Saturday, October 24, 2009

လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (ဇာတ်သိမ်း)

ဒီနေ့ ကျွန်တော် အလုပ်အားတာနဲ့ ကမ်းခြေဘက်ကို ထွက်ခဲ့တယ်...။ ကမ်းခြေဘက်ရောက်တော့ ကမ္ဘာကျော် Burj Al Arab ဟိုတယ်ဘက် လမ်းလျှောက်လာခဲ့လိုက်တယ်...။ အဲဒီနေရာလေးက လှလည်း လှတယ်..။ တွေးလို့လည်းကောင်းတယ်..။ ကျွန်တော် ခုံတန်းလေး တစ်ခုမှာ ထိုင်လိုက်တယ်..။ နေဝင်ချိန်အလှက ကျွန်တော့်ကို အတိတ်ကို ပြန်ခေါ်သွားတယ်...။ တကယ်တော့ ကျွန်တော်နဲ့ သူ ကမ်းခြေဘက်ကို တခါမှ ခရီးမထွက်ခဲ့ဖူးဘူး...။ စိတ်ကူးရှိခဲ့ပေမယ့်.. ကံကြမ္မာက မျက်နှာသာ မပေးခဲ့ဘူး..။ အမှန်တော့ လူသားတွေအားလုံးဟာ ကံတရားရဲ့ စေစားရာကို ရွေးချယ်ခွင့်မရှိဘဲ လိုက်ပါခဲ့ရတာမဟုတ်လား...။

8888888

ကျွန်တော်နဲ့ လပြည့် အဲဒီနေ့က လက်ထပ်ခဲ့ပြီးနောက် ကျွန်တော်တို့တွေ အရင်ကထက်ပိုပြီး တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြတယ်..။ အချိန်ပေးလာကြတယ်..။ ဘယ်သွားသွား အတူတူ..။ ဘာစားစား အတူတူ ဖြစ်ခဲ့ကြတယ်..။ ကျောင်းပိတ်ရက် .. သင်တန်း ပိတ်ရက်တွေမှာလဲ အတူတူ ရှိနေခဲ့ကြတယ်..။ အချိန်တော်တော်များများ ကျွန်တော့် အိမ်မှာ ရှိနေတတ်တယ်..။ ညတော့ မအိပ်ကြပါဘူး..။ ကျွန်တော်တို့ နှစ်ယောက် တူတူရှိတဲ့ညတွေဆိုရင် ကျွန်တော်တို့ရဲ့ ချစ်အိမ်ကလေးမှာပဲ နေကြတယ်..။ ကျွန်တော်တို့ရဲ့ အချိန်တွေ သာယာခဲ့ကြတယ်.. ကြည်နူးခဲ့ကြတယ်.. ပျော်ရွှင်ခဲ့ကြတယ်..။ ရန်ဖြစ်တယ် စကားများတယ်ဆိုတာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အဘိဓာန်မှာ မရှိကြဘူး...။ အတတ်နိုင်ဆုံး နားလည်ပေးခဲ့ကြတယ်...။ ဖြည့်ဆည်းပေးခဲ့ကြတယ်...။ အဲဒီလောက် အဆင်ပြေခဲ့တဲ့ ကျွန်တော်တို့ နှစ်ယောက် ဘယ်တော့မှ မခွဲဘူးလို့ သစ္စာတိုင် ယုံကြည်ခဲ့ပေမယ့် ကံကြမ္မာ ဇာတ်ဆရာက ဇာတ်ညွှန်းပြောင်းရေးလိုက်တယ်..။

88888888

" ၂၀၀၆ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်..
ဒီနေ့ လပြည့် အရမ်းဆိုးတယ်..။ သူ့ဆန္ဒရှိတဲ့ အတိုင်း ဇွတ်လုပ်သွားတယ်..။ တစ်နေ့လုံး လုပ်ရာလုပ် သွားချင်ရာကို သွားပြီး လူကိုလည်း စိတ်တိုင်းကျ မွေသွားတယ်..။ ဘာပဲ ပြောပြော ကျွန်တော် ကျေနပ်ပါတယ်..။ ချစ်တာကို...။ "

ကျွန်တော် ဒိုင်ယာရီ ရေးနေတာလေ..။ ပြီးတော့ ကြည်နူးနေတာပေါ့...။ မနေ့က လမင်းနဲ့ ကျွန်တော် အိမ်မှာ ပြန်မအိပ်ကြဘူးလေ..။ ကျွန်တော်တို့ အိမ်ကလေးမှာ တစ်ညလုံး တူတူ ရှိနေခဲ့ကြတယ်..။ ပြီးတော့ ချစ်ကမ္ဘာထဲမှာ ပျော်မြူးခဲ့ကြတယ်...။ မနက် မိုးတော်တော် လင်းမှ အိမ်ကို ပြန်ကြတယ်..။ အိမ်ရောက်တော့ ရေမိုးချိုးပြီး ကျွန်တော် အခန်းထဲက စာကြည့်စားပွဲမှာ ဒိုင်ယာရီရေးဖို့ ထိုင်ဖြစ်တယ်..။

"သား လမင်းရေ... မင်းအဖွားက မင်းကို ပြောစရာ ရှိလို့တဲ့..။ သူ့ဆီကို လာခဲ့ပါဦးတဲ့.. ဖုန်းဆက်တယ်..."..

အမေက အခန်းဝကနေ လှမ်းပြောတော့ ကျွန်တော် ကပြာကယာနဲ့ စာအုပ်ကို ခေါင်းဦးအောက်မှာ သိမ်းလိုက်တယ်..။ ကျွန်တော် အခန်းအပြင်ဘက်ကို ထွက်လာလိုက်တယ်...။ အဖွားဆီ ဖုန်းပြန်ဆက်မလို့ အိမ်အောက်ကို ဆင်းလာခဲ့လိုက်တယ်..။ အမေက နောက်ကနေ လိုက်လာခဲ့တယ်..။

" သား... အခန်းလဲ ရှင်းဦးနော်.. မင်း အခန်းက တော်တော် ရှုပ်နေပြီ..။ "
" ဟုတ် အမေ.. သား မနက်ဖြန် ရှင်းလိုက်မယ်... လပြည့်လဲ လာမှာ ဆိုတော့ သူ့ကိုပါ ကူခိုင်းလိုက်မယ်.... "
"သား နှယ်.. သူများကို...."

ကျွန်တော်ပြုံးမိတယ်...။ အဖွားနဲ့ ဖုန်းပြောပြီးတော့ အဖွားက အိမ်ကို လာခဲ့ပါဆိုတော့ ကျွန်တော် အဖွားအိမ်ဘက် ထွက်ခဲ့တယ်..။ အဖွားအိမ်ရောက်တော့ အဖွားက သူ့အိမ်မှာ လိုအပ်တာတွေ ကြည့်ပြီး ပြင်ဖို့ ကိစ္စ တိုင်ပင်တယ်..။ သူ့ ဆိုင်မှာ လိုတာတွေကို ကုန်သည်ဆီမှာ သွားဝယ်ပေးဖို့ ပြောတယ်..။ ဆိုင်ဆိုလို့ အဖွားက သင်္ကန်းဆိုင် ဖွင့်ထားတာလေ..။ အဖွားက ငွေရင်းစိုက်ထုတ်တယ်..။ ကျွန်တော်က ကုန်သည်တွေဆီမှာ ပစ္စည်းလိုက်စုပေးတယ်...။ အော်ဒါများများမှာတဲ့သူရှိရင်လည်း ကျွန်တော်က အဆင်ပြေအောင် လုပ်ပေးရတယ်လေ..။ အဲဒီအတွက် ကျွန်တော့်ကို အဖွားက ၂၅ % ပေးတယ်..။ ဆိုင်ရဲ့ အမြတ်ထဲကနေပေါ့..။ ကုန်သည်ဆီက ပွဲခလိုမျိုးလည်း ရတယ်လေ..။

အဲဒါနဲ့ ကျွန်တော်လည်း အဖွားခိုင်းတာတွေကို လုပ်ပေးရင်းနဲ့ အချိန်တော်တော်ကြာသွားတယ်...။ အိမ်ပြန်ရောက်တော့ ညဘက် ၈ နာရီထိုးနေပြီး...။ အိမ်ရောက်ရောက်ချင်း အမေက သူနဲ့ စကားပြောရအောင်တဲ့..။ ကျွန်တော်နည်းနည်းတော့ အံ့ဩသွားတယ်..။ အမေမျက်နှာက မကြည်မလင် ဖြစ်နေတယ်...။ ကျွန်တော်လည်း ရေချိုးပြီး ပြန်ဆင်းလာခဲ့မယ်လို့ ပြောပြီး အပေါ်ထပ်က ကျွန်တော့် အခန်းဆီကို တက်လာခဲ့တယ်...။ ကျွန်တော် အခန်းထဲရောက်တော့ မျက်လုံးပြူးရပြီ..။ အမေ အခန်းရှင်ထားလိုက်ပြီ...။ အိပ်ရာခင်းတွေရော.. ခေါင်းအုံးစွပ်တွေရော လဲထားပြီ..။ စာကြည့်စားပွဲမှာလည်း စာအုပ်တွေက အစီအရီ ဖြစ်နေပြီ..။ ကျွန်တော် ခေါင်းဦးအောက်က ဒိုင်ယာရီ စာအုပ်ကို ရှာလိုက်တယ်...။ သွားပြီ..။ မတွေ့တော့...။ အမေများ............။ ကျွန်တော် ဘာမှ မတွေးနိုင်တော့....။ ရေချိုးပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့တယ်...။ အိမ်အောက်ရောက်တော့ အမေရော အဖေပါ ထိုင်နေတာ တွေ့ရတယ်..။ အဖေ ဘယ်အချိန်က ပြန်ရောက်နေလဲမသိ..။

" သား... လမင်း.... "
"ဗျာ..."
"မင်း.. ဘာတွေလုပ်နေတာလဲ... ဘာတွေ ဖြစ်နေပြီလဲ.... အမေတို့ကို ရှင်းပါဦး..."
"ဘာကိုလဲ အမေ.."
"မင်း မသိချင်ယောင် ဆောင်မနေနဲ့တော့ သား.... အမေ မင်းကို ယုံလို့ ဘာမှ မစွက်ဖက်ပဲ နေခဲ့တယ်..။ မင်းရဲ့ ပညာ.. မင်းရဲ့ သိက္ခာကို အမေ လေးစားခဲ့တယ်...။ မင်းရဲ့ ပေါင်းသင်းဆက်ဆံရေးကိုလည်း အမေ ကြည်ဖြူခဲ့တယ်..။ ခု.. မင်း လုပ်ရပ်ကို မင်းသိလား..."

ပြောပြောဆိုဆို အမေ ကျွန်တော့် ဒိုင်ယာရီ စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်တယ်...။ ကျွန်တော် ခေါင်းကြီးသွားတယ်...။ ကျွန်တော် ပြောစရာ စကားရှာလို့မရ...။

"သားကြီး... အဲဒီကိစ္စ အမှန်ပဲလား..."
"--------------"

ကျွန်တော် အသံ တိတ်နေမိတယ်...။

"ငါ့သား ဒီလောက်ထိ မိုက်မဲလိမ့်မယ်လို့ အဖေ မတွေးမိဘူး...။ မင်း ဆီက မဟုတ်ပါဘူးဆိုတဲ့ စကားကို အဖေကြားချင်တယ်..."
"သား မငြင်းပါဘူး အဖေ.. သားနဲ့ လပြည့် လက်ထပ်ပြီးပြီတဲ့ အဆင့်ထိရောက်နေပြီ..."
"ဘာကွ..."

ကျွန်တော့် ဝန်ခံချက်အပြီးမှာ အဖေ့ဆီက ပြင်;ထန်တဲ့ လက်သီး တစ်လုံး ကျွန်တော့် ဘယ်ဘက် ပါးပေါ်ကျလာခဲ့တယ်...။ အဲဒီ အချိန်မှာ ဖုန်းသံ မြည်လာခဲ့တယ်...။ အမေ ဖြေလိုက်တယ်...။

“ဟဲလို... အော် လပြည့်လား..... သား မရှိဘူးကွဲ့.. ဘာပြောပေးရမလဲ.... မနက်ဖြန် တွေ့ဖို့လား... သား မစောင့်နဲ့တော့... သူလာမှာမဟုတ်ဘူး... အန်တီတို့လည်း သူ့ကို ဘယ်မှ လွှတ်မှာ မဟုတ်ဘူး...။ မင်းလဲ သားကို တွေ့ဖို့ မကြိုးစားနဲ့တော့...ဘာလို့လဲဆိုတာ မင်းသိပါတယ်..... အန်တီဘာမှ ပြောစရာ မရှိဘူးကွယ်...။ မင်းသာ ရှေ့ဆက်မတိုးလာနဲ့တော့ သား... မဟုတ်ရင် အန်တီ မင်းတို့ကိစ္စကို မင်းအဖေ ကိုမိုးယံကို ပြောရလိမ့်မယ်...။ "

အမေ ဖုန်းချလိုက်တယ်...။ ကျွန်တော့်ပါးပြင်မှာ မျက်ရည်စတွေ စီးလာခဲ့တယ်...။ အဖေထိုးလို့ နာကျင်တာမဟုတ်ပါဘူး...။ ကျွန်တော်တို့တွေ ကြေကွဲရပြီ...။ ကျွန်တော် ဒိုင်ယာရီ စာအုပ်ကို အမေ ပြန်သိမ်းသွားတယ်...။ ကျန်တဲ့ စာအုပ်တွေကိုလည်း ဖျက်ဆီးဖို့ ပြောသွားတယ်...။ ကျွန်တော့် အခန်းရှေ့မှာလာစောင့်ယူပြီး ခြံထဲက ကျွန်တော် မြင်သာမယ့်နေရာမှာ မီးရှို့လိုက်ကြတယ်..။ ကျွန်တော့် နှလုံးသားပါ အရည်ပျော်သွားတယ်...။ ကျွန်တော် ငိုနေမိတယ်...။ ညဘက် သန်းခေါင်ကျော်တဲ့ အထိ ကျွန်တော် အိပ်လို့မရ...။ ည ၂ နာရီလောက်ကျတော့ ခြံရှေ့မှာ ကားရပ်သံ ကြားတော့ ကျွန်တော် အခန်းထဲက ထွက်ခဲ့တယ်...။ ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ သူ...။ ကျွန်တော် မီးဖွင့်ပေးလိုက်တယ်... ခြေဟန်လက်ဟန်နဲ့ သူ့ကို စောင့်ခိုင်းလိုက်တယ်...။ အိမ်အောက်ကို ဆင်းလာတော့ အမေတို့တွေ အိပ်နေကြပြီထင်တယ်.. တိတ်ဆိတ်နေပြီ..။ အိမ်သော့ရှာတော့ မတွေ့ သွားပြီ.. သိမ်းလိုက်ပြီထင်တယ်.. ကျွန်တော့် လွယ်အိတ်ထဲက သော့ကို ပြန်တက်ယူပြီး ဖွင့်ဖို့ ကြိုးစားတယ်...။ ကျွန်တော် အမေတို့ကို လျော့တွက်မိတယ်..။ သူတို့က အိမ်သော့ပါ လဲလိုက်ကြပြီ..။ သူလည်း မျက်နှာမကောင်း...။ ကျွန်တော် အကြံအိုက်သွားတယ်.... ။ သူ့ကိုကြည့်လိုက်တော့ သူ စာရွက် တစ်ခုပေါ်မှာ တခုခုရေးနေတယ်.. ပြီးတော့ ကျွန်တော့်ဆီကို ခဲလုံးလေးနဲ့ လုံးပြီး ပစ်ပေးလိုက်တယ်...။ ကျွန်တော်ဖွင့်ဖတ်လိုက်တယ်...။ သူရေးထားတာက

"ချစ်... ဘာတွေ ဖြစ်ကုန်ပြီလဲ...။ အမေတို့ ဘယ်လိုသိသွားတာလဲ.....။ ကိုတို့ ဘာဆက်လုပ်ကြမလဲ...။ ကိုဘာလုပ်ပေးရမလဲ...။ "

ကျွန်တော် ဖတ်ပြီးတော့ သူ့ ဆီကို ချက်ချင်း စာနဲ့ပဲ အကြောင်းပြန်လိုက်တယ်...။

"လပြည့်.. သူတို့ ငါ့ ဒိုင်ယာရီကနေ သိသွားတာ...။ ငါ့ကိုလည်း အဖေက ထိုးတယ်ကွာ...။ ငါ ခု ဘာလုပ်ရမှန်းမသိသေးဘူး...။ မင်းနဲ့ မခွဲနိုင်ဘူး...။ ခု အိမ်သော့ကိုတောင် လဲထားတယ်...။ မင်းဆီကိုငါ မနက်ဖြန် သူတို့ အလစ်မှာ ဖုန်းဆက်လိုက်မယ်...။ မင်းဆီ ငါ ဖုန်းမဆက်နိုင်ရင် မနက်ဖြန် ဒီလို အချိန် ပြန်လာခဲ့.. ငါ စောင့်နေမယ်...။ ဟုတ်ပြီလား....။ ချစ်တယ်.."

ကျွန်တော် သူ့ဆီကို ပြန်ပစ်ပေးလိုက်တယ်...။ သူစာကို ဖတ်ပြီး ကျွန်တော့်ကို လွမ်းဆွေးတဲ့ အကြည့်နဲ့ ကြည့်ပြီး သူ ထွက်သွားတယ်...။ ကျွန်တော်လည်း အိမ်ပေါ်ပြန်တက်ခဲ့တယ်..။

နောက်နေ့ မနက် နေမြင့်မှ ကျွန်တော် အိပ်ရာခဲ့တယ်..။ အမေက မနက်စာ ပြင်ထားပြီး စောင့်နေတယ်..။

"သား... ဒီနေ့ မင်း ဘယ်သင်တန်းကိုမှ သွားစရာမလိုဘူး...။ မင်း သင်တန်းတွေကို အကြောင်းကြားလိုက်... နောက်နေ့တွေပါ သွားစရာမလိုတော့ဘူး...။ မင်း အပြစ်ကို မင်းသိတယ်....။"

အမေမျက်နှာမရွှင်ပြ.. ကျွန်တော့် မျက်နှာလည်း မပျော်ရွှင်... ညီတွေကလည်း ဘာဖြစ်နေပါလိမ့်ဆိုတာ သိချင်နေတဲ့ပုံ...။ ကျွန်တော် မနက်စာ စားပြီး အိမ်ပေါ်ကို တက်လာခဲ့တယ်...။ ညီတွေကလည်း ပိတ်ရက်ဆိုတော့ ကျူရှင်ကို သွားကြတယ်.. ကျွန်တော် တစ်ယောက်တည်း အိမ်ပေါ်ထပ်မှာ ဆွေးနေမိတယ်..။ ကျွန်တော် ဆုံးဖြတ်ထားတယ်..။ ဘာဖြစ်ဖြစ် စွန့်စားမယ်လို့...။ ကျွန်တော် နေ့ခင်းဘက် သူ့ဆီကို ဖုန်းခေါ်ဖို့ အိမ်အောက်ထပ်ပြန်ဆင်းလာတော့ အမေက ဧည့်ခန်းထဲမှာ ရှိနေတယ်..။ ကျွန်တော့်ကို မြင်တော့ တချက်လှမ်းကြည့်ပြီး သူဖတ်လက်စ စာအုပ်ကို ဆက်ဖတ်တယ်...။ ကျွန်တော်လည်း အမေ့ အလစ်ကို စောင့်ရင်း တီဗွီ ဖွင့်ကြည့်နေလိုက်တယ်...။ အမေက လုံးဝ မထ.. ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ အိမ်ပေါ်ထပ်ကို ပြန်တက်နေလိုက်တယ်... ကျွန်တော် အိပ်ရာထဲမှာ အိပ်နေလိုက်တယ်..။ ညနေ ကျွန်တော့် ညီ အငယ်ကောင် လာခေါ်မှ ကျွန်တော် နိုးသွားတယ်...။ ထမင်းစားရအောင်တဲ့...။ ကျွန်တော် ထမင်းစားဖို့ ထမင်းစားခန်းဘက်ကို ထွက်လာတယ်...။ အားလုံး စုံနေပြီ...။ ထမင်းစားပွဲက အရင်ကလို မဟုတ်ဘူး...။ အဖေကလည်း ခပ်တည်တည်ပဲ ထမင်းစားပွဲမှာ.. အမေကလည်း ကျွန်တော့်ကို အပြစ်တင်တဲ့ မျက်လုံးနဲ့ ကြည့်တယ်.. ညီ နှစ်ယောက်ကတော့ ဘာတွေဖြစ်နေမှန်း သေချာမသိပေမယ့် အဖေနဲ့ အမေ မျက်နှာ မကောင်းတာနဲ့ပဲ ကြောက်ပြီး ဘာမှ မပြောရဲ့ကြ...။ ထမင်းဝိုင်းက တိတ်ဆိတ်စွာ ပြီးဆုံးသွားခဲ့တယ်..။ အဖေက စကားပြောရအောင်တဲ့... ဧည့်ခန်းထဲကို လာခဲ့ပါတဲ့..။ အမေကတော့ ဘေးမှာ... ညီတွေကိုတော့ အိမ်ပေါ်မှာ စာသွားကျက်ခိုင်းလိုက်တယ်..။

"လမင်း... ခု ကိစ္စကို ဘယ်သူတွေ သိသေးလဲ...။"
" ဘယ်သူမှ မသိပါဘူး အဖေ.. သားတို့နှစ်ယောက်ကိစ္စကို အမေနဲ့ အဖေ အရင်သိတာပါ..။ "
"မင်းတို့ အခြေအနေကရော မင်းရေးထားတဲ့ အတိုင်းလား..."
"သား ဝန်ခံပါတယ်.."
"အေး ဒါဆို မင်း သူနဲ့ မတွေ့နဲ့တော့.. ကျောင်းတွေလည်း မတက်နဲ့တော့.. ငါနဲ့ မော်လမြိုင်က အလုပ်ထဲကို လိုက်ခဲ့တော့.. မင်း ဒီမှာနေရင် လပြည့်မောင်နဲ့ တွေ့ဖို့ကြိုးစားနေဦးမယ်.. ကိုမိုးယံ သိရင် မျက်နှာပျက်စရာ ဖြစ်ကုန်မယ်... ပြီးတော့ ငါ ကိုမိုးယံကို ဘယ်လို မျက်နှာ ပြရမလဲ.... ငါ့သာ.. မင်းတို့ သူငယ်ချင်းနှစ်ယောက် ချစ်တာကိုတော့ လက်ခံတယ်.. ဒါပေမယ့် သဘာဝကို လွန်ဆန်တာတော့ အဖေ လက်မခံနိုင်ဘူး..။ မင်းက သားကြီး .. အဖေ အားထားတဲ့ ယုံကြည့်တဲ့ သားကြီးက ဒီလို ဖြစ်နေတာ အဖေ ဘယ်လိုမှ မင်းကို လွှတ်မထားနိုင်ဘူး...။"
"သားမှားတယ်လို့တော့ ခံဝန် မပေးချင်ဘူး အဖေ.. ဒီကိစ္စအတွက် အဖေ မျက်နှာ ပျက်ရမယ်ဆိုရင် သားတောင်းပန်တယ်... သားတို့တော့ နောက်ဆုတ်မှာ မဟုတ်ဘူးအဖေ...."
" ဘာကွ... မင်းကို ငါ ပြောနေတဲ့ ကြားက အထွန့်မတက်လာနဲ့ လမင်း... မင်း ငါ့အကြောင်း သိတယ်နော်.."
" သား လမင်း.. အဖေပြောနေတာကို ပြန်မပြောနဲ့လေ.. မင်း ဒီကိစ္စ ဖြစ်နေတာကိုက မင်းတို့ နှစ်ယောက်လုံး မှားနေလို့ ပြောတာ.. အမေ မင်းကို အစကတည်းက ပြောခဲ့ပြီးသားလေ... အမေ မင်းတို့ ဒီလောက်အထိ ဖြစ်မယ်လို့ မထင်ထားခဲ့ပေမယ့် တစုံ တခု တော့ မှား ယွင်းနေပြီဆိုတာ သိလို့ လပြည့်မောင် အိမ်ကို စလာလည်တဲ့ နေ့ကတည်းက အမေ မင်းကို သတိပေးခဲ့တယ်နော်...."
"လမင်း.. သန်ဘက်ခါ ငါနဲ့ မော်လမြိုင် ရုံးကို လိုက်ခဲ့တော့... ငါ့အလုပ်မှာ ရုံးလုပ်ငန်းအတွက် လူလိုတယ်.. မင်း သင်ထားတဲ့ ပညာတွေနဲ့ ဆိုရင် မင်း လုပ်နိုင်မယ်လို့ ငါ ထင်တယ်... မင်း ငါ့အလုပ်မှာ ဝင်လုပ်ရမယ်...။ မင်း ဒီအတိုင်းနေရင် အခြေအနေက ဘာမှ ထူးလာမှာ မဟုတ်သလို စိတ်လေနေလိမ့်မယ်... ငါ့သား.. သဘာဝက သဘာဝပါပဲကွာ...။ မင်းကို ပြင်ဆင်ခွင့် ငါပေးတဲ့ အနေနဲ့ ငါ့အလုပ်မှာ ဝင်လုပ်.. အတိတ်ကို မေ့လိုက်.. ငါ့သားက လူတော် တစ်ယောက်ဆိုတာ အဖေသိတယ်..။ မင်း အမှားကို ပြင်ဆင်နိုင်လိမ့်မယ်လို့ အဖေ ယုံကြည်တယ်..။ မင်းတို့ ရှေ့ဆက်တိုးမယ်ဆိုရင်တော့ ဒီထက်ပို ပြင်းထန်းတဲ့ အပြစ်ပေးမှုမျိုးကို သုံးရလိမ့်မယ်..။ .. ကဲ .. လုပ်စရာ ရှိတာ သွားလုပ်တော့.."

ကျွန်တော် အိမ်ပေါ်ကို ပြန်တက်လာခဲ့တယ်..။ တကယ်တော့ ကျွန်တော့်မှာ ဘာလုပ်စရာမှ မရှိ.. ကျွန်တော် သိတာတော့ လပြည့်ကို တွေ့ချင်တာပဲ သိတယ်...။ ကျွန်တော် အပေါ်ထပ်ရောက်တော့ ညီတွေက စာကျက်နေတယ်.. ကျွန်တော့်ကို တွေ့တော့ ဘာဖြစ်တာလဲ ဆိုတာ ဝိုင်းမေးကြတယ်..။ ကျွန်တော် ဘာမှ မပြောခဲ့ဘူး... သူတို့နဲ့ အတူ စာဝိုင်းကျက်ပေးလိုက်တယ်..။ ကျွန်တော် ငိုမိမှာ စိုးလို့ ကျွန်တော့်ကို ကျွန်တော် အလုပ်ပေးထားလိုက်တယ်..။ စာကျက်ပြီးတော့ သူတို့တွေ အောက်ဆင်းပြီး တရုတ်ကားသွားကြည့်ကြတယ်..။ ကျွန်တော်ကတော့ တစ်ယောက်တည်း နေခဲ့တယ်..။ ကျွန်တော် အပြင်ကို ငေးနေတုန်း.. ဘေးကနေ..

"ကိုကို... ဘာဖြစ်နေတာလဲ.. ညီညီ ဘာလုပ်ပေးရမလဲ..."

လှည့်ကြည့်လိုက်တော့ ကျွန်တော့်ညီ အငယ်ကောင်.. သူက ကျွန်တော့်ကို ညီ အစ်ကိုလို အပြင် သူငယ်ချင်းလိုပါ ပေါင်းတဲ့ ညီ... သူလုပ်ချင်တာတွေကို ကျွန်တော်က အဖေနဲ့ အမေ မသိအောင် လိုက်လုပ်ပေးတတ်သလို ကျွန်တော် ကိစ္စတွေကိုလည်း သူက ပြန်ကူညီတတ်တယ်..။

"ညီလေး ဘာမှ မသိပါဘူးကွာ.. ဒီတစ်ခါ ကိုကို ပြောလို့ ညီညီ လာမှ မလုပ်ပေးနိုင်သလို ကိုကို့ကို အထင်သေးမှာ.."
" ရပါတယ် ကိုကိုကလည်း ပြောပါဗျ.. ကိုကို အရမ်းခံစားနေရတယ်ဆိုတာ ညီညီ သိတယ်.. ဘာကိစ္စလဲ ဗျ... ကောင်မလေးနဲ့ သဘော မတူကြတာလား..."

အော် ... ငါညီရယ်.. ထင်တောတွေ လျှောက်ပြောနေတာပါလား... အင်းပေါ့လေ သူကတော့ ဒီလိုပဲ တွေးမှာပေါ့..

"ရည်စားကိစ္စတော့ ဟုတ်တယ်.. ကောင်မလေးတော့ မဟုတ်ဘူး ညီညီရ.."

"ဘယ်လိုကြီးလည်း ကိုကိုကလဲ..."

" ညီညီ နားမလည်ပါဘူးကွာ... အကူအညီလိုရင် ကိုကို ပြောမယ်နော်. ခု ကိုကိုတစ်ယောက်တည်းနေချင်တယ်.."
"အင်း.. ဟုတ်ကဲ့.. ကိုကို.. ဟို မုန့်ဖိုးပေးဦး... ညီညီ မနေ့ က ကျောင်းမှာ ညီ့ ကောင်မလေးကို ကြောင်လိုက်တာ ကုန်သွားပြီ.. အမေတို့ဆီမှာလည်း မတောင်းရဲလို့..."

ကျွန်တော် ပြုံးမိတယ်.. ကျွန်တော့်က ညီတွေကို ချစ်တော့ အမြဲ အလိုလိုက်နေကြဆိုတော့ အဲလို ညာစားနေကြလေ...။

ကျွန်တော် အိပ်ရာထဲဝင်တော့ ည ၁၂ နာရီ ထိုးတော့မယ်.. ညီတွေကတော့ အိပ်နေကြပြီ... ကျွန်တော် အိပ်မပျော်ပါဘူး.. လပြည့်လာဦးမယ်လေ...။ ခဏ ကြာတော့ အိမ်ရှေ့ဘက်မှာ မှန်တံခါးကို ခဲမှန်သံ ကြားတော့ ကျွန်တော် လန့်သွားတယ်... အပြင်ထွက်ပြီး ပြတင်းပေါက်ကို ဖွင့်ကြည့်တော့ သူ.... ကျွန်တော် သူ့ကို လက်ကာပြလိုက်တယ်... ပြီးတော့ စာတစ်စောင်ရေးလိုက်တယ်..

"လပြည့်.. ငါ့အိမ်ကတော့ အခြေအနေ တင်းမာနေတယ်ကွာ.. ငါ့ကို မော်လမြိုင် အလုပ်ထဲကို ခေါ်သွားတော့မယ်.. ငါ မင်းနဲ့ အရမ်းတွေ့ချင်တယ်.. ဘာလုပ်ရမှန်းလဲ မသိဘူး.. အိမ်အပြင်လည်း ပေးမထွက်ဘူး... ဖုန်းလည်းဆက်ခွင့်မပေးဘူး... ငါမင်းကို ချစ်တာကလွဲရင် ဘာလုပ်ရမှန်းမသိတော့ဘူး.."

ကျွန်တော်စာကို ပစ်ပေးဖို့ တခုခု ရှာလိုက်တော့ ခဲဖျက်တစ်တုံးတွေ့တာနဲ့ လုံးချေပြီး အိမ်ပေါ်ကပဲ ပစ်ပေးလိုက်တယ်..။ သူ့ရှေ့နားကို ကျသွားတော့ သူဖတ်ပြီး ကျွန်တော့်ကို ကြည့်တယ်..။ သူခဏ စဉ်းစားနေတယ်ထင်တယ်..။ ကျွန်တော်လေ အိမ်ပေါ်ကနေ ခုန်ချပြီး ထွက်တွေ့ချင်ပေမယ်.. မှန်တံခါတွေက သံပန်းကာထာတော့ အဆင်မပြေဘူးဗျာ...။ ခဏနေတော့ သူကျွန်တော့်ကို ပြုံးပြီး လှမ်းကြည့်တယ်.. မကြာပါဘူး.. ခြံကို ကျော်တက်လာတော့တာပဲ... ကျွန်တော် အံ့ဩသွားတယ်.. သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကို ကျော်ခွတက်လာမယ်လို့ ကျွန်တော် မစဉ်းစားမိဘူး...။ ဘေးခြံက ခွေးက အတင်းထိုးဟောင်တော့တာပဲ....။ သူခြံထဲကို ခုန်ချလိုက်တယ်.. ကျွန်တော် အိမ်အောက် ပြေးဆင်းပြီး ဧည့်ခန်းထဲကနေ ပြတင်းပေါက်ကို ဖွင့်ပြီး သူ့ကို ကျွန်တော် ကြိုလိုက်တယ်... အိမ်ထဲတော့ မဟုတ်ဘူးပေါ့ဗျာ.. သူက အပြင်မှာ ကျွန်တော်က အိမ်ထဲမှာပေါ့..။

"လမင်းရာ လွမ်းလိုက်တာ.. ငါလေ တစ်နေကုန် မင်းကို ပဲ စိတ်ပူနေတာ.. အိမ်က သိမှာလည်း စိုးလို့ ငါဘာမှ မလုပ်နိုင်ဘူး.. မင်းဆီကို ဖုန်းဆက်ရင် မင်း ပြဿနာတက်မှာ စိုးလို့ မဆက်ရဲဘူး... ဘယ်နေ့ သွားမှာလဲ .."
"ငါ လည်း မင်းနဲ့ တူတူပဲ ကွာ.. မင်းကိုပဲ သတိရနေတာ... စိတ်ညစ်တယ်ကွာ... ငါ့ကို သန်ဘက်ခါ ခေါ်သွားမှာကွ.. ရုံးကတော့ ငွေမိုး ဟိုတယ်နားမှာ ငါ ဖုန်းဆက်မယ်လေ... အဲဒီရောက်ရင်တော့ ငါ ဖုန်းဆက်လို့ရမယ်ထင်တာပဲ... မင်းကို ငါ အရမ်းချစ်တယ်သိလား...။"

ကျွန်တော်တို့နှစ်ယောက် လေသံကြားရုံလောက်ပဲ စကားကို တိုတိုးပြောကြတယ်.. ပြီးတော့ ကျွန်တော်တို့နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိတယ်... သံပန်ခြားနေတဲ့အတွက် ဖက်လို့တော့ အဆင်မပြေ.. သူကျွန်တော်လက်ကို ကိုင်လိုက်တယ်.. ကျွန်တော်လန့်သွားတယ်.. လက်က စီးကပ်ကပ် ဖြစ်နေတယ်.. ကြည့်လိုက်တော့ ဘယ်လက်ဖဝါးကွဲနေတယ်..။ သူက သံဆူးကြိုးရှတာတဲ့.. ဘာမှ မဖြစ်ဘူးတဲ့.. ကျွန်တော်လေ သူ့ကို အဲလောက်ထိ ရဲတင်းလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး...။

"လမင်း.. ငါနဲ့မင်း ကမ္ဘာခြားလဲ ရောက်အောင် လာခဲ့မယ်...။ မင်းကိုချစ်တယ်..."

ကျွန်တော်နဲ့ သူ တစ်ယောက်ယောက် မိန်းကလေး တစ်ယောက်ဖြစ်နေရင် ကောင်းမယ်လို့ ကျွန်တော် ဆုတောင်းမိတယ်.ဗျာ.. ခုတော့ ကျွန်တော်တို့နှစ်ယောက်ကို သဘာဝကို လွန်ဆန်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဝေးနေရတယ်...။

"လပြည့် ပြန်တော့.. ငါ မော်လမြိုင်ကနေ ဖုန်းဆက်လိုက်မယ်... မင်း လာလည်ရင် ငါတို့ တိတ်တိတ်လေး တွေ့ရတာပေါ့..။ ခု နောက်ကျနေပြီ.. တော်ကြာ ငါ့ ဘိုးတော် နိုးလာရင် မင်းပြဿနာတက်လေမယ်.... ဒါနဲ့ မင်းကားရော..."
"လမ်းထိပ်မှာ ရပ်ထားခဲ့တယ်.. ကားသံကြားရင် မင်း မိဘတွေ နိုးသွားမှာ စိုးလို့...."
"ဒါဆိုလည်း ပြန်တော့နော်.. နောက်ကျနေပြီ...."
"အင်းပါ.. ချစ်... ချစ်တယ်..."
"အေးပါ.. အရေးထဲ ချစ်တွေ ကိုတွေ လုပ်နေတယ်..."

သူပြန်ထွက်ဖို့ ခြံစည်းရိုးနားကပ်သွားတယ်... ဘေးခြံက ခွေးကလည်း တော်တော် ဟောင်တာပဲ.. သူ ခြံစည်းရိုးပေါ် တွယ်တက်လိုက်.. ဘေးခြံက မြင်သွားတယ်...။

"သူခိုး..သူခိုး....သူခိုး..."

ကျွန်တော်မျက်လုံးပြူးသွားပြီ... ခေါင်းကြီးသွားပြီ...။ သွားပြီ... မပြေးနဲ့ လိုက်.လိုက်..ဆိုတဲ့ အသံတွေ ဆူသွားတယ်...။ ၅ မိနစ်လောက်ကြာတော အိမ်ရှေ့မှာ လူသံ အချိုနဲ့ အတူ သူ ပြန်ပါလာတာကို ကျွန်တော်တွေ့လိုက်တယ်...။

"ဦး မြင့်နိုင်.. ဦးမြင့်နိုင်.."

ခေါ်သံတွေ နဲ့ အတူ အဖေတို့ အခန်းတံခါးပွင့်လာတယ်....။ ကျွန်တော့်ကို ဧည့်ခန်းထဲမှာ တွေ့တော့ အမေရော အဖေရော အံ့ဩသွားတယ်..။

"ဘယ်သူတွေလဲ သား.. ခြံရှေ့မှာ"
"လပြည့်မောင် ရောက်လာတယ်... "
"ဘာ..."
"ဦးမြင့်နိုင်. အိမ်တံခါးဖွင့်ပါဗျိုး.. ခင်ဗျားတို့ခြံ လူကပ်လို့.."

အမေက ကဗျာကယာ တံခါးဖွင့်လိုက်တယ်... ကျွန်တော် အမေ့ဆီက သော့ယူပြီး ခြံတံခါး သွားဖွင့်ပေးလိုက်တယ်...။ ကျွန်တော်ကပဲ ဦးအောင်..

"ဒါကျွန်တော့် သူငယ်ချင်း လပြည့်မောင်ပါ.. သူ သူခိုးမဟုတ်ဘူး..."
"လာကြပါရှင်.. အိမ်ထဲကို ဝင်ကြပါ..."

အမေကနောက်ကလိုက်လာပြီး အားလုံးကို အိမ်ထဲဝင်ဖို့ ခေါ်လိုက်တယ်... အိမ်ထဲရောက်တော့ အဖေက ဧည့်ခန်းထဲမှာ စောင့်နေတယ်..။

"ဦးမြင့်နိုင်... ကျွန်တော်တို့ ဒီကောင်လေးကို ခင်ဗျားတို့ခြံထဲက ထွက်လာတာတွေ့လို့ မသင်္ကာတာနဲ့ နောက်ကလိုက်ဖမ်းတာ... ကျွန်တော်တို့ ဘာဆက်လုပ်ပေးရမလဲ..."

"ဟုတ်ကဲ့.. ကျေးဇူးပါဗျာ.. သူက သား သူငယ်ချင်းပါ... ကျွန်တော်တို့ပဲ ရှင်းလိုက်ပါ့မယ်.. ခုလို ကျွန်တော့်အိမ်ကို ဝိုင်းစောင့်ရှောက်ပေးတဲ့ ရပ်ကွက်လူကြီးများကို ကျေးဇူးတင်ပါတယ်..."

"ရပါတယ် ခင်ဗျာ.. ကင်းလှည့်နေရင်းတွေ့လို့ ကျွန်တော်တို့လည်း မသင်္ကာတာနဲ့ ခုလို ဖမ်းခေါ်လာရတာပါ...။ ခုလို ဦးမြင့်နိုင်တို့က သူ့ကို သိတယ်ဆိုတော့လည်း ကျွန်တော်တို့ ဘာမှ ပြောစရာမရှိပါဘူး.. ဘာအမှုမှ မဖြစ်ဘဲ ပြီးသွားတာ ပိုကောင်းတာပေါ့ဗျာ... ဒီက သားလေကလည်း နောက်ဒီလိုမျိုး မလုပ်ပါနဲ့ .. ကို့ သူငယ်ချင်းခြံထဲကနေ ဒီလို ထွက်တာကတော့ လူတိုင်း မသင်္ကာစရာဖြစ်လိမ့်မယ်..။ နောင်ကို ဂရုစိုက်ပါ..။ ကဲ .. ခွင့်ပြုပါဦးဗျာ.."

ပြောပြောဆိုဆို ရပ်ကွက်လူကြီးတွေနဲ့ အပေါင်းအပါတွေ ပြန်ထွက်သွားကြတယ်..။ အမေနဲ့ အဖေ ခြံရှေ့ရောက်အောင် လိုက်ပို့ပေးလိုက်ကြတယ်..။ ကျွန်တော်တို့နှစ်ယောက် ခေါင်းကြီးရပြီ..။ အဖေပြန်ဝင်လာတော့ မျက်နှာတော်တော် ပျက်နေတယ်.. ဒေါသလည်း ထွက်နေတာပေါ့ဗျာ..။

"ကဲ.. မောင်လပြည့် .. မင်း ဘယ်လို ဖြစ်ချင်လဲ ပြော... ဦးတော့ မင်းတို့ နှစ်ယောက်ကို စိတ်ကုန်ပြီ.. "

"ဦးသဘောအတိုင်းပါ..."

"ကဲ ဒါဆို ဦး မင်းအဖေကို အကြောင်းကြားပြီး လာခေါ်ခိုင်းလိုက်မယ်.. မင်းတို့နှစ်ယောက်ကိစ္စကိုတော့ ဦးဘယ်လိုမှ သဘောမကျဘူး..။ မဖြစ်သင့်.. မလုပ်သင့်တာကို မင်းတို့တွေ လုပ်ကြတယ်.. ဒီတော့ ဦးတို့လူကြီးတွေက လုပ်သင့်တဲ့ အတိုင်း လုပ်ကြဖို့ တာဝန်ရှိတယ်..။"

အဖေ လပြည့်တို့ အိမ်ကို ဖုန်းခေါ်လိုက်တယ်...။ ၄၅ မိနစ်လောက်ကြာတော့ လပြည့်အဖေနဲ့ အမေ ရောက်လာတယ်..။

အမေကပဲ ခရီးဦးကြိုလိုက်တယ်..။

"လာကြပါရှင်... ထိုင်ကြပါ.."

"အားတော့နာတယ် ဦးမြင်နိုင်ရေ.. ဘယ်လို ဖြစ်ကြတာလဲ ပြောစမ်းပါဦးဗျ..."

" ကျွန်တော်လည်း ဘယ်လိုပြောရမှန်း မသိတော့ဘူး.. ထိုင်နေတဲ့ သားတော်မောင်တွေကိုသာ မေးကြည့်လိုက်ပါတော့ဗျာ..."

ကျွန်တော့်အဖေက ဦးမိုးယံကို ပြောလိုက်တော့..

"ကဲ လပြည့်.. မင်းက ဘာလို့ သူများခြံထဲကို ညကြီးအချိန်မတော် ဘာလာလုပ်ရတာလဲ.. ပြောပါဦး.."

"ကျွန်တော်ရှင်းပြပါ့မယ်.. အဖေ.."

ဒီလိုနဲ့ လပြည့်မောင်ကပဲ ကျွန်တော်တို့ အကြောင်းကို သူ့အဖေထံ ရှင်းပြလိုက်တယ်..။ လပြည့်မောင် စကားဆုံးတဲ့ အချိန်မှာ ကျွန်တော်တို့ စကားဝိုင်း တိတ်ဆိတ်သွားတယ်... ကျွန်တော်တို့ရဲ့ မိဘတွေ ကျွန်တော်တို့ကို စိုက်ကြည့်နေတာများ အရည်ပျော်လောက်တယ်.. ခဏကြာတော့ ဦးမိုးယံကပဲစပြီး..

"ကိုမြင့်နိုင်.. ကျွန်တော့်သား မိုက်မဲမှုအတွက် ကျွန်တော် အနူးညွတ် တောင်းပန်ပါတယ်ဗျာ.. ကျွန်တော်တို့ သူတို့ကို ယုံမိတယ်... ခုကိစ္စကိုလည်း ကျွန်တော့်တို့ကို အသိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော့်သားကို ကျွန်တော် ဆုံးမပါ့မယ်ဗျာ..။ မောင်လမင်းကလည်း သားနဲ့ကိစ္စကို မေ့လိုက်ပါ... နောင် သူငယ်ချင်းလို ပြန်ဆက်ဆံနိုင်ပြီဆိုတာသေချာမှ ဦးတို့ ပြန်ဆုံခွင့်ပေးမယ်... ဟုတ်ပြီလား... ကဲ ကိုမြင့်နိုင်ရေ ခွင့်ပြုဦးဗျာ.. လပြည့် မင်း အမေကို မင်းကားနဲ့ ခေါ်သွား.. ငါ နောက်က လိုက်ခဲ့မယ်..။"

အဲဒီနေ့က ကျွန်တော် သူ့ကို အရမ်းကြေကွဲနေတဲ့ ပုံစံနဲ့ တွေ့လိုက်ရတယ်.. အမြဲတမ်းပျော်ပျော်နေခဲ့တဲ့ ကျွန်တော်နှစ်ယောက် ဝမ်းနည်းမှုတွေက နေရာယူခဲ့ပြီ..။ နောက်နေ့ညနေပဲ ကျွန်တော်လည်း အဖေနဲ့ အတူ မော်လမြိုင်ကို လိုက်ခဲ့ရတော့တယ်..။ ကျွန်တော် အဖေအလုပ်ထဲမှာ ရုံးအလုပ်တွေ ကူလုပ်ရင်း အလုပ်အကြောင်းပါ သင်ရတယ်.. ရန်ကုန်က ရုံးနဲ့ ဆက်သွယ်ပြီး လိုအပ်တာတွေ မှာရတယ်.. ပို့ရတယ်.. အဖေ ရန်ကုန်ပြန်သွားရင်တောင် ကျွန်တော် မော်လမြိုင်မှာနေခဲ့ရတယ်.. ကျွန်တော် အလုပ်ထဲမှာ စိတ်ကို ကြိုးစားပြီး နှစ်ထားခဲ့တယ်.. ဒါပေမယ့် အလုပ်တွေပြီးလို့ ညဘက် အခန်းထဲ ပြန်ရောက်ရင် ကျွန်တော် သူ့ကို အရမ်းသတိရတယ်... လွမ်းတယ်ဗျာ....။ ကျွန်တော် ရန်ကုန်က သူ့အိမ်ကို ဖုန်းဆက်တော့ ဖုန်းမကိုင်တာက များတယ်... ကိုင်တော့လည်း အိမ်က ခြံစောင့်ပဲရှိတယ်.. သူတို့တွေ ရန်ကုန်မှာ မရှိတာက များတယ်တဲ့..။ ကျွန်တော် တော်တော် ညံ့တယ်...သူ့ရဲ့ မန္တလေးက ဖုန်းကို မမှတ်ထားဘူး... သူမန္တလေးမှာ ရှိနေရင် သူကပဲ ဖုန်းအမြဲခေါ်နေကျလေ... ကျွန်တော် ကြံရာမရ ဖြစ်နေတယ်... လွမ်းတဲ့စိတ်နဲ့တင် သေလောက်တယ်...

တစ်ရက် အဖေရန်ကုန်က ပြန်ရောက်လာတော့ ကျွန်တော် အဖေ့ကို ပစ္စည်းကို ကူသယ်ရင်း အဖေက သင်္ကြန်မှာ အလုပ်နားမယ်တဲ့ ရုံးအဖွဲ့ကို ရန်ကုန်ပြန်ခေါ်မယ်တဲ့... ကျွန်တော် ပျော်လိုက်တာဗျာ... အထီးကျန်တဲ့ ဘဝက ခဏ နားရတော့မယ်.. ကျွန်တော် အဖေ့ပစ္စည်းတွေ ကူနေရာချရင်း အဖေ အိတ်ထဲက ဖုန်းစာအုပ်လေး တစ်အုပ် ရှာတွေ့တယ်..။ အဖေကတော့ တပ်ထဲက အရာရှိတွေနဲ့ တွေ့ဖို့ ထွက်သွားတယ်..။ ကျွန်တော်လည်း အခွင့်အရေးရတုန်း ဖုန်းစာအုပ်ကို ဖွင့်ရှာလိုက်တယ်... ဦးမိုးယံရဲ့ မန္တလေးက အိမ်ဖုန်းကို ရှာတာ... ကျွန်တော် ကံကောင်းတယ်.. ရှာတွေ့တော့ အရမ်းပျော်လိုက်တာဗျာ... အခွင့်အရေးကို ချက်ချင်းအသုံးချလိုက်တယ်... နာရီကြည့်တော့ နေ့ခင်း ၃ နာရီ.. ဒီအချိန်မှာ ဦးမိုးယံ အိမ်မှာ မရှိလောက်....။ ကျွန်တော် အရဲစွန့်ပြီး ခေါ်လိုက်တယ်...။

"ဟဲလို..."

ကျွန်တော့်နားထဲ သကြားရည်လောင်းထည့်လိုက်သလိုပဲ... ၂ လကျော် လွမ်းနေတဲ့ အသံလေ...

"လပြည့်... ငါ လမင်း...."
"ဟာ.... ချစ်.... တော်သေးတာပေါ့ အိမ်မှာ ဘယ်သူမှ မရှိလို့... လွမ်းလိုက်တာကွာ... ငါ မင်း ဖုန်း မဆက်တော့ဘူးမှတ်နေတာ... ငါဒီမှာ အကျယ်ချုပ်ကျနေတယ်ကွ... ဘယ်မှလည်း မသွားချင်လို့ အိမ်မှာပဲ နေနေတာ.. ရန်ကုန်က ပြန်ရောက်ကတည်းကပဲ... "
"ငါလည်း ဘာထူးလဲ ကွာ.. ဒီမှာ ငါ အလုပ်နဲ့ ထောင်ဒဏ် ကျနေသလိုပဲ... မင်းကို နေ့တိုင်းလွမ်းနေတာ.. မန္တလေးက ဖုန်းကို ငါမှ မသိတာ.. ခုတောင် ငါ အဖေအလစ်မှာ သူ့ဖုန်းစာအုပ်ကို ရှာရင်းတွေ့လို့... လပြည့်... မင်းကို လွမ်းတယ်ကွာ.. အရမ်းတွေ့ချင်တယ်ကွာ... ငါရူးတော့မယ်ကွာ..."
"ငါ တို့ ဘယ်လို လုပ်ကြမလဲ လမင်းရာ.. ငါ လည်း မင်းကို တွေ့ချင်တယ်.. ဒီနှစ်သင်္ကြန်တော့ တော်တော် စိတ်ညစ်ဖို့ကောင်းမှာ.. ငါ တစ်ယောက်တည်း ဘယ်လို ဖြတ်သန်းရမယ်တောင် မသိဘူး... "
"သင်္ကြန်ဆိုလို့ သင်္ကြန် ငါ ရန်ကုန်မှာ ရှိမယ်... လကုန်ခါနီးမှ မော်လမြိုင် ပြန်လာရမယ်... ငါ အဆင်ပြေတိုင်း ဖုန်းခေါ်လိုက်မယ်..."
"အေး.. လမင်း.. အခု နည်းနည်း အလွမ်းပြေသွားပြီ... ဟော.. ကားသံ ကြားတယ်...ပြန်လာကြပြီ ထင်တယ်.. ဖုန်းချလိုက်တော့မယ်.. ချစ်တယ်.. အရမ်းချစ်တယ်..."
"အေး.. ချစ်တယ်.."

ကျွန်တော်တို့ ဖုံးပြောပြီးတော့ ရင်ထဲမှာ ကြည်နူးမှု တစ်ဝက်.. လွမ်းဆွေးမှု တစ်ဝက်နဲ့ ပြည့်နေခဲ့တယ်... နောက်တစ်ပတ်လောက်အကြာ သင်္ကြန်မကျခင် ၄ ရက်လောက် အလို ကျွန်တော်တို့တွေ ရန်ကုန် ပြန်ခဲ့တယ်...။ အမေကတော့ ကျွန်တော့်ကို အရမ်းဂရုစိုက်နေခဲ့တယ်..။ ကျွန်တော်လည်း အိမ်ထဲမှာပဲ အနေများခဲ့တယ်...။ စာအုပ်ဆိုင် အခွေဆိုင်လောက်ပဲ အပြင်ထွက်ခဲ့တယ်... သင်္ကြန်ရက်တွေမှာတော့ မဏ္ဍပ်ထိုင်ဖြစ်တယ်.. ဒါပေမယ့် စိတ်ကတော့ ရန်ကုန်မှာ မဟုတ်.. မန္တလေးမှာ.. ညီတွေနဲ့လည်း လည်ဖြစ်ခဲ့တယ်... ညဘက် အိမ်ပြန်ရောက်တော့ ဗွီဒီယို ကြည့်.. ဒီလိုနဲ့ သင်္ကြန်တစ်ပတ် ကုန်ခဲ့တယ်... လပြည့်မောင် ဖုန်းမဆက်ဖြစ်... ကျွန်တော်လည်း အခွင့်အရေးမရ... နှစ်ဆန်း နှစ်ရက်နေ့ စာအုပ်ဆိုင်တွေ အခွေဆိုင်တွေ ပြန်ဖွင့်တော့ ကျွန်တော် လည်း ငှားထားတဲ့ စာအုပ်တွေ အခွေတွေ ပြန်အပ်ဖို့ ညစာစားပြီးတော့ ထွက်ခဲ့တယ်... လမ်းထိပ်ရောက်တော့ ကားတစ်စီးက ကျွန်တော့်ကို မီး မျက်တောင်ခတ်ပြတယ်... စိတ်ထဲမှာတစ်မျိုးဖြစ်သွားတယ်...

"ဟိတ်..."
"......................"
"အံ့ဩနေတာလား..."
"လပြည့်.. ဘယ်လို ဒီကိုရောက်လာတာလဲ... "
"ဘာမှ မေးမနေနဲ့.. လာလိုက်ခဲ့တော့.. ငါတို့ စွန့်စားကြမယ်... လမ်းရောက်မှ ငါ ရှင်းပြမယ်.."
"ဘယ်သွားမှာလဲ..."
"အားလုံးနဲ့ ဝေးတဲ့နေရာ... လိုက်မှာလား.."
"လိုက်မယ်..ခဏနေဦး.. ငါပိုက်ဆံနဲ့ မှတ်ပုံတင် ပြန်ယူလိုက်ဦးမယ်..."
"အာ.. လုပ်မနေနဲ့တော့.. လိုက်ခဲ့..."
"မရပါဘူး... ၅ မိနစ်ပဲစောင့်နေ.. ငါပြန်လာခဲ့မယ်.."

ကျွန်တော်လဲ အပြေးအလွှား အိမ်ပြန်.. အိမ်ရောက်တော့ အမေနဲ့ အဖေ ဘုရားရှိခိုးနေကြပြီ.. ကျွန်တော်လည်း အခန်းထဲဝင်ပြီ မှတ်ပုံတင်နဲ့ စုထားတဲ့ ပိုက်ဆံရယ် ဘဏ်စာအုပ်ရယ် ယူပြီး ညီတွေကို နှုတ်ဆက်ပြီး ထွက်ခဲ့တယ်..။ ကျွန်တော်ရောက်တော့ သူက စိတ်အရမ်းစောနေတယ်..။ ကျွန်တော်တို့နှစ်ယောက် ကားကို ရန်ကုန် မန္တလေးလမ်းဘက်ကို ဦးတည်လိုက်တယ်...။ သူရော ကျွန်တော်ပါ ပျော်နေခဲ့ကြတယ်...။ ကားမောင်းရင်းနဲ့ တစ်ယောက်လက် တစ်ယောက် ကိုင်ထားကြတယ်..။ ကားကို ပုံမှန် အရှိန်လေးနဲ့ မောင်းလာကြတယ်... လမ်းမှာလည်း ဘယ်လောက်လွမ်းတဲ့ အကြောင်း.. ဘာတွေဖြစ်ကြတယ်ဆိုတဲ့ အကြောင်း စကားတပြောပြောနဲ့ နောက်လိုက် ပြောင်လိုက် နဲ့ ကြည်နူးနေခဲ့ကြတယ်... ကျွန်တော်တို့ ပဲခူးကိုရောက်တော့ ည ၉ နာရီထိုးနေပြီ...။ လဘက်ရည်သောက်နားကြတယ်..။ သူ အိမ်ကနေ ကျောက်ဆည်ကို ခဏဆိုပြီး သူငယ်ချင်းတွေနဲ့ ထွက်ခဲ့တဲ့ အကြောင်း.. လေဆိပ်မှာ ဂိုးရှိုးလက်မှတ်နဲ့ ရန်ကုန်ကို လစ်လာတဲ့အကြောင်း ကားကလည်း သူ့ သူငယ်ချင်း တစ်ယောက်အကူအညီ နဲ့ ငှားခဲ့တဲ့ အကြောင်း တသီကြီး ပြောနေလေရဲ့... ကျွန်တော်က ဘယ်လိုပြောပြီး ကားကို ငှားတာလဲလို့ မေးတော့ မိန်းမ ခိုးမလို့ ဆိုပြီး ငှားလာတာတဲ့...။

"အန်.. ဒါဆို ငါ က မင်းခိုးမယ့် မိန်းမပေါ့.."
"ဟုတ်တယ်လေ.. မင်း ငါ့မိန်းမလုပ်ပေါ့. ငါ ရှာကျွေးမှာပါ.... သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမှာပါ..."
"အာ.. တော်ပါကွာ... ဒါနဲ့ ခု ငါတို့ ဘယ်ကို သွားမှာလဲ..."
" တာချီလိတ်ဘက်ကနေ ယိုးဒယားကို ကူးမယ်လေ... ဟိုမှာ ငါ ၁ဝ တန်း တုန်းက ဘော်ဒါကလည်း မင်းနဲ့ ငါ့လိုပဲ.. သူ့ကောင်လေး နဲ့ တူတူနေနေတယ်... ငါ ဆက်သွယ်ပြီး အကူအညီ တောင်းတော့ လာခဲ့တဲ့... ကူညီမယ်တဲ့... ငါတို့ သွားကြမယ်.. ဒီကို ပြန်မလာတော့ဘူးနော်..."
"လပြည့်ရယ်.. မင်း အဲလောက်ထိ စွန့်စားမယ်လို့ ငါ မထင်ထားဘူး..."
ဘာလဲ.. မင်း မလိုက်ရဲဘူးလား.."
"မဟုတ်ပါဘူးကွာ.. မင်းသာ အနားမှာ ရှိရင် ဘယ်ပဲ သွားရ သွားရ ငါလိုက်မယ်..။"
"လမင်း... ချစ်တယ်ကွာ.."

ကျွန်တော် သူ့ကို ပြုံးပြီး ကြည့်နေလိုက်တယ်... ခုကြတော့ သူက တကယ့် လူကြီးလိုပဲ... ကျွန်တော်တို့ ကား ဆီဖြည့်.. လေစစ်ပြီး ပဲခူးက ဆက်ထွက်ခဲ့ကြတယ်... ကျွန်တော်တို့ သီချင်းတအေးအေးနဲ့ မောင်းလာကြတယ်... ည ၁၂ နာရီလောက် ကျွန်တော်တို့ ညောင်လေးပင်ရောက်တယ်...

"ညောင်းလိုက်တာကွာ..."
"လပြည့် ငါမောင်းမယ်လေ.. မင်း ခရီးဝေးမမောင်းဖူးဘူးလား.."
"ဘယ်လိုလို့ မောင်းဖူးမှာလဲ... မင်းကို ချစ်လို့ ငါ မောင်းတာ.. မင်းရော မောင်းဖူးလား.."
"ခရီးဝေးဆိုလို့ သန်လျင်လောက်ပဲ မောင်းဖူးတာ..."
"ကောင်းရော.. ငါပဲ မောင်းတော့မယ်... တခုခုစားရအောင်လေ... ငါ ဗိုက်ဆာလာပြီ.."
"အင်း ကောင်းတယ်.. နားတာပေါ့.. မင်း အရမ်းပင်ပန်းနေရင် ငါတို့ တည်းဖိုခန်း တစ်ခုခုမှာ နားမယ်လေ... မနက်မှ ထသွားကြမယ်.."
"မနားပါဘူး... ရန်ကုန်နဲ့ မဝေးသေးဘူး... လိုက်လာရင် မီနိုင်တယ်... ငါတို့ တောင်ကြီးရောက်မှ နားမယ်...။"
"ဟာ... အဝေးကြီးဟာကို တောင်ကြီးရောက်မှဆို မင်း မောင်းနိုင်မယ် မထင်ဘူး... သာစည်လောက်မှာ တစ်နေ့လောက် နားမယ်ကွာ... မင်း တောင်တက်ခရီးမောင်းရမှာနော်..."
"ရတယ်.. ငါ မောင်းနိုင်တယ်... ပြင်ဦးလွင်ကို ငါမောင်နေကျ..."
"အာ.. မတူဘူးလေ.."
"လမင်း.. မင်း တော်တော် စကားများတယ်နော်... ငါ မောင်းနိုင်တယ်ဆို မောင်းနိုင်တယ်... လျှာမရှည်နဲ့.."
"ပြီးရော.. နောက်ဘယ်တော့မှ အဲဒီရှည်တဲ့ လျှာကို မသုံးတော့ဘူး.."
" အာ... ချစ်ကလဲ စိတ်မဆိုးပါနဲ့ကွာ... ကဲ ဒီမှာ တခုခု စားရအောင်ကွာ..."

ကျွန်တော်တို့ မြို့အထွက်နားက ရွှေဟင်္သာ ဆိုင်မှာ ထမင်းကြော် စားကြတယ်... ခဏနားပြီး ဆက်ထွက်တော့ ည ၁ နာရီ ထိုးတော့မယ်.... စကား တပြောပြောနဲ့ မောင်းလာလိုက်တာ.. ကြည်နူးမှုတွေနဲ့ပေါ့ဗျာ... လမ်းတစ်နေရာရောက်တော့ ကုန်ကားကြီးတွေ တန်းစီပြီး တရွေ့ရွေ့ သွားနေကြတယ်... လမ်းချဲ့နေတော့ ဖြေးဖြေးချင်းမောင်းနေကြတယ်...။

"ကျော်လိုက်မယ်ကွာ.. မဟုတ်ရင် မိုးလင်းသွားလိမ့်မယ်..."
"နေဦး လပြည့်.. ဘေးမှာ လမ်းချဲ့နေတယ်ကွ.. ရှေ့က ကားလာရင် ကျော်ဖို့မလွယ်ဘူး..."
"ရပါတယ်... ငါသိပါတယ်..."

သူပြောပြောဆိုဆို ကားကို လမ်းပေါ်တင်လိုက်တယ်.. အရှိန်မြင့်လိုက်ပြီး သူ ကားကြီး တွေကို ကျော်လိုက်တယ်... ရှေ့ဆုံးကားကို မရောက်ခင် မျက်နှာချင်းဆိုင်က ကားတစ်စီး အရှိန်နဲ့ မောင်းလာတာတွေ့တော့ သူကားကို ချဲ့ထားတဲ့ လမ်းပုခုံးပေါ်ကို ဆွဲချလိုက်တယ်... ကားက မြေပျော့ကို နင်းမိတယ်ထင်တယ်.. အရှိန်နဲ့ အတူ ကားက လမ်းအောက်နားက ကျောက်ပုံဆီကို ဦးတည်မိသားဖြစ်သွားတယ်...

"လပြည့်..... ဖြေးဖြေး.."

"ဝုန်း.."

ကျွန်တော် ခေါင်းကို တစုံတစ်ခုနဲ့ အပြင်းအထန် ဆောင့်မိပြီးနောက်ပိုင်း ကျွန်တော် လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတယ်....

"သား.. လမင်း... "

အမေ့ခေါ်သံကြားလိုက်ရတယ်... မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တယ်... တကိုယ်လုံးနာကျင်နေတယ်...

"သား ... သတိရပြီလား..."
"ကျွန်တော်တို့ ဘာဖြစ်သွားတာလဲ..."
"သားခု ညောင်လေးပင်က ဆေးရုံမှာ.. "
"လပြည့်ရော... လပြည့်... သူ ဘာဖြစ်သွားသေးလဲ..."
" သား... သူ ဘာမှ မဖြစ်ဘူး.. အေးဆေးနားလိုက်ဦး.."
"အာ. ဘာလို့ ဘာမှ မဖြစ်ရမှာလဲ... သူ့ဘက်ကို မှောက်တာလေ... ပြောပါ.. သူ ဘာဖြစ်သွားတာလဲ..."
".................................."
"ပြောပါ...အမေ... သူ ဘာဖြစ်သွားလဲ..."
"သား... စိတ်မကောင်းမဖြစ်ပါနဲနော်... စိတ်ခိုင်ခိုင်ထား... သူ ဆုံးသွားပြီ..."
"ဗျာ... ဘယ်လို.."
"ဟုတ်တယ်သား.. အပြင်ဒဏ်ရာက မပြင်းဘူး.. ဒါပေမယ့် နံရိုးကျိုးပြီး အသည်းမှာ သွားစိုက်လို့ ဆေးရုံအရောက်မှာ ဆုံးသွားတယ်... ခု သူ့ကို ရန်ကုန် ပြန်သယ်ဖို့ လုပ်နေကြတယ်..."

ကျွန်တော် ကြိုးစားပြီး ထထိုင်လိုက်တယ်... ခေါင်းမူးနေတာနဲ့ ချက်ချင်းထမရဘူး... အဖေက ထူပေးတယ်...။

"သား သူ့ကို သွားကြည့်မယ်.. လိုက်ပို့ပေးပါ.."

အဖေက ဒီတခါ ဘာမှ မပြောတော့... တွန်းလှည်းတစ်စီး သွားယူလာပြီး ကျွန်တော့်ကို ပွေ့တင်ပြီး လိုက်ပို့ပေးတယ်... ကျွန်တော့်နဲ့ တခန်းကျော်မှာ သူ့ကို တွေ့ရတယ်... သူ ငြိမ်သက်စွာ လဲလျောင်းနေတယ်... ကျွန်တော့်ကို တွေ့တော့ သူ့အမေ ငိုချလိုက်တယ်... ကျွန်တော် သူ့နားရောက်အောင် အဖေက လိုက်ပို့ပေးတယ်... ကျွန်တော် သူ့လက်ကလေးကို ကိုင်လိုက်တယ်... လွန်ခဲ့တဲ့ နာရီ အနည်းငယ်က နွေးထွေးနေတဲ့ လက်ကလေးက ခုတော့ အေးစက်နေပြီ... တတွတ်တွတ် ပြောနေခဲ့တဲ့ နှုတ်ခမ်းကလည်း လှုပ်ရှားမှု မဲ့နေခဲ့ပြီ...။ ကျွန်တော် ငိုချလိုက်တယ်...။ ဝမ်းအနည်းဆုံး.. အကြေကွဲဆုံး ငိုကျွေးမှုမျိုးနဲ့ ကျွန်တော် ငိုမိတယ်...

"လပြည့်ရယ်... မင်း ငါ့ကို ထားခဲ့ပြီး အဝေးဆုံးခရီးကို ငါမပါဘဲ မင်းထွက်သွားပြီ.. မင်းရဲ့ အချစ်တွေကို ငါ့အတွက်ထားခဲ့ပြီး မင်းက အနားမှာမရှိတော့ဘူး... မင်း ငါ့စကားကို နားထောင်သင့်တယ်... ငါတို့ နားလိုက်ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး..."

ကျွန်တော် တစ်ယောက်တည်း ပြောပြီး ငိုနေမိတယ်...။ နောက်နေ့ ညနေပဲ ကျွန်တော်ကို ရန်ကုန်ကို ပြန်ခေါ်ခဲ့တယ်...။ သူ့ဈာပန ကို ကျွန်တော် သွားခဲ့တယ်...။ အချစ်ကြီး ချစ်ခဲ့တဲ့ ချစ်သူရဲ့ နောက်ဆုံးခရီးကို ကျွန်တော် လိုက်ပို့ခဲ့တယ်...။ သူ့ရုပ်ကလာပ်မှာ လွမ်းထားတဲ့ အဝတ်က ကျွန်တော်နဲ့ ပထမဆုံးအကြိမ် ဝယ်ခဲ့တဲ့ အကျီင်္နဲ့ ဘောင်းဘီ... အဲဒီနေ့က ကျွန်တော်လည်း အဲဒါကိုပဲ ဝတ်ချင်တာနဲ့ ဝတ်သွားလိုက်တယ်... သူကလေ.. ပန်းတွေ ကြားထဲမှာ လှနေတာ... ပန်းခြင်းတွေကလည်း ပြည့်နေတာပဲဗျာ... ကျွန်တော် သူ့လက်ကို ကိုင်လိုက်တယ်.. လက်မှာ လက်စွပ်လေး ရှိသေးတယ်.. ကျွန်တော် သူ့မိဘများကို ခွင့်တောင်ပြီး.. လက်စွပ်ကလေးကို ချွတ်ယူလိုက်တယ်... နောက်ဆုံးအမှတ်တရ အဖြစ်နဲ့ ကျွန်တော့်လက်စွပ်ကလေးနဲ့ အတူ သိမ်းထားဖို့လေ...။ နောက်တော့ သူ့ကို မီးသဂြိုလ်ဖို့ သယ်သွားကြတယ်... ကျွန်တော့်ရင်ထဲမှာလေ... ပြောပြလို့ မတတ်နိုင်တဲ့ ခံစားချက်မျိုး ခံစားနေရတယ်....။ ကောင်းကင်ကို လွင့်တက်သွားတဲ့ မီးခိုးတွေနဲ့အတူ သူပြုံးနေကျ အပြုံးနဲ့ သူ့မျက်နှာကို ကျွန်တော် မြင်လိုက်ရတယ်... နားထဲမှာလည်း...

"လမင်းရေ... ကံမဆုံလို့ ခွဲရပေမယ့် နောင် ဘယ်ဘဝရောက်ရောက် မင်းကို စောင့်နေမယ်.." ဆိုတဲ့ သူ့အသံကို ကြားလိုက်မိတယ်... .

ကျွန်တော် ကောင်းကင်ကြီးကို မော့ကြည့်နေတာ ဘယ်လောက်ကြာသွားတယ် မသိ...။ ဦးမိုးယံ နဲ့ ကျွန်တော် မိဘတွေ လာခေါ်မှ ကျွန်တော် သတိပြန်ဝင်တယ်...။

"သား.. ပြန်ကြရအောင်နော်.. မိုးချုပ်တော့မယ်... သားတို့ သံယောဇဉ်ကို ဦးတို့ နားလည်လိုက်ပါပြီ... သားရယ်... နောင်ဘဝဆိုတာ ရှိခဲ့ရင် ဒီလိုမျိုး မကြုံရအောင် ဆုတောင်းနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူးလေ..ကွယ်.."

ကျွန်တော် အဖေ့ကို ဖက်ပြီး အားရအောင် ငိုလိုက်တယ်...

ကျွန်တော် အိမ်ပြန်ရောက်တော့ ကျွန်တော် ဝရန်တာကနေ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်... မြေပြင်မှာ လမပြည့်တော့ပေမယ့် ကောင်းကင်မှာတော့ တန်ခူးလရဲ့ လမင်းကြီးက အပြည့်အဝ သာနေလေရဲ့... ကောင်းကင်က လမင်းက သူ့အချိန်နဲ့သူ ပြည့်လိုက် ကွယ်လိုက်ဖြစ်ရင်ဖြစ်မယ်.. ကျွန်တော့်ရင်ထဲက လပြည့်ကတော့ ကျွန်တော်လမင်း ကွယ်တဲ့ အချိန်ထိ အမြဲတမ်း ပြည့်နေမှာဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်တော့ပါဘူး..ဗျာ..။ ။

888888

ကျွန်တော့်ပါးပြင် ပူနွေးမှုနဲ့ အတူ ကျွန်တော် ပစ္စုပ္ပန်ကို ပြန်ရောက်လာတယ်... သောကြာကြယ်တောင် အမြီးထောင်နေပြီပေါ့... ပြန်ရတော့မယ်...

"လပြည့်ရယ်... ဖြစ်လေရာ ဘဝမှာ ငါတို့ အမြဲတမ်းချစ်သူတွေ ဖြစ်နိုင်ပါစေ... ချစ်ပြီးရင်လည်း ပေါင်းဆုံနိုင်ပါစေ... သံသရာမှာ ပြန်ဆုံခွင့်တော့ ငါ မျှော်လင့်တယ်..ကွာ..."


-------------------------------------

ပြီးပါပြီ....

ချစ်သူတိုင်း ဆုံစည်းနိုင်ပါစေ..

No comments: