Tuesday, October 28, 2008

အချစ်

ကောင်းကင်ပြာပြာမှာ အဖြူရောင် တိမ်တိုက်တို့ လွင့်မျောနေတယ်..
သိပ်လှတဲ့ မြင်ကွင်းတစ်ခုပေါ့..
ဒါပေမယ့် ငါ့အတွက်တော့ ရင်ထဲမှာ မွန်းကျပ်နေတယ်..
ငါလည်း မျောလွင့်ချင်နေတယ်..
ဒါပေမယ့်....
တွယ်ရာမဲ့ တဲ့ ရင်ခွင်တစ်စုံ ဟာ
တိမ်တိုက်လို မျောလွင့်ခွင့်မရှိဘူး...


တွယ်ရာမဲ့ တာချင်းတူပေမယ့်
အဖြူရောင်တိမ်တိုက်တွေက ပို လွတ်လပ်တယ်...
ငါ့ရဲ့ရင်ထဲမှာတော့
အချစ်ဆိုတဲ့ မုန်တိုင်းတစ်ခု ရှိနေတဲ့အတွက်
မျောလွင့်ချင်တိုင်း မျောလွင့်ခွင့်မရဘူး..။

နာဂစ်လို အဖျက်မုန်တိုင်းတောင်
အချိန်တန်တဲ့ အခါ ပြီးဆုံးခဲ့ပေမယ့်..
ငါ့ရင်ထဲက မုန်တိုင်းတစ်ခုကတော့
ဝေဒနာမျိုးစုံနဲ့ သောင်းကျန်းမွေနှောက်နေတာ
နှလုံသားမှာ ရစရာမရှိတော့ဘူး...။

ရင်ခုန်ခြင်း..၊ ပျော်ရွှင်ခြင်း..
ပူလောင်ကြေကွဲခြင်းတွေနဲ့ ပြည့်နေတဲ့
မုန်တိုင်းကို ငါကြောက်နေတယ်...
ဒါပေမယ့် ပြီးဆုံးသွားမှာကို ငါ မလိုလားဘူး...

ချစ်သူရဲ့ ကြင်နာမှု လက်တစ်စုံဟာ..
ကယ်တင်ခြင်းတစ်ခု..၊
ချစ်သူရဲ့ စကားတစ်ခွန်းဟာ..
အားဆေး တစ်ခွက်ဆိုရင်တော့..
အချစ်မုန်တိုင်း အရှိန်လျော့နိုင်ကောင်းပါရဲ့...။

ငါ့ရဲ့ ကောင်းကင်ရင်ခွင်မှာ..
ကြင်နာခြင်းလေပြေနဲ့..
မေတ္တာ တိမ်တိုက်တို့ မျောလွင့်ချိန်ကို ငါ မျှော်လင့်နေတယ်..။

ချစ်သူ...
မင်းလေး ငါ့ကို ကယ်တင်လှည့်ပါ...။

No comments: