Wednesday, October 15, 2008

ချစ်တတ်ဖို့အတွက် . . .

လောကကြီးမှာ လူသားအားလုံး လိုချင်တဲ့အရာ တစ်ခုရှိတယ်...။ အဲဒီအရာဟာ ငွေရှိတိုင်း ဝယ်လို့မရသလို ဂုဏ်တွေ အရှိန်အဝါတွေနဲ့လဲ ရယူပိုင်ဆိုင်လို့မရဘူး..။ အဲဒီအရာဟာ တခါတခါ ရိုးရှင်းသလိုနဲ့ တခါတခါ လျှို့ဝှက်နက်နဲနေတတ်တယ်..။ နူးညံ့သယောင်နဲ့ မုန်တိုင်းတစ်ခုလိုကြမ်းတမ်းနေတတ်ပြန်တယ်..။ တခါတလေ အေးမြပြီး တခါတခါကျပြန်တော့ ပူလောင်စေတတ်တယ်..။ အဲဒါဘာလဲ သိလား...? အချစ်လို့ခေါ်တယ်..။

လူတိုင်းလူတိုင်း ချစ်ဖူးကြတယ်..။ အချစ်ကို ခံစားဖူးကြတယ်..။ မိသားစုကို..၊ မိတ်ဆွေ သူငယ်ချင်းတွေကို...၊ ချစ်သူရည်းစားတွေကို ချစ်ဖူးကြတယ်....။ နည်းမျိုးစုံနဲ့ အချစ်ကို ထိတွေ့ခံစားခဲ့ကြတယ်...။ အဲဒီလူတွေထဲကမှ တချို့က အချစ်ကို ပိုင်ဆိုင်ခဲ့ကြသလို တချို့က လက်လွှတ်ဆုံးရှုံးခဲ့ကြတယ်..။ တချို့ကြတော့အချစ်ကြောင့် အောင်မြင်မှုတွေ ရခဲ့ကြပြီး တချို့ကြတော့ ဘဝကို ရေစုန်မျောလိုက်ကြတယ်..။

လောကကြီးမှာ မချစ်တတ်ဘူးလို့ပြောကြတဲ့လူတွေဟာ.. အချစ်ကို ကိုယ်တိုင်ထိတွေ့ခံစားခဲ့ကြပြီး အချစ်ရဲ့လျှို့ဝှက်ချက်ကို သဘောမပေါက်ခဲ့လို့ အချစ်ကို ကြောက်တဲ့ စိတ်နဲ့ ပြောနေကြတာပါ..။ အချစ်ဆိုတာ ပေးဆပ်မှု တစ်ခုမဟုတ်သလို ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ဘူး...။ စိုင်းစိုင်းခမ်းလှိုင်ပြောသလို အချစ်ဆိုတာ ချစ်နေဖို့ပါပဲ..။ ဟုတ်တယ်..။ ချစ်တတ်ဖို့ပဲ လိုတယ်...။ ချစ်သူတွေ ဝေးခဲ့ကြပေမယ့် ဘဝမှာ အကောင်းဆုံး မိတ်ဆွေတွေ အဖြစ်ရပ်တည်နေကြတဲ့ ချစ်သူတွေရှိသလို နီးစပ်ခဲ့ပြီးမှ အဝေးကြီး ဝေးခဲ့ကြတဲ့ ချစ်သူတွေလည်းရှိတယ်ဆိုတာ သိထားသင့်တယ်...။ ချစ်တတ်တဲ့ သူတွေက အမြဲတမ်းနီးနေမှာပဲ..။ မချစ်တတ်လို့ကတော့ အိပ်ခန်းတစ်ခန်းထဲ အတူတူ နေကြလည်း ဝေးနေကြတာပါပဲ..။

ကျွန်တော်တို့တွေ ဘယ်လိုမျိုး ချစ်ကြမလဲ..? ချစ်သူတွေအားလုံးကတော့ နီးချင်းကြမှာတော့ အမှန်ပဲ..။ အချစ်ဆိုတာ မီးလိုပဲ..။ သေသေချာချာ ကိုင်တွယ်အသုံးချတတ်ရင် မီး ဟာ မိတ်ဆွေကောင်းတစ်ယောက်ပါ..။ အချစ်လည်း သေသေချာချာ ခံစားတတ်ရင် ရင်ကို အေးမြစေတတ်တဲ့ အရာပါ..။

ကျွန်တော်လည်း ကျွန်တော့်ချစ်သူကို အရမ်းချစ်တယ်..။ အနီးဆုံးမှာ နေပြီး အမြဲတမ်း "ချစ်တယ်"ဆိုတာပဲ ပြောနေချင်တယ်..။ ဒါပေမယ့် အလုပ်နဲ့ အဝေးကိုရောက်နေတဲ့ ကျွန်တော့်အဖို့ ချစ်နေရုံကလွဲလို့ ဘာမှ လုပ်လို့မရဘူးလေ..။ ချစ်တတ်ဖို့ပဲ ကျွန်တော်ကြိုးစားရတာပေါ့..။ ကျွန်တော်လေ... သူ့ကိုအရမ်းချစ်တယ်..။ သူ့ကို ပိုင်ဆိုင်ရသည်ဖြစ်စေ..၊ မပိုင်ဆိုင်ရရင်ပဲ ဖြစ်စေ.. အမြဲတမ်းချစ်နေနိုင်အောင် ကြိုးစားနေတယ်..။ သူဘာပဲဖြစ်ဖြစ်..၊ ကျွန်တော် ဘယ်ပဲရောက်ရောက် ကျွန်တော်နဲ့ သူဟာ.. ချစ်သူဆိုတာ ကျွန်တော်တို့နှစ်ယောက် နားလည်နေသရွေ့ ကျွန်တော်တို့တွေ အေးချမ်းနေကြမှာပါ...။ သူထားခဲ့ရင်တောင် ကျွန်တော် သူ့ကို မမေ့အောင် ကျွန်တော် ကြိုးစားမယ်...။ ဘာလို့လဲ သိလား...? ကျွန်တော် ချစ်တတ်တဲ့ ချစ်သူတစ်ယောက် ဖြစ်ချင်လို့ပါ...။

ကျွန်တော် သူ့ကိုအရမ်းချစ်တယ်..။ သိပ်ချစ်တယ်...။ အမြဲတမ်းချစ်နေမယ်..။

No comments: