာတော့ ကျွန်တော့် အိမ်က ဖုန်းဆက်တယ်လို့ ထင်မိတယ်..။ Reception ကိုရောက်တော့ လပြည့်ဆီက ဖုန်းဖြစ်နေတယ်...။

"လမင်း... နေကောင်းလား... စာမေးပွဲ ဖြေနိုင်လား..."

"လပြည့်ရာ.. ငါက မင်းကို မျှော်နေတာ.. မင်းအိမ်ကို အိမ်မှာ သွားရှာသေးတယ်..။ ဘယ်သူမှ မရှိလို့... ခု ငါဒီမှာ ရှိမှန်း မင်းဘယ်လိုသိလဲ.."

"မင်း အိမ်ကို ဖုန်းဆက်တော့ မင်းမရှိဘူးဆိုလို့ ငါ ဒီကို ဆက်လိုက်တာ..."

"ခု မင်း ဘယ်မှာလဲ..."

"မန္တလေးမှာလေ.."

"ဘယ်လို"

"ဟုတ်တယ်.. မန္တလေးမှာ အရေးပေါ်ကိစ္စလေးဖြစ်လို့ ငါ မနက်က ရရာ လေယာဉ်နဲ့ ထွက်ခဲ့တာ.. ငါမင်းအိမ်ကို လေဆိပ်ကနေ ဖုန်းခေါ်သေးတယ်... မင်းကထွက်သွားပြီဆိုလို့ မင်းကို အကြောင်းမကြားတာမမီလိုက်ဘူး..။ မင်းငါ့ကို စောင့်နေမယ် ဆိုတာ ငါသိတယ်..။"

" အေး ... ငါစောင့်နေသေးတယ်..."

"လမင်း.. မနက်ဖြန် မင်းမွေးနေ့နော်..."

"ဟာ... အေး ဟုတ်သားပဲ.. မေ့နေတာကြည့်စမ်း... အဲ မင်းက ဒီမှာမှ မရှိတာ... အေးလေ.. ဘယ်တတ်နိုင်ပါ့မလဲ အရေးပေါ်ကိစ္စဆိုတော့လဲ... ရပါတယ်... ငါ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပြီး ငါ့မိသားစုနဲ့ပဲ ငါ လုပ်လိုက်တော့မယ်..။"

"မင်း.. ငါရှိမယ်ဆိုရင် မင်းဘာလုပ်မလဲ..."

"ဘာမှတော့ မလုပ်ပါဘူး... ညစာ တူတူ ထွက်စားမလားလို့ပါ..."

"တကယ်လား..."

"အေးလေ.. မင်းမရှိတော့ မင်းပြန်လာမှပဲ ကျွေးတော့မယ်.. ဒါဆို မင်းမွေးနေ့လဲ မင်းဒီမှာမရှိဘူးပေါ့..."

"မင်းငါနဲ့ မွေးနေ့မှာ တူတူရှိချင်တာ သေချာလား..."

"ကဲ တကယ်ပါဆို... မင်းမယုံဘူးလား... "

"ယုံပါတယ်ဗျာ... ထားပါ.. မင်းမနက်ဖြန် ဘုန်ကြီးကျောင်း ဘယ်အချိန်သွားမှာလဲ..."

"နေ့ဆွမ်းမတိုင်ခင် ၉ နာရီလောက် အိမ်ကထွက်မယ်လေ.. မင်းဘာလုပ်မလို့လဲ..."

"ဘာမှ မလုပ်ဘူး... ၉ နာရီ ၁ဝ မိနစ်လောက်နေမှ အိမ်ကထွက်... ဒါပဲ.."

"ဘာကိစ္စမိုလို့ ငါက စောင့်ရမှာလဲ..."

"မင်းတော်တော် လျှာရှည်တာပဲ.. စောင့်မှာလား မစောင့်ဘူလား ပြော.."

"ကဲပါ.. စောင့်ဆိုလည်း စောင့်ပါ့မယ်..."

"ပြီရော... ဒါပဲ..."

ပြောပြောဆိုဆို သူ ဖုန်းချသွားတယ်...။ ကျွန်တော့်ကို Reception က အမျိုးသမီးက ၃ မိနစ်ကျော်သွားတဲ့ အတွက် service card တောင်းတယ်....။ သွားပြီ.. တကွက်...။ ကျွန်တော်လည်း ဖတ်နေတဲ့ မဂ္ဂဇင်းကို လက်စသတ်ပြီး ငှားစရာရှိတာ ငှားပြီး ထွက်လာခဲ့တယ်..။ ပြီးတော့ သွားစရာ ရှိတာ သွား... လုပ်စရာရှိတာလေးတွေ လုပ်ပြီး အိမ်ပြန်ခဲ့တယ်...။ အိမ်ပြန်ရောက်တော့ ညနေ ၄ နာရီထိုးပြီး..။ အမေက မနက်ဖြန် ဆွမ်းချိုင့်အတွက် ဈေးဝယ်ထွက်ဖို့ စောင့်နေလေရဲ့..။ ဒါနဲ့ လွယ်အိတ်ဘေးချပြီး အမေနဲ့ အတူ ထွက်ခဲ့တယ်..။ ဘုရားပန်းနဲ့ ဝယ်စရာရှိတာဝယ်ပြီးပြန်ခဲ့တယ်..။ အိမ်ရောက်တော့ ဘုရားကျောင်းဆောင်နဲ့ ဘုရားခန်းကို သန့်ရှင်းရေးလုပ်ပြီး.. ရေမိုးချိုး.. ပြီးတော့ ည ၇ နာရီထိုးနေပြီ..။ အမေတို့နဲ့ ညစာ စားပြီး.. နှစ်တိုင်း လုပ်နေကျအတိုင်း ဘုရားပန်းလဲ.. သောက်တော်ရေ ကပ်.. ဆီမီးပူဇော် ပြီး ဘုရား ဝတ်ပြု.. ပြီးတော့ အမေ့ကို ကန်တော့ပြီး.. ကျွန်တော်လည်းအိပ်ရာဝင်ခဲ့တယ်.. အရမ်း ပင်ပန်းနေပြီ။

88888

"Happy Birthday လမင်း...."

ကျွန်တော် အသံကြားရာလက်လှည့်ကြည့်တော့ လပြည့်...။ သူ ကျွန်တော့်ကို ပြုံးပြီး ကြည့်နေတယ်..။ ကျွန်တော် အရမ်းအံ့ဩသွားတယ်...။ သူ ကျွန်တော်ရှိရာကို လျှောက်လာတယ်...။ သူရော ကျွန်တော်ရော ဆင်တူ ဝတ်ထားတယ်..။ သူ့ကျွန်တော့်ကိုဖက်ပြီး "mai-vous etre heurex avec votre peuple bien-aime dans votre vie." ပြင်သစ်လို "ချစ်တဲ့သူတွေနဲ့ ဘဝမှာ ပျော်ရွှင်ပါစေ"တဲ့...။ ကျွန်တော် အံ့ဩရပြန်ပြီ...။ သူဘယ်လို ကျွန်တော် ပြင်သစ်လို တတ်မှန်းသိပါလိမ့်..။ သူကရော ပြင်သစ်လို ဘယ်လို တတ်နေပါလိမ့်..။ ကျွန်တော် ဘာမှ ပြန်မပြောနိုင်လောက်အောင် အံ့ဩပြီးရင်း အံ့သြနေရပါလား....။

88888

နာရီ alam မြည်တော့ ကျွန်တော်လန့်နိုးသွားတယ်..။ ပြီးတော့ ကျွန်တော် ရီမိတယ်..။ အိပ်မက် မက်နေတာလေ...။

"သား နိုးပြီလား..."

အမေက ဘုရားကို အရုဏ်ဆွမ်းကပ်ဖို့ ပြင်ပြီးပြီ..။ ကျွန်တော်လည်း ရေမိုးချိုးပြီး ဘုရားခန်းဝင်ခဲ့တယ်..။ အမေက ကျွန်တော်နဲ့အတူ ဘုရား ဝတ်ပြုတယ်...။ ဓမ္မာစကြာရွတ်.. ပြီးတော့ ပရိတ်ရွတ်.. အားလုံးပြီးတော့ မနက် ၇ နာရီရှိပြီ...။ အငယ်နှစ်ယောက်လည်း နိုးနေပြီမို့ သားအမိတွေ မနက်စာစား ပြီးတော့ ကျွန်တော် နှစ်ဘက် အဘိုးအဘွားကို သွားကန်တော့တယ်.. အဘိုး အဘွားနဲ့ ဦးလေးတွေ အဒေါ်တွေက မုန့်ဖိုးပေးလိုက်ကြလို့ ကျွန်တော် အရမ်းပျော်သွားတယ်...။ လပြည့် ပြန်လာရင် သူနဲ့ ညစာ ထွက်စားလို့ရပြီ...။ အိမ်ပြန်ရောက်တော့ မနက် ၉ နာရီထိုးလုပြီ...။ အမေကလည်း အားလုံး အဆင်သင့်ပြင်ပြီးနေပြီ... ညီ နှစ်ယောက်ကလည်း ကျွန်တော့်အတွက် သူတို့နှစ်ယောက်စုပြီး ဝယ်ထားတဲ့ ကျွန်တော် အရမ်းကြိုက်တဲ့ ရေမွှေးကို လက်ဆောင်ပေးတယ်...။ ဒါက ကျွန်တော်တို့ ညီ အကိုတွေရဲ့ ထုံးစံ...။ ငယ်ငယ်ကတည်းက အဖေနဲ့ အမေက လုပ်ပေးခဲ့တဲ့ အကျင့်...။ တစ်ယောက်မွေးနေ့မှာ ကျန်တဲ့ နှစ်ယောက်က စုပြီး မွေးနေ့ လက်ဆောင်ဝယ်ပေးတတ်အောင်လေ..။ ကျွန်တော်လည်း ညီနှစ်ယောက်ကို အနမ်းနဲ့ ပြန်နှုတ်ဆက်လိုက်ပြီး ဘုန်ကြီးကျောင်းသွားဖို့ အဝတ်အစားဝင်လဲတယ်...။

"ကိုလမင်းဇော် ရှိပါသလားခင်ဗျာ..။"

ကျွန်တော် အဝတ်လဲပြီးချိန်မှာ အပြင်က ခေါ်သံကြားလို့ ထွက်ခဲ့လိုက်တယ်..။ လူတစ်ယောက် ပန်းစည်းတစ်ခု... ဗူးလေးတစ်ဗူးနဲ့ စာအိတ်တစ်အိတ်ကိုင်ပြီး ရပ်နေတယ်..။ ကျွန်တော် အံ့ဩစွာနဲ့ ..

"လမင်းဇော်က ကျွန်တော်ပါ...။ ဘာကိစ္စလဲခင်ဗျာ..."

"ပန်းချစ်သူ ပို့ဆောင်ရေး လုပ်ငန်းကပါ.. ကိုလမင်းဇော် နာမည်နဲ့ ပို့ပေးဖို့ ကျွန်တော်တို့ အမှာစာရှိလို့လာပို့တာပါ.. Happy Birthday ပါ ခင်ဗျာ... လက်မှတ်ထိုးပြီး လက်ခံပေးပါ..."

ကျွန်တော် ဘာပြောရမှန်းမသိ...။ ကျွန်တော်တို့ တစ်အိမ်လုံး အံ့ဩစွာ ကြည့်နေမိတယ်...။ ကျွန်တော်ဘဝမှာ ဒါမျိုး ဒီတစ်ခါပဲ ကြုံဖူးတယ်..။ ရန်ကုန်မှာ ဒီလိုမျိုး service ရှိတာ သိပေမယ့် ကိုယ်အတွက် တစ်စုံ တစ်ယောက်က လုပ်ပေးမယ်လို့ တခါမှ မတွေးမိ..။ ကျွန်တော် လက်မှတ်ထိုးပြီး လက်ခံထားလိုက်တယ်..။ ကျွန်တော် သေချာကြည့်မိတယ်..။ ပန်းစည်းက တော်တော် လှတယ်...။ နှင်းဆီ အနီနဲ့ အဖြူကို ဂန္ဓမာ ပန်း အဖြူနဲ့ ရောပြီးထိုးထားတာ..။ အမေကတော့ အံ့ဩနေဆဲပဲ.. ညီနှစ်ယောက်ကတော့ ဗူးလေးကို ဖွင့်ကြည့်ဖို့ပြောနေကြတယ်..။ ဗူးလေးကို ဖွင့်ကြည့်တော့ ပလက်တီနမ် ဆွဲကြိုးလေး တစ်ကုံး...။ စာအိတ်ကို ဆက်ဖွင့်လိုက်တော့ Birthday Card တစ်ခုနဲ့ စာတစ်စောင်.. ဖုန်းသံကြားလို့ ကိုင်လိုက်တော့ သူ... လပြည့်...

" Happy Birthday လမင်း..."

"ကျေးဇူးပဲ သူငယ်ချင်း..."

" လက်ဆောင်ရပြီလား... ကြိုက်လား..."

"ဪ.. မင်းကိုး... ငါက ဘယ်သူများပေးပါလိမ့်ဆိုပြီး အံ့ဩနေတာ..။ လပြည့်... ငါ မပြောပြတတ်အောင် ကျေးဇူးအရမ်းတင်တယ်ကွာ...။ မင်းပြန်လာရင် မင်းစားချင်တဲ့ ဆိုင်မှာ ငါလိုက်ကျွေးမယ်..။"

"တကယ်နော်... ပြီးမှ မင်းမငြင်းနဲ့နော်.."

"အေးပါကွာ... ကတိပါ.."

"လမင်း... စာဖတ်ထား... ငါပြန်လာရင် မင်းဆီက အဖြေ တစ်စုံ တစ်ခု သိချင်တယ်...။"

"အန်.... ဘာလဲ..."

"ဘာမှ မလဲဘူး... စာကိုပဲ ဖတ်ဖြစ်အောင်ဖတ်... ဒါပဲ.."

သူဖုန်းချသွားတယ်...။ ကျွန်တော် နာရီကြည့်လိုက်တော့ ၉ နာရီခွဲနေပြီ..။ နောက်ကျနေပြီမို့ ကျွန်တော် စာကို ဗီရိုထဲမှာ သိမ်းလိုက်တယ်..။ ပြီးတော့ ကျွန်တော်တို့ မိသားစု ဘုန်းကြီးကျောင်းကို ထွက်ခဲ့တယ်..။ ဘုန်းကြီးကျောင်းရောက်တော့ ၁ဝ နာရီ ကျော်ပြီ..။ ဆရာတော်ကို ဝတ်ပြုပြီး မွေးနေ့အတွက် ဆွမ်းလာပို့တာလို့ လျှောက်တော့ ဆရာတော်က မွေးနေ့ တရားချီးမြှင့်တယ်..။ ပြီးတော့ ဆွမ်းကပ်..။ နေ့ဆွမ်းချိန်ပြီးတော့ ဆရာတော်ကို ဝတ်ပြုပြီး ပြန်ခဲ့တယ်..။ အပြန်လမ်းမှာ သားအမိတွေ ဒန်ပေါက်ဝင်စားကြတယ်.....။

အိမ်ပြန်ရောက်တော့ ညီနှစ်ယောက်က ကျူရှင်သွားကြတယ်.. အမေလည်း နေ့ခင်း ခဏနားမယ်ဆိုပြီး အပေါ်ထပ်က သူ့အခန်းကို တက်သွားတယ်..။ ကျွန်တော်တစ်ယောက်တည်း အောက်ထပ်က ကျွန်တော့် အခန်းထဲမှာ... ၊ ကျွန်တော်လည်း မနက်က မဖတ်ဖြစ်တဲ့ စာကို ဖတ်ဖို့ ဗီရိုထဲက ထုတ်လိုက်တယ်..။ စာမဖတ်ခင် ဗူးထဲက ဆွဲကြိုးလေးကို ထုတ်ကြည့်မိတယ်..။ ဆွဲကြိုးလေးက နေ့ အလင်းရောက်မှာ တောက်ပနေတယ်..။ အဲ.. လော့ကတ်လေး ပါသေးတယ်..။ L ဆိုပြီး English စာလုံးလေး...။ ကျွန်တော် လည်ပင်းမှာ ဆွဲလိုက်တယ်..။ အသားညိုတဲ့ ကျွန်တော့်လည်ပင်းမှာ ဆွဲကြိုးလေးက အထင်းသား...။ ကျွန်တော်လဲ ဆွဲကြိုးပြန်မချွတ်တော့ဘဲ အဝတ်အစားလဲလိုက်တယ်..။ ပြီးတော့ ကုတင်ပေါ်မှာ လှဲရင်း စာအိပ်ကို ဖွင့်ပြီး စာဖတ်ဖို့ပြင်လိုက်တယ်..။ စာအိတ်ရော စာရွက်ပါ တော်တော် မွှေးတယ်..။ စာဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော့်ဘဝရဲ့ ပထမဆုံး ရင်ခုန်သံကို ကျွန်တော်ကြားလိုက်ရတယ်..။ လပြည့်က ကျွန်တော့်ကို ချစ်တယ်တဲ့....။ သူ့စာထဲမှာ သူက ဒီလိုရေးထားတယ်..။

" လမင်း...
ငါ မင်းကို ချစ်ခြင်းများစွာနဲ့ စာရေးလိုက်တယ်..။ မင်းမွေးနေ့မှာ ပျော်ရွှင်ပါစေလို့ အရင်ဆုတောင်းလိုက်ပါတယ်..။ ငါ မင်းရဲ့မွေးနေ့မှာ ဘာပေးရမလဲလို့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက စဉ်းစားနေခဲ့တယ်ကွာ... မင်းနဲ့ ငါ အမှတ်တရအတွက် ရိုးရိုးလေးနဲ့ ဆန်းတာကိုပေးဖို့ စဉ်းစားရင်း အခုလိုပဲ ငါစီစဉ်လိုက်တယ်..။ မင်းကို အံ့ဩအောင်လည်း ငါက လုပ်ချင်သေးတယ်လေ..။ မင်းပျော်ရွှင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်ကွာ..။ လော့ကတ်နဲ့ ဆွဲကြိုးက မင်းနဲ့ အဆင်ပြေလိမ့်မယ်လို့ ငါထင်တယ်...။

လမင်း... ငါခု မင်းကို ပြောမယ်လို့ စဉ်းစားပြီးမှ မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကို ငါပြောတော့မယ်နော်...။ မပြောခင် ငါ့ကို စိတ်မဆိုးဖို့ ကြိုပြောမယ်နော်..။ ကျန်တဲ့အပိုင်းကတော့ မင်း သဘောပါကွာ...။ မင်းနဲ့ ငါ ရှိပြီးသား သံယောဇဉ်ကိုတော့ မပျက်စီးစေချင်ဘူး...။

လမင်း.. ငါမင်းကို ချစ်တယ်...။ မဖြစ်သင့်မှန်း သိပေမယ့် ငါ မျိုသိပ်ဖို့ မဖြစ်နိုင်တော့လို့ ငါ ပြောလိုက်တာပါ...။ မင်းနဲ့ မရင်းနှီးခင် စတွေ့ကတည်းက ငါ မင်းကို ခင်ချင်ခဲ့တာပါ..။ မင်းကို စကားစပြောတဲ့နေ့ကလေ ငါ ရင်တွေ အရမ်းခုန်နေခဲ့တယ် သိလား....။ ငါ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်ကွာ... ။ ဒါပေမယ့် ချစ်တာကိုတားဖို့ ငါ့မှာ အင်အားမရှိတော့ဘူး...။ ဒါကြောင့် မင်းကို နေ့တိုင်း ကျောင်းမှာ လာတွေ့ခဲ့တယ်...။ ငါ့မှာ အရမ်းချစ်ခဲ့တဲ့ မိန်းကလေး ချစ်သူရှိပေမယ့် သူငါ့ကိုထားခဲ့တဲ့နေ့ကစပြီး ငါ ဘယ်သူ့ကိုမှ မချစ်တော့ဘဲ နေခဲ့တယ်...။ မင်းကိုတွေ့ကာစကတော့ သူငယ်ချင်းလိုခင်ချင်ခဲ့တယ်...။ ဒါပေမယ့် မင်းနဲ့ ခင်ပြီးတဲ့ နောက်ပိုင်း ငါ့နှလုံးသားက ပြန်နိုးထလာခဲ့တယ်..။ မင်းကို ခင်ရာကနေ ချစ်ခဲ့တယ်..။ ပြောဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မင်းငါ့ကို အထင်သေးမှာ စိုးလို့ ငါ ထိန်းသိမ်းခဲ့တယ်.။ ခုတော့ ဘာပဲ ဖြစ်ဖြစ် ငါ ပြောဖို့ ဆုံးဖြတ်လိုက်တယ်...။ မင်းငါ့ကို စိတ်မဆိုးပါနဲ့ကွာ...။ ငါ မင်းကို အ၇မ်းချစ်တယ်...။ ငါ့ကို ပြန်ချစ်ပါလို့ မပြောလိုပေမယ့် ငါ မင်းကို ချစ်တာကိုတော့ အပြစ်လို့ မမြင်ပါနဲ့ကွာ...။ လူကိုယ်တိုင်ပြောချင်ပေမယ့် ငါ့မှာ သွေးမရှိလို့ စာရေးပြီး ဖွင့်ပြောလိုက်တာပါ...။ ငါ မင်းရဲ့ အဖြေကို ငါသိခွင့်ရှိမယ်ဆိုရင် မင်းမွေးနေ့မှာ မင်းနဲ့ အတူ ညစာ စားရင်း မင်းပြောတာကို ငါနားထောင်ချင်တယ်..။ မင်းငါ့ကို ပြောစရာ ရှိမယ်ဆိုရင် ညစာ စားမယ့် အစီအစဉ်ကို ငါ့အိမ်ကို ဖုန်းဆက်ပြီးပြော... ငါ စောင့်နေမယ်နော်....။

ဒါပဲကွာ လမင်း.... ငါ့ကို စိတ်မဆိုးဖို့နဲ့ ရှိပြီးသား ခင်မင်မှုကို မရုတ်သိမ်းဖို့ ငါတောင်းပန်ပါတယ်ကွာ....

ချစ်တဲ့... လပြည့်" ............... တဲ့.။

ကျွန်တော် ရင်တွေ အရမ်းခုန်နေခဲ့တယ်..။ စာဖတ်ပြီးသွားတော့ စာကို အမေတို့ မသိအောင် ကျွန်တော် ဘယ်လို သိမ်းရမလဲ စဉ်းစားတော့ ကျွန်တော့် ဒိုင်ယာရီတွေ သိမ်းတဲ့ ဗီရိုထဲက အံဝှက်လေးထဲမှာ သိမ်းလိုက်တယ်...။ ကျွန်တော်သူ့ကို ညစာ တူတူစားဖို့ ပြောချင်ပေမယ့် ရန်ကုန်မှာ သူမရှိ...။ မန္တလေးက ဖုန်းနံပါတ်လည်း ကျွန်တော်မသိ...။ ကျွန်တော် ဘာလုပ်ရမလဲ စဉ်းစားရင်း အိပ်ပျော်သွားတယ်...။

88888

ကျွန်တော် အိပ်ရာက နိုးတော့ ညနေ ၄ နာရီထိုးနေပြီ...။ အခန်းပြင်ကိုထွက်လာတော့ အမေက အိုးခွက်တွေ ဆေးကြောနေတာတွေ့တော့ ကူဆေးပေးလိုက်တယ်...။ အမေက ကျွန်တော့် လည်ပင်းက ဆွဲကြိုးကိုတွေ့တော့ ပြုံးပြီး..

"သား သူငယ်ချင်းက သားကို တော်တော် ချစ်တယ်ထင်တယ်နော်... ကဗျာဆန်ဆန် လက်ဆောင်ပေးတယ်..။ အမေ သိခွင့်ရှိမယ်ဆိုရင် သူဘယ်သူလဲဆိုတာ သိနိုင်မလား သား...."

"ရပါတယ် အမေ... သူနာမည်က လပြည့်မောင်ပါ... ကျောင်းမှာ ခင်တာပါ အမေ..."

"ဪ... သားကို အမြဲဖုန်းခေါ်နေတဲ့ ကောင်လေးလား...."

"ဟုတ်..."

"အေး...အေး... သားမှာ သူငယ်ချင်းနည်းပေမယ့် ရှိတဲ့ သူငယ်ချင်းတွေက ဒီလိုချစ်တာ ခင်တာ ကို သိရတော့ အမေ ဝမ်းသာပါတယ်... ဒါပေမယ့် သူပေးတဲ့ လက်ဆောင်နဲ့ လက်ဆောင်ပေးတဲ့ ပုံစံက နည်းနည်းတော့ ထူးဆန်းတယ်နော်... အမေ ဘာမှ မဝေဖန်ချင်ပေမယ့် မင်းဘဝနဲ့ မင်း အခြေအနေကို မင်းသိမယ်လို့ အမေ ထင်တယ်...။ မဖြစ်နိုင်တဲ့ စိတ်ကူးမျိုး မင်းမတွေးမိအောင် ဆင်ခြင်ပါလို့ အမေမှာချင်တယ်...။ အမေဆိုလိုတာကို သား သဘောပေါက်တယ်နော်..."

"ဟုတ် အမေ.. သားနားလည်ပါတယ်..."

အမေ ရိပ်မိနေတာလား...။ ကျွန်တော် ဘာမှ မပြောတတ်တော့....။ ဆေးပြီးတဲ့ အိုးခွက်တွေကို ရေစစ်ပြီးတော့ အဝတ်နဲ့ သုတ်နေလိုက်တယ်..။ ညနေဘက် နည်းနည်း မှောင်လာတဲ့ အချိန်မှာ ကျွန်တော် အိမ်ရှေ့က ဒန်းမှာ ထိုင်ပြီး အတွေးနယ်ချဲ့နေမိတယ်...။ ကားဟွန်းသံ ကြားလို့ မော့ကြည့်လိုက်တော့ သူ ဖြစ်နေတယ်...။

"လမင်း... ညစာ စားဖို့ ငါ လာပြီလေ..."

ကျွန်တော် ထပ်အံ့ဩရပြန်ပြီ...။

"လပြည့်... မင်း မန္တလေးမှာဆို..."

"အေးလေ... မင်းနဲ့ အတူ ညစာ စားဖို့ ငါ ရောက်အောင် ပြန်လာခဲ့တာ.... မောလိုက်တာကွာ... ကံကောင်းလို့ နောက်ဆုံးလေယာဉ်မှာ Go Show ရလိုက်လို့...။ ရန်ကုန်ရောက်ရောက်ချင်း အိမ်ခဏပြန်ပြီး ခု ပြန်ထွက်လာတာ...။"

"လပြည့်မောင် ဆိုတာ သားလား ကွယ်..."

အမေ အိမ်ထဲက ထွက်လာပြီး သူ့ကို နှုတ်ဆက်လိုက်တယ်..။

"သားက လူချောပဲ... အေးကွယ်... အန်တီ့သားကို ဒီလိုမျိုး ခင်တာ အန်တီ ဝမ်းသာပါတယ်...။ သား... လမင်း... မင်းသူငယ်ချင်းကို ညစားကျွေးမယ်မဟုတ်လား... သွား ပြင်ဆင်လိုက်လေ...။ အပြင်သွားမှာ မဟုတ်လား...။"

"ဟုတ် အမေ.."

"အန်တီ ကျွန်တော်တို့ နောက်ကျမယ်ထင်တယ်...။ အန်တီ သူ့ကို ဒီည မစောင့်နဲ့တော့နော်.. ကျွန်တော် သူ့ကို အိမ်ကို ခေါ်သွားလိုက်မယ်... မနက်မှ ပြန်ပို့ပေးမယ်...။"

"ကဲ သား.. လမင်း... လိုက်သွားလိုက်... လပြည့်တို့ဆီမှာပဲ အိပ်လိုက်တော့... အမေမှာတာတွေကို မမေ့နဲ့နော်..."

အမေက ကျွန်တော့်ကို ခွင့်ပြုလိုက်ပေမယ့် ညနေက သူပြောခဲ့တာတွေကို ထပ်လောင်း သတိပေးလိုက်လေရဲ့..။ ကျွန်တော် ပြင်ဆင်ပြီး လပြည့်နဲ့ အတူ လိုက်ခဲ့လိုက်တယ်..။ အမေက အဝတ်အစား အပို ယူသွားခိုင်းလို့ ကျွန်တော် ကျောပိုးအိတ်နဲ့ ထည့်ယူလာခဲ့တယ်..။ လမ်းမှာတော့ ကျွန်တော်တို့ စကားမပြောဘဲ တိတ်ဆိတ်စွာပဲ ကားမောင်းလာခဲ့ကြတယ်...။ လပြည့်က ကားကို ဂရုစိုက်မောင်ရင်း Traders' Hotel ဘက်ရောက်တော့ ကားပါကင်ဘက်မှာ ကားရပ်ဖို့ နေရာ ရှာပြီး ရပ်လိုက်တယ်..။

"လပြည့် မင်း ဒီမှာ ဘာလုပ်ဖို့ရပ်တာလဲ... ဘယ်မှာ ညစာ စားမလို့လဲ..."

"ဒီမှာ စားမယ်လေ..."

"ဘာ.... လပြည့် ငါ millioner မဟုတ်ဘူးနော်...။ ငါ့မှာ အဲလောက်မပါဘူးနော်...။"

" မင်းကို ဘယ်သူက အတင်းကျွေးခိုင်းလို့လဲ... ငါကျွေးချင်တဲ့ဆိုင်မှာ ငါကျွေးမှာပေါ့..."

"ဟာ.. ငါ့မွေးနေ့မှာ ငါပဲ ကျွေးရမှာလေ.."

"တော်တော် စကားများတဲ့ကောင်ပဲ... မရဘူး.. ငါပဲကျွေးမယ်... မနက်ဖြန်ငါ့မွေးနေ့ အတွက် ကြိုကျွေးတယ်လို့ သဘောထားလိုက်..."

"အာ.... ငါ့ကို စောစောက ပြောပါလား... ခု ဘာမှာ လက်ဆောင်မပါလာဘူးကွာ..."

"မင်းမှာ ငါ့အတွက် လက်ဆောင်ရှိပြီးသားဆိုတာ ငါ သိတယ်... ဟုတ်ပြီးလား အပေါ်ရောက်မှ ဆက်ပြောမယ်...။"

ပြောပြောဆိုဆို သူ ရှေ့ကနေ ထွက်သွားတော့ ကျွန်တော်လည်း ကြောင်တောင်တောင် နိုင်စွာ လိုက်သွားလိုက်တယ်..။ Hotel စားသောက်ခန်းမထဲရောက်တော့ လူသိပ်မရှိ.. သူက သီးသန့် စားပွဲ မှာထားပြီးသား....။ Waiter က စားပွဲကို ဦးဆောင်ပြီး ခေါ်ခဲ့တယ်..။ နေရာယူပြီးတော့ သူကြိုမှာထားတဲ့ အတိုင်း တခုပြီး တခု လာချပေးသွားတယ်..။ အဲဒီအချိန်မှာ ကျွန်တော်လေ... ရုပ်ရှင်ကြည့်နေရသလို အချစ်ရုပ်ရှင်တစ်ခုမှာ ကိုယ်တိုင် သရုပ်ဆောင်နေရသလို သူ့ကိုလည်း ဘာပြောရမှန်း မသိအောင် ဖြစ်နေမိတယ်..။

စားစရာတွေ စားပြီးတော့ အအေးဆက်သောက်ကြတယ်..။ စကားလည်း ပြောရင်းပေါ့...။

"လမင်း... ငါ့ကို လက်ဆောင်ပေးတော့...."

"ဘာပေးရမှာလဲ..."

"မသိချင်ယောင်ဆောင်နေပြီ... မနက်က မင်းကိုပေးတဲ့ လက်ဆောင်နဲ့ အတူ ငါ ဘာလိုချင်လဲ ဆိုတာ ပြောပြီးသားလေ..။"

ကျွန်တော်ပြုံးမိတယ်..။

"လပြည့် ငါ မင်းအတွက်လက်ဆောင်ကို ခုနကတည်းက ပေးပြီးပြီလေ...။"

"ဘယ်တုန်းက ပေးလိုက်တာလဲ...။"

"အိမ်ကထွက်လာကတည်းကလေ.."

"မရဘူးကွာ... သေချာပြန်ပေး... ငါ ဝမ်းသာရမှာလား... ဝမ်းနည်းရမှာလား..."

"မင်းစာထဲက အတိုင်းပဲလေ.... မင်းကို ပြောစရာ ရှိရင် ညစာတူတူစားရမယ်ဆို.... မင်းနဲ့ ညစာ စားဖို့လိုက်လာကတည်းက မင်းစာထဲမှာ ပြောသမျှကို သဘောတူလို့လိုက်တာပါ လပြည့်ရာ..."

"တကယ်ပြောတာလား..လမင်း..ဒါ...ဒါဆို... မင်း ငါ့ကို...."

"တော်ပြီ မပြောနဲ့တော့ ဘေးမှာ လူတွေ ရှိတယ်... မင်း ကျေနပ်ပြီ မဟုတ်လား... ဒီမှာလေ မင်းပေးတဲ့ ဆွဲကြိုးလေးကိုတောင် ဆွဲထားတာ မတွေ့ဘူးလား.."

"လမင်းရာ..."

ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နားလည်စွာ ကြည့်ပြီး ပြုံးလိုက်တယ်.။ ညစာစားပြီး Bill ရှင်းတော့ သူဘယ်လောက်ပေးလိုက်ရလဲ ကျွန်တော် မသိ..။ ကျွန်တော့်ကို bill မပြဘဲ ကောင်တာမှာ သူကိုယ်တိုင်လိုက်ရှင်းလိုက်တယ်...။ waiter ကိုတော့ ပြန်အထွက်မှာ tip ပေးလိုက်တယ်..။

ကျွန်တော်တို့ အဲဒီညက ရန်ကုန်မြို့ထဲမှာ ကားလျှောက်မောင်းကြတယ်... နှစ်ယောက်လုံ အရမ်း ပျော်နေခဲ့ကြတယ်...။ ပြီးတော့ အနော်ရထာလမ်း ညဈေးမှာ လျှောက်ကြည့်ကြတယ်..။ ည ၁၂ နာရီထိုးခါနီးတော့ သူ ကန်ဘောင်ဘက်ကို ကားမောင်သွားတယ်...။ အင်းလျားလမ်းထဲမှာ ကားကိုရပ်လိုက်ပြီး လမ်းဆင်းလျှောက်ကြတယ်..။ ကန်ဘောင်မှာ ဘယ်သူမှ မရှိ.. လုံခြုံရေးကလွဲလို့ပေါ့...။ လုံခြုံရေးကို ထုံစံ အတိုင်း ရေနည်းနည်း ကမ်းလိုက်တော့ ကျွန်တော်တို့ ကန်ဘောက်ဘက်ကို ဆက်လျှောက်လို့ရသွားတယ်...။ ထိုင်ခုံ တစ်ခုမှာ ထိုင်လိုက်ကြတယ်...။ ပြီးတော့ နာရီကြည့်လိုက်တော့ ၁၂ နာရီထိုးပြီးမို့ ကျွန်တော် သူ့ကို Birthday Wish လုပ်လိုက်တယ်..။ သူ ကျွန်တော် လက်ကို ကိုင်လိုက်ပြီး ကျွန်တော့် နှုတ်ခမ်းကို နမ်းလိုက်တယ်..။ ကျွန်တော်လေ... လောကကြီးကို ခဏမေ့သွားတယ်...။ ပြီးတော့ သူ ကျွန်တော့်ကို ရီဝေတဲ့ မျက်လုံးနဲ့ တော်တော် ကြာကြာ ကြည့်နေခဲ့တယ်..။

88888

ကျွန်တော်တို့ သူ့အိမ်ကို ရောက်တော့ ည ၁ နာရီကျော်ပြီ...။ အိမ်မှာ ဘယ်သူမှ မရှိ...။ အားလုံ မန္တလေးမှာ ကျန်နေရစ်ခဲ့ကြသည်တဲ့...။

"လမင်း .. မင်း အိပ်ချင်ပြီလား...."

"အေး... ငါ ပင်ပန်းနေပြီ... မနက်ကတည်းက အစောကြီး ထထားတာ..။ နေ့လည်ကလည်း အိပ်ပေမယ့် ခု အိပ်ချင်နေပြီ...။"

"ကဲ.. လိုက်ခဲ့.. "

သူ့အခန်းထဲကို ကျွန်တော့်ကို လက်ဆွဲပြီး ခေါ်သွားတယ်...။ သူ့ကုတင်ပေါ်မှာ အိပ်ဖို့ပြောတယ်...။

"မင်းက ဘယ်မှာ အိပ်မှာလဲ..."

"ငါ့ရည်စားဘေးမှာ အိပ်မှာပေါ့... မပူပါနဲ့.."

ကျွန်တော် ပြုံးမိတယ်..။ တကယ်တော့ နှစ်ယောက်အိပ်ရလောက်အောင် ကုတင်က မကျယ်..။ တစ်ယောက်အိပ်ထက်တော့ ကျယ်တာတော့ အမှန်...။ ကဲပါ.. မထူးတော့ပြီမို့ ကျွန်တော်လည်း အင်္ကျီလဲပြီး ကုတင်ပေါ်မှာ တက်အိပ်လိုက်တယ်..။ သူက ကျွန်တော့် ညာဘက်ဘေးမှာ ဝင်အိပ်တယ်...။ ပြီးတော့ ကျွန်တော်လက်ကို ညင်ညင်သာသာ ကိုင်ပြီး သူ့ရင်ဘက်မှာ တင်လိုက်တယ်... နှစ်ယောက်လုံးရဲ့ ရင်ခုန်သံကို စည်းချက်ညီညီ ကြားနေရတယ်..။ ပြီးတော့ သူ ကျွန်တော်ဘက်ကို လှည့်လိုက်ပြီး ကျွန်တော့်ကို ဖက်လိုက်တယ်..။ ကျွန်တော်လည်း ပြန်ဖက်လိုက်တယ်...။

88888

အဲဒီညက ကောင်းကင်မှာ လ မထွက်.. ကြယ်ရောင်တွေနဲ့ ကောင်းကင်က လင်းနေခဲ့တယ်..။ ဒါပေမယ့် မြေပြင်က လနှစ်စင်းကတော့ အချစ်ဆိုတဲ့ ကြယ်တွေ ခြံရံပြီး အပြိုင်လင်းခဲ့တာကိုတော့ ကျွန်တော်နဲ့ သူ အသိဆုံး ဖြစ်ခဲ့တယ်....။

(ဆက်ရန်)

No comments: