Thursday, October 28, 2010

လွမ်းတဲ့ တန်ဆောင်တိုင်

ကြယ်တွေသဘင်ခင်းလို့ နှင်းငွေ့တွေလှိုင်

ဆီးမီးလည်း မြိုင်ပါတဲ့ လတန်ဆောင်တိုင်

တမ်းတကာ ရွှေရင်မော

လွမ်းသော စိတ်မှာ ငိုင်..။

မြတ်ကထိန် တစ်ကြိမ်သာခင်းတာမို့

မကျိန်ပါ ကြုံချင်စမ်းပါဘိ.

အို.. ဒီရင်မှာ မချိပါပေါ့ မှန်းဆမိသေး...။

မုန့်ဖိုးရယ် ကိုယ်စီ..

အလီလီစုပါလို့

များလူသူငါ ကောင်းမှုပြုမယ်လို့

မောင်နှမတွေ အကြောင်းပြုခဲ့တယ်..

တောင်းဆု တစ်ခုတည်း...။

မနည်းပါ များတယ်တော့ မဟုတ်..

အရုပ်တွေပုံစံချိုးပါလို့

လူသာငယ် သဒ္ဒါတွေကြွယ်လို့ရယ်..

ငွေအသပြာ စုကာပေါင်းခဲ့တယ်..

ကောင်းမှုပြုပွဲ..။

စာရေးတံချီ မဲလှန်ပြီဆိုပြန်တော့

ပွဲထံအမီ တို့တွေအပြေးလှမ်းတယ်..

ဘယ်ကျောင်း ဘယ်ကိုယ်တော်

ဘယ်လိုသာကံထူးပါလို့ တို့ပဒေသာ သိမ်းကာမြန်းပါ့မယ်..

မှန်းဆမျှော်တွေး..။

ညနေမှောင်ရီ ကထိန်ထီသိမ်းချိန်မတော့

နိဗ္ဗာန်ဆီ မှန်းရည်ကာလှူပြန်တဲ့

အရွယ်စုံ ဂုဏ်သိမ်မခြားလို့ရယ်

လာပါလေ ကျွေးကာမွေးတဲ့

စတုဒီသာပွဲ..။

မောင်က နှမကို ချီ.. ညီက အစ်ကိုကိုမှီ.

လူစည်ချိန် ပျောက်မှာစိုးလို့ရယ်..

ဆီးမီးခွက် ကိုယ်စီကိုင်လို့

ဘယ်အိမ်မှာ ဘာတွေကျွေး

အအေးအဖျော် ဆေးဖော်ကာတိုက်ကြပါလိမ့်

တစ်အိမ်ဝင် တစ်အိမ်ထွက်

မြည်းစမ်းကြသေး..။

အပြုံးရယ် ကိုယ်စီ

အေးလာချိန် အနွေးသာအောင်

မောင်ရယ် အစ်ကိုရယ် ထွေးလို့ရယ်

အိမ်ပြန်ချိန်တန်ပြီးမို့ရယ်

မြန်းကြနောက်ကြောင်း..။

အမိရယ် ဒွေးဒေါ်

အဘိုးအဘွား အပေါ်

မတော်တရော် ပြုပြစ်မှားမိရင်

ခွင့်လွှတ်ရန် ရွယ်ရည်

လက်အုပ်ကိုချီပါလို့ မြေပေါ်မှာ မျက်နှာအပ်လို့ကွယ်

တောင်းပန်ဆုတောင်း..။

တို့တစ်တွေ ကိုယ်စီ

အဝေးတစ်နေရာဆီ ရောက်နေခဲ့ပြီမို့

ငယ်ဖြစ်ဟောင်းတွေးမျှော်

ကလေးအဖော်ဘဝရယ်က

အတွေးအပျော်စလေးများကို

မတွေးသော် မမေ့စကောင်း..။

Friday, February 5, 2010

မေတ္တာနှင့် ယှဉ်သော (အပိုင်း - ၂)

ရဲနိုင်ထွန်း တစ်ယောက် ကားမောင်းရင်းနဲ့ စဉ်းစားမိတယ်... စိတ်တွေက ခိုင်ခန့်ဆီမှာ ကျန်ခဲ့တယ်...။

ခိုင်ခန့် နဲ့ သူ အသက် ၁၂ နှစ်လောက်မှာ နွေသင်တန်းတစ်ခုမှာ ဆုံပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်..။ အိမ်ချင်းကလည်း သိပ်မဝေးတော့ တတွဲတွဲနေရင် အခင်ဆုံးသူငယ်ချင်း.. အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်..။ အရွယ်ရောက်လာတော့ တစ်ယောက်ကို တစ်ယောက် တိုင်ပင်ဖော်တွေလို သဘောထားခဲ့ကြတယ်..။ ရည်းစားထားကြတော့လည်း တစ်ယောက်ကို တစ်ယောက် ကူညီခဲ့ကြတယ်...။ ရည်းစားနဲ့ကွဲတိုင်းလည်း တစ်ယောက်ကို တစ်ယောက် အားပေးခဲ့ကြတယ်..။ နောက်တော့ ခိုင်ခန့် နိုင်ငံခြား မသွားခင် တစ်နှစ်လောက် အလိုမှာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းထက် ပိုတဲ့ သံယောဇဉ်ရှိနေတယ်ဆိုတာ ဝန်ခံခဲ့ကြတယ်..။ ငယ်ငယ်ကတည်းက တူတူသွား တူတူစား နေခဲ့တဲ့ သူငယ်ချင်းတွေမို့ သူတို့နှစ်ယောက်ကို မိသားစုတွေက အရမ်းချစ်ကြတဲ့ သူငယ်ချင်း တွေ အဖြစ်ကလွဲလို့ ဘာမှ အထွေအထူး သဘောမထားခဲ့ကြဘူး..။ ပြီးတော့ မိသားစု နှစ်ခုလည်း သူတို့ နှစ်ယောက်ကို အကြောင်းပြုပြီး ရင်းနှီးခဲ့ကြတယ်..။ သူတို့ နှစ်ယောက်အတွက် ကျောင်းတက်တာက အစ အစစ အရာရာ တူတူ တိုင်ပင်ခဲ့ကြတယ်..။

ရဲနိုင်ထွန်း သက်ပြင်းချမိတယ်..။ ၃ နှစ်လုံးလုံး ခွဲနေခဲ့ရတဲ့ သူငယ်ချင်း ချစ်သူ ပြန်ရောက်လာတာ ဝမ်းသာပေမယ့် သူတို့ နှစ်ယောက် အတွက် အပြောင်းအလဲ တစ်ခု ရှိနေခဲ့တယ်ဆိုတာကို သူ ခိုင်ခန့်ကို ဘယ်လို ပြောရပါ့မလဲ..။ တကယ်တော့ သူတို့ နှစ်ယောက်လုံး အတွက် နှစ်ဖက် မိသားစုက အစီအစဉ်တွေ ရှိနေပြီးသားဆိုတာကို ခိုင်ခန့် တစ်ယောက် သိခဲ့ရင်............။

------------------------------------------------

ခိုင်ခန့် နိုးလာတော့ ညနေ စောင်းနေပြီ..။ အခန်းထဲက ထွက်လာတော့ အမေ့ကို ဧည့်ခန်းထဲမှာ တွေ့လိုက်တယ်..။ ညီလေးနဲ့ ညီမလေးက ခြံထဲမှာ ကြက်တောင်ရိုက်နေကြတယ်..။

“ဟော.. သားကြီးတောင် နိုးလာပြီ..။ သား. ရေချိုးလိုက်ဦး...။ လဘက်ရည်သောက်မယ် မဟုတ်လား..။ အမေ ပြင်လိုက်မယ်..။ ကိုရဲ ညနေ ထမင်းစားချိန် ရောက်မယ်လို့ ခုနက ဖုန်းဆက်တယ်..။ သား အဖေလည်း တော်ကြာရောက်မယ်..။ သားရေချိုးပြီးရင် သားပစ္စည်းတွေ နေရာချတာပေါ့..။ ”

ခိုင်ခန့် မိခင်. ဒေါ်မိမိခင် ပြောပြောဆိုဆို မီးဖိုခန်းထဲ ဝင်သွားတယ်.. ခိုင်ခန့်လည်း အခန်းထဲ ပြန်ဝင်ပြီး ဗီရိုထဲက သဘက်သွားယူလိုက်တယ်..။ ဗီရိုထဲမှာလည်း သူမသွားခင်က အတိုင်း အားလုံးရှိနေတယ်..။ သဘက်ကတော့ အမေတို့ ပြန်လဲထားပေးတာထင်တယ်..။ ခိုင်ခန့်တို့ မောင်နှမတွေ ကံကောင်းတယ်လို့ပြောရမယ်..။ အဖေက အလုပ်ကြိုးစားသလို အိမ်အတွက် လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ်..။ အမေကလည်း အိမ်ထောင်ထိန်းတော်သလို သားသမီး တွေအတွက် သိတတ်တဲ့ မိခင်တစ်ယောက်ပါ..။ မိဘနှစ်ပါးလုံးက သားသမီး ၃ ယောက်လုံးကို ဆိုဆုံးမတတ်သလို နေရာတကာ ဝင်မပါပဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် လုပ်ပိုင်ခွင့်ပေးထားတယ်..။ ပြောရရင် ဒီမိုကရေစီရှိတဲ့ မိသားစုပေါ့..။

ခိုင်ခန့် ရေပန်းအောက်ကို ဝင်လိုက်တယ်..။ ရန်ကုန်က ရေအေး ကိုယ်ပေါ်ကျလာတော့ လန်းဆန်းသွားတယ်..။ ရေချိုးရင်းနဲ့ ရေချိုးခန်းထဲကို သေချာကြည့်လိုက်မိတယ်..။ အမေ ကျွန်တော် သုံးနေကြ ဆပ်ပြာနဲ့ တခြား အသုံးအဆောင်တွေ အားလုံး ပြင်ထားတာပဲ...။ ဒီရေချိုးခန်းက ကျွန်တော် တစ်ယောက်ပဲ သုံးတာလေ..။ ပြောရရင်တော့ အိမ်အောက်ထပ်ကို ကျွန်တော် ပိုင်တယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော့် အိပ်ခန်းက အိမ်အောက်ထပ်မှာလေ..။ ကျန်တဲ့ အိမ်သားတွေက အိမ်ပေါ်ထပ်မှာ နေကြတာလေ..။ မချိုနဲ့ ဦးမောင်တို့ လင်မယားက ခြံထဲက သူတို့ အဆောင်လေးမှာ နေကြတယ်..။ ဒီတော့ အိမ်အောက်ထပ်က ကျွန်တော် စိတ်ကြိုက်မင်းမူတဲ့ နေရာပေါ့..။

ရေချိုးပြီးထွက်လာတော့ အမေ နှပ်ထားတဲ့ လဘက်ခြောက်နံ့လေးက လူကို ပိုလန်းသွားအောင် လုပ်ပေးလိုက်တယ်..။ အဝတ်အစားကိုတော့ လွတ်လွတ်လပ်လပ်ဖြစ်အောင် တီရှပ်နဲ့ ဘောင်းဘီ တိုပဲ ဝတ်လိုက်တယ်.။ ထမင်းစားခန်းခန်းဘက်ကို ဝင်လာတော့ အမေက လဘက်ရည်နဲ့ ကိတ်မုန့်ခြောက် ပြင်ထားပေးတယ်..။ စားပွဲမှာ ထိုင်လိုက်တော့ အငယ်နှစ်ယောက်လည်း ဝင်လာကြတယ်..။ ဒီအချိန်က ညနေ လဘက်ရည်ချိန်လေ..။ သားအမိလေးယောက်နေရာယူလိုက်တော့ မတွေ့ရတာ ၃ နှစ်ရှိနေပြီဖြစ်တဲ့ မိသားစု မြင်ကွင်းလေးကို ပြန်မြင်လိုက်ရတယ်..။

“ကိုကြီး.. ညီမလေး အတွက် ဘာပါလာလဲ လို့.. မနက်ကလည်း ညီမလေးကို ပြန်မဖြေဘူး.... တခါတည်း သူ့ ကိုရဲ နဲ့ပဲ အခန်းထဲမှာ တိုးတိုး လုပ်နေတော့တာပဲ...။”

“ပါလာပါတယ် ညီမလေးရယ်.. ကိုကြီး ညီမလေးကြိုက်တာတွေ ဝယ်ခဲ့တယ် ဟုတ်ပြီလား.. ပြီးရင် ကိုကြီး အထုတ်တွေ ဖြည်ရင် ပေးမယ်လေ..”

“ ညီလေးဖို့ရော ဘာပါလာလဲ.. ”

“ပါ, ပါတယ် ငါ့ညီရာ.. ”

“ကဲ ကဲ မောင်နှမတွေ လဘက်ရည်သောက်ပြီး လုပ်စရာ ရှိတာ လုပ်ရမယ်..”

ကျွန်တော်တို့ လဘက်ရည်သောက်ပြီးတော့ ကျွန်တော့် အခန်းဘက် ထွက်လာခဲ့ကြတယ်..။ အခန်းထဲရောက်တော့ အထုတ်တွေကို ဖြည်ကြတယ်..။ ကျွန်တော့်ကပဲ လက်ဆောင်တွေ အထုတ်ထဲက ရှာပြီး ပေးလိုက်တယ်..။

ညီမလေးနဲ့ ညီလေး အတွက် ကျောင်းမှာ သုံးဖို့ နားကြပ် တစ်ယောက် တစ်ချောင်း.. (ဆေးကျောင်းတက်နေကြတာလေ..).၊ ပြီးတော့ ညီမလေးအတွက် ဖန်စီ ကြိုးလေးတစ်ကုံး ညီလေးအတွက် နာရီ တစ်လုံး.. အမေနဲ့ အဖေအတွက်လည်း နာရီ တစ်စုံဝယ်ခဲ့တယ်..။ အမေ့အတွက် သီးသန့်အဖြစ်.. Lancome ရေမွှေးတစ်ပုလင်း..။ သူတို့ ပြီးတော့ မချိုနဲ့ ဦးမောင်တို့ လင်မယားအတွက် လက်ဆောင်တွေကိုလည်း ပေးလိုက်တယ်..။

လက်ဆောင်တွေ ဝေခြမ်းပြီးတော့ ကျွန်တော့် ပစ္စည်းတွေ နေရာချတယ်..။ အငယ် နှစ်ယောက်ကတော့ သူတို့အတွက် ရပြီးပြီးဆိုတော့ ထွက်သွားကြပြီ..။ အမေကပဲ ကျွန်တော့ကို ကူပြီး ပစ္စည်းတွေ သိမ်းပေးတယ်လေ..။ သိပ်မများပါဘူး..။ အကျီ`င်္ သေတ္တာ နှစ်လုံးနဲ့ ဖိနပ် အိတ် တစ်လုံးပဲလေ..။ ဖိနပ်က အားလုံးပေါင်း ၈ ရံ..။ ဒါတောင် များနေမှာ စိုးလို့ ထားခဲ့တာ...။

ကျွန်တော့် ပစ္စည်းတွေ နေရာချပြီးတော့ ညနေ ၆ နာရီခွဲနေပြီ...။ အမေလည်း အဖေပြန်လာခါနီးပြီမို့ ညနေစာအတွက် ပြင်ဆင်ဖို့ ထွက်သွားတယ်..။ ကျွန်တော်လည်း အခန်းထဲမှာနေခဲ့ပြီး laptop နဲ့ သီချင်းနားထောင်နေလိုက်တယ်..။ ခဏကြာတော့ တံခါးခေါက်သံကြားလို့ တံခါးဖွင့်လိုက်တော့ သူ... ကိုရဲ..။

“ဘာတွေ တွေးပြီး ငြိမ့်နေတာလဲ..”

ပြောပြောဆိုဆို သူကျွန်တော့် အခန်းထဲကို ဝင်လာတယ်..။ ကျွန်တော်လည်း အခန်းတံခါးကို လော့ချပြီး သူနောက်လိုက်လာခဲ့တယ်..။ သူ စာကြည့်စားပွဲမှာ ဝင်ထိုင်လိုက်တယ်..။ ကျွန်တော်လည်း စားပွဲဘေးက ကုတင်ပေါ်မှာ လှဲအိပ်လိုက်တယ်..။

“ခိုင်ခန့်... ဒီ ၃ နှစ်မှာ တော်တော် ပင်ပန်းမှာနော်.. ကျောင်းလည်းတက်.. အလုပ်လည်းလုပ်ဆိုတော့..”

“ဒီလိုပါပဲကွာ.. ငါ လုပ်ချင်တာ လုပ်ရမယ်ဆို ဘာပဲ လုပ်လုပ် အဆင်ပြေအောင် ငါလုပ်တယ်..။ မင်းသိပါတယ်..”

“အေးပါကွာ.. မင်းထွက်သွားတဲ့နေ့က ငါ လိုက်မလို့နိုင်တာကို နားလည်ပေးပါကွာ..။ မင်းထွက်သွားတဲ့နေ့ကတည်းက ငါ အဖော်ဆိုတာလည်း မရှိတော့သလို တိုင်ပင်ဖော်လည်း မဲ့သွားခဲ့တာ.. ခု ငါ အရမ်းပျော်တယ်သိလား... ငါ့မှာ ပြောစရာတွေ အများကြီး ရှိတယ်...။ မင်း ဖုန်းဆက်တိုင်း ငါ ရင်တွေ ခုန်ခဲ့သလို မင်းပိုက်ဆံ ကုန်မှာစိုးလို့ အများကြီး မပြောနိုင်ခဲ့ဘူး..။ ဒီနေ့ည မင်းနဲ့ အတူနေရင် စကားတွေ အများကြီး ပြောကြမယ်..။ မနက်ဖြန် ငါ အလုပ်မသွားဘူး..။ အိမ်ကိုလည်း ပြောခဲ့တယ်....”

“မင်း တကယ်ပြောတာနော်.. ပြီးမှ ကိစ္စရှိလို့ ဆိုပြီး ထပြန်လို့ကတော့ အတွေ့ပဲ..”

“အေးပါကွာ.. ခုချိန်ကစပြီ ဒီ တလလုံး ငါ့ကို မင်းပိုင်တယ်.. ကျေနပ်ပြီလား..”

သူ ကျွန်တော့်ဘေးက နေရာမှ ဝင်လှဲလိုက်တယ်..။ ကျွန်တော် သူ့ခါးကို ဖက်ထားလိုက်တယ်..။ တစ်ယောက်ကို တစ်ယောက် ကြင်နာမှုတွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့ကြတယ်..။ သူ့ရင်ခွင်ထဲကို ကျွန်တော် ခေါင်းထည့်ပြီး ငြိမ်ငြိမ်လေးနေနေလိုက်တယ်..။ သူရဲ့ နူးညံ့တဲ့ နှုတ်ခမ်း အစုံ ကျွန်တော့် နဖူးပေါ်ကျလာတယ်..။

“ခိုင်ခန့်ရယ်..........”

သူ ကျွန်တော့်နာမည်ကို တိုးတိုးလေး ညီးလိုက်တယ်..။ ကျွန်တော် သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်တယ်..။

“ကိုကြီး အဖေ ပြန်ရောက်ပြီ.. ”

တံခါးခေါက်သံနဲ့ အတူ ညီမလေးရဲ့ အသံကြားလိုက်ရတယ်..။ ကျွန်တော်တို့နှစ်ယောက် ကုတင်ပေါ်ကနေ ထလိုက်ကြတယ်..။ အခန်းတံခါးဖွင့်ခါနီး သူ့ပါးကို ကျွန်တော့် နှုတ်ခမ်းနားတိုးပေးလိုက်တယ်..။ ကျွန်တော် အလိုက်သိစွာနဲ့ အနမ်းတပွင့် ခြွေပေးလိုက်တယ်.။

အခန်းပြင်ရောက်တော့ ကျွန်တော် အိမ်ပေါ်ထပ်ကို တက်လာခဲ့တယ်..။ အဖေ ကျွန်တော့်ကို ကြည့်ပြီး..

“သားကြီး... မင်း အဆင်ပြေရဲ့လားကွ.. ခရီးဝေးက ပြန်ခဲ့တော့ အိမ်ကို တော်တော် လွမ်းမှာပဲကွာ.. ငါ့သားပြန်လာတော့ အဖေ အားရှိပြီ... အဖေ့ အလုပ်တွေ မင်း ဝင်လုပ်တော့မယ်ပေါ့..။”

ကျွန်တော် ဘာမှ မပြောဘဲ ပြုံးနေလိုက်တယ်..။ ကျွန်တော် အိမ်အောက်ဘက် ပြန်ဆင်းလာတော့ ကိုရဲကို ထမင်းစားခန်းထဲမှာ ကျွန်တော့် အငယ်နှစ်ယောက်နဲ့ အတူ စကားကောင်းနေတာကို တွေ့လိုက်တယ်..။ ကျွန်တော်လည်း ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်တယ်.. ခဏနေတော့ မချို ထမင်းပွဲပြင်တော့ ကျွန်တော်တို့ ဝိုင်းကူပြီး ပြင်ဆင်ပြေလိုက်တယ်..။ အဖေနဲ့ အမေ အိမ်ပေါ်ထပ်က ဆင်းလာတော့ ကျွန်တော်တို့တွေ နေရာယူလိုက်တယ်..။ အဖေက အိမ်ဦးခန်းနေရာဘက်မှာထိုင်တယ်..။ ကျွန်တော်က ထုံးစံ အတိုင်း အဖေ့ညာဘက်မှာ ထိုင်တယ်..။ အမေက အဖေ့ဘယ်ဘက်မှာ ထိုင်တယ်... ညီလေးက အရင်က ကျွန်တော့်ဘေးမှ ထိုင်ပေမယ့် ခု ကိုရဲရှိနေလို့ စားပွဲထိပ်မှာ ထိုင်တယ်.. ညီမလေးကတော့ အမေ့ဘေးမှာပဲ..။

ထမင်းစားသောက်ရင်းနဲ့ပဲ ကျွန်တော်တို့တွေ စကားဆက်ပြောဖြစ်ကြတယ်..။

“သားကြီး.. ဟိုမှာ အဆင်ပြေရဲ့လား...”
“ဟုတ် ပြေပါတယ် အဖေ.. ”
“မင်း သင်ချင်တဲ့ ပညာလည်း သင်ခဲ့ပြီးပြီဆိုတော့ အဖေ့ ကုမ္ပဏီမှာ မင်း လုပ်နိုင်ပြီထင်တယ်..။”
“အဖေ.. သား ဟိုကိုပဲ ပြန်သွားမှာ.. ဟိုမှာလည်း အစစ အရာရာ အခြေကျနေပြီလေ..။ ပြီးတော့ အလုပ်မှာလည်း အရာရှိဖြစ်နေပြီဆိုတော့ သား ဟိုကိုပဲ ပြန်သွားချင်တယ်..”
“သားကြီး.. အိမ်က အခြေအနေကိုလည်း မင်းသိပါတယ်.. မင်းညီနဲ့ ညီမက ခုကျောင်းတက်နေတုန်းလေ. အဖေ လူယုံတစ်ယောက် လိုတယ်.. အဖေ့ကို ကူညီပြီး ကုမ္ပဏီမှာ ဦးစီးပေးမယ့်သူ လိုတယ်..။ မင်း ပြန်လာမယ်ဆိုလို့ အဖေ အားတက်သွားတာ.. အေးလေ.. စဉ်းစားပေါ့ အချိန်တွေ ရှိပါသေးတယ်..။ ဒါနဲ့ မင်း ဘယ်လောက်နေမှာလဲ သားကြီး..”

“တစ်လ အဖေ..”

“အော် ငါ့သားက ၃ နှစ်ခွဲသွားပြီး ပြန်လာတော့လည်း တစ်လပဲ နေမယ်ဆိုတော့ အလည်သက်သက်လာတာပဲပေါ့..”

ကျွန်တော် ဘာမှ ပြန်မပြောမိ..။ အဖေ စိတ်မကောင်းဖြစ်သွားတာတော့ သိသာပါသည်.။ ကျွန်တော်တို့ ထမင်းစားပွဲလေး တိတ်ဆိတ်သွားတယ်..။ ထမင်းစားပြီးတော့ အဖေနဲ့ အမေ အိမ်ပေါ်ထပ် ပြန်တက်သွားတယ်..။ ညီလေးနဲ့ ညီမလေးလည်း စာလုပ်စရာရှိတာမို့ သူတို့လည်း သူတို့ အခန်းတွေဆီ ဝင်သွားကြတယ်..။ ခဏကြာတော့ အဖေနဲ့ အမေ ဘုရားရှိခိုးသံကြားလိုက်ရတယ်...။ ကျွန်တော်နဲ့ ကိုရဲလည်း အညောင်းပြေလမ်းလျှောက်ဖို့ အပြင်ထွက်ခဲ့ကြတယ်..။

လမ်းလေးက ညဘက်မို့ ပိုပြီးဆိတ်ငြိမ်နေတယ်.. လမ်းမှာ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတယ်..။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်ကိုင်းရင်း လျှောက်လာခဲ့ကြတယ်..။

“ခိုင်ခန့်.. မင်း တကယ် ပြန်သွားမှာလား..”
“အေးလေ.. ငါ မနက်က ပြောတယ်လေ.. ပြန်သွားမှာပါဆို..”

ကိုရဲ ဘာမှ ပြန်မပြော.. လမ်းကလေးကလည်း တိတ်ဆိတ်နေတာ ပိုးကောင်လေးတွေ အော်သံကလွဲလို့ ဘာမှ မကြားရ..။ ကျွန်တော်တို့ လမ်းလျှောက်ရင်း လမ်းထိပ်က ပန်းခြံထောင့်က ခုံတန်းလေးတစ်ခုမှာ ထိုင်လိုက်ကြတယ်..။ ကျွန်တော် သူ့ပုခုံးကို ခေါင်းတင်ပြီး မှီလိုက်တယ်..။ သူ ကျွန်တော့် ပုခုံးကို ပြန်ဖက်ထားလိုက်တယ်..။

“ခိုင်ခန့်ရယ်..”
“ပြောလေ ကိုရဲ...”
“....................”
“ကိုရဲ မင်းမှာ ဘာပြောစရာရှိနေလဲ.. ပြောစရာ တခုခု ရှိနေတယ်ထင်တယ်..”
“ဘာမှ မဟုတ်ပါဘူးကွာ..”
“ဘာမှ မဟုတ်ရင် တိတ်တိတ်နေ..”

နောက်တော့ သူ ကျွန်တော့်လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်တယ်..။ ဘာမှ ဆက်မပြောဖြစ်ကြဘဲ ထိုင်နေလိုက်ကြတယ်..။

-----------------------

Sunday, November 22, 2009

မေတ္တာနှင့် ယှဉ်သော ( အပိုင်း - ၁)

Good Morining Ladies and gentlemen, our flight Thai Airways Internationl 303 is now going to land in 15 minutes to Yangon International Airport. Please be reminded to fasten the seat belt and crews will be checking for safety.

ကပ္ပတိန်ရဲ့ ကြေငြာသံ အဆုံးမှာ ကျွန်တော် ခါးပတ် ပြန်ပတ်လိုက်တယ်... လေယာဉ်အမှုထမ်းတွေလည်း လိုအပ်တာတွေ လိုက်လုပ်ပေးပြီး သူတို့နဲ့ ဆိုင်ရာ နေရာမှာ နေရာယူလိုက်ကြတယ်..။ ကျွန်တော် ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်...။ ဟော.. ရွှေတိဂုံစေတီတော်မြတ်ကြီးကို မနက်ခင်းနေရောင်ဲခည်အောက်မှာ တွေ့လိုက်ရတယ်...။ ကျွန်တော် ရင်တွေ ခုန်လာတယ်..။
မကြာခင် ကျွန်တော် ရန်ကုန်မြေကို နင်းခွင့်ရတော့မယ်..။ ၃ နှစ်တောင် ဝေးနေခဲ့တဲ့ အမိမြေ...။ လွမ်းလိုက်ပါဘိ...။

လေယာဉ်က ပြေးလမ်းပေါ်ကို နင်းလိုက်တယ်... ပတ်ဝန်းကျင်မှာ ဘာမှ ပြောင်းလဲတာ သိပ်မတွေ့ရ.. လေဆိပ် အဆောက်အဦးကတော့ ပြောင်းလဲသွားပြီ...။ လေယာဉ်ဆိုက်တော့ ကျွန်တော် နေရာက ထလိုက်ပြီး.. ပစ္စည်းတွေယူလိုက်တယ်...။ ကျွန်တော့်နေရာက Business class မှာဆိုတော့ အရင် ဆင်းရမယ်..။ ဘာမှတော့ အများကြီးမပါ..။ သုဝဏ္ဏဘူမိက ဝယ်လာတဲ့ ဝီစကီနဲ့ ဆေးလိပ်တွေ.. နောက် ကျောပိုးအိတ်တစ်လုံး.. ဒါပဲ...။ လေယာဉ်ထဲကနေ ထွက်လိုက်တယ်...။ တံတားထဲကနေတဆင့် အဆောက်အဦးထဲ ဝင်လိုက်တယ်..။ တော်တော် ပြင်ဆင်ထားတာပဲ...။
Passport Control မရောက်ခင် ကျွန်တော် ပတ်စ်ပို့ ထုတ်လိုက်တယ်.. ပြီးတော့ ထုံးစံအတိုင်း ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဝင်ဖို့အရေး ရွှေလမ်းငွေလမ်းခင်ဖို့ ပြင်ရသေးတယ်...။ အဲဒါပြီးတော့ ကျွန်တော် custom ဖြတ်တယ်..။ ပါသွားပြီ စီးကရက် တစ်တောင့်...။ ကျွန်တော် laggage ရွေးတဲ့ နေရာရောက်တော့ စောင့်ရသေးတယ်...။ ကျွန်တော် အပြင်ရောက်ချင်ပြီ...။ ရင်တွေလည်း ခုန်နေပြီ...။ သူလာကြိုမှာဆိုတော့ တွေ့ချင်လှပြီ..။
ကျွန်တော် laggage ရပြီးတော့ တွန်းလှည်းနဲ့ တင်လာခဲ့တယ်... အပြင်မှာ လူတွေ ဆူညံနေကြတယ်.. နှုတ်ဆက်ကြ.. ပွေ့ဖက်ကြ.. ပျော်စရာ မြင်ကွင်းပေါ့... ကျွန်တော် သူ့ကို လူတွေကြားမှာ ရှာကြည့်တယ်...။ အဲ.. သူဆိုတာက ကျွန်တော့် ကျောင်းနေဖက်.. ငယ်သူငယ်ချင်း.. အချစ်ဆုံးသူငယ်ချင်း.. ရဲနိုင်ထွန်း....။ အမြဲတမ်း ကျွန်တော်နဲ့ ပတ်သက်လာရင် အနွံအတာ ခံတဲ့ သူငယ်ချင်း...။ ပြီးတော့....................

"ဟေ့... ခိုင်ခန့်.. ငါဒီမှာကွ.."

ခေါ်သံနဲ့ အတူ ကျွန်တော့်ဆီကို သူ အပြေးလာခဲ့တယ်...။ ကျွန်တော်သူ့ကို အပြေးလေး ဖက်မိတယ်..။ သူငယ်ချင်းနှစ်ယောက် တော်တော် ကြာကြာ ဖက်ထားမိတယ်...။ အဲဒီအချိန် ကျွန်တော်ခံစားမိတာက နှစ်ယောက်လုံးရဲ့ ရင်ခုန်သံ...။ ခဏကြာတော့ ကျွန်တော်တို့နှစ်ယောက် ပြန်သတိဝင်လာတယ်...။

"ငါ့ကောင်ကြီးက ၃ နှစ်တောင် မပြန်ဘဲနေနိုင်တယ်ကွာ..."
"ပြန်ချင်တာပေါ့ကွာ.. အဆင်မပြေလို့ ခုမှပဲ ပြန်နိုင်တော့တယ်..."
"ကဲလာ... မင်း ဘာစားပြီးပြီလဲ လမ်းမှာ တစ်ခုခု စားဦးမလား..."
"စားမယ်.. ငါ လေယာဉ်ပေါ်မှာ စားခဲ့တာ အဆင်မပြေလို့..."
"ဒါဆို Million Coins မှာ စားမလား..."
"မစားဘူး.. လဘက်ရည်လောက်ပဲ သောက်မယ်လေ.."
"အေး.. မဟာနွယ်မှာ သောက်မယ်လေ.."

သူကျွန်တော့်ဆီက ပစ္စည်းတချို့ ဝိုင်းသယ်ပေးတယ်...။ သူ့ကားကို သိပ်မဝေးတဲ့ နေရာမှာ ရပ်ထားတော့ အဆင်ပြေသွားတယ်...။

"မင်းပြန်လာမယ်ဆိုတာ သိကတည်းက ငါ အရမ်းပျော်နေတာကွ..."
"တော်ပါကွာ.. ၃ နှစ်လုံး စာလေးတစ်စောင်တောင် ရေးဖော်မရပဲနဲ့ ခုမှ လာလွမ်းမနေနဲ့..."
"အဲလို မပြောပါနဲ့ကွာ... ငါ့ အလုပ်လည်း မင်းသိသားနဲ့.. မင်းဖုန်းဆက်တိုင်း ငါ အချိန်ပေးခဲ့တာလည်း ပြောဦးလေ..."
"မင်း အချိန်မပေးလည်း ငါ မခေါ်ရုံပေါ့ကွာ..."
"ထားပါ... မင်းကလေ.. အလုပ်တွေသာလုပ်နေတာ.. ငါနဲ့ စကားနိုင်လုဖို့ကျတော့ အရင်အတိုင်းပဲ..."
"ဟုတ်တယ်... မင်းနဲ့ စကားနိုင်လုဖို့ ပြန်လာတာ..."
"ဟုတ်ပါပြီကွာ.. လုပါ.. ငါက မင်းကို အရှုံးပေးဖို့ စောင့်နေတာပါ.. မင်း ခု ခွင့်က ဘယ်လောက်ကြာမှာလဲ..."
" တစ်လပဲကွ.. ငါ ၂၈ ရက်နေ့ ပြန်မှာ.."

ကျွန်တော်တို့ စကားစ ပြတ်သွားတယ်...။ သူ ကားကို မဟာနွယ်ရှေ့ဘက်မှာ ရပ်လိုက်တယ်...။ မြောက်ဥက္ကလာကတော့ အရင်အတိုင်း.. ဘတ်(စ)ကား ဂိတ်မှာ လူတွေ များနေဆဲပါ....။ အချိန်ကတော့ မနက် ၁ဝ နာရီကျော်..။ လဘက်ရည်မှာတော့ သူကပဲ ကျွန်တော့် အကြိုက်အတိုင်း ချိုကျမှာလိုက်တယ်..။ သူတစ်ခွက် ကျွန်တော် တစ်ခွက်ပေါ့..။ မုန့်ကတော့ ကျွန်တော် အရမ်းစားချင်နေတဲ့ ကီးမား ပလာတာပဲ မှာလိုက်တယ်..။ တကယ်တော့ ကျွန်တော် အိမ်ကို အရင်ပြန်ပြီး အမေချက်တဲ့ ထမင်းနဲ့ ဟင်းကို စားချင်တာပါ..။ ဒါပေမယ့် သူနဲ့ ကျွန်တော် ခဏလောက် အချိန်ဖြုန်းချင်တာနဲ့ပဲ လဘက်ရည်ဆိုင်ဝင်ထိုင်လိုက်တာ...။ လေဆိပ်မှာတုန်းကတော့ ပင်ပန်းမှန်းသိပ်မသိခဲ့ဘူး.. ခုမှ လူက အိပ်ချင်နေတယ်..။

“ခိုင်ခန့်.. ဘာတွေ တွေးနေတာလဲ..”

“ဘာမှ မဟုတ်ပါဘူးကွာ.. ခုမှ လူက ပင်ပန်းနေသလားလို့ပါ..”

“ဒါဆိုလည်း စားပြီးရင် အိမ်ပြန်ကြမယ်လေ.. မင်း အမေလည်း စောင့်နေတယ်..”

“အေးပါကွာ.. မင်းနဲ့ ခဏအချိန်ဖြုန်းချင်လို့ ပြီးတော့ မြန်မာပြည်က လဘက်ရည်ကို သောက်ချင်နေတာလည်း ကြာပြီလေ..”

“သိပါတယ်ကွာ.. ပင်ပန်းနေရင်တော့ အေးဆေးနားရမှာပေါ့.. မင်းနဲ့ ငါ တစ်လုံး မင်းပြန်မယ့်နေ့အထိ တွေ့လို့ရနေတာပဲလေ..”

ဒါနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် လဘက်ရည်သောက် မှာထားတဲ့ မုန့်ကို နှစ်ယောက်မျှစားပြီးထွက်ခဲ့ကြတယ်..။ ကားပေါ်တက်ကာနီးကျတော့...

“ကိုရဲ.. ငါမောင်းမယ်ကွာ..”
“ဖြစ်ရဲ့လား.. ပင်ပန်းနေတယ်ဆို..”
“အေးဆေးပါကွာ.. ဟိုမှာလည်း ငါ အလုပ် အသွားအပြန် ၁ နာရီခရီးကို မောင်းနေကျပါ..”

ပြောရင်းဆိုရင်း သူ့ဆီက ကားသော့ကို ယူလိုက်ပြီး ကျွန်တော် ယာဉ်မောင်းနေရာမှာ ဝင်ထိုင်လိုက်တယ်..။ ကားကို ဂငယ်ကွေ့ ကွေ့လိုက်ပြီး.. ကျွန်တော်အိမ်ရှိရာ ရပ်ကွက်ကို ဦးတည်းလိုက်တယ်...။ မြန်မာပြည်ကလမ်းတွေကတော့ ကျွန်တော် မသွားခင်က အတိုင်းပဲ ထပ်တစ်ရာ လမ်းပေါ့ဗျာ..။ ပြီးတော့လည်း ဘာကိုမှ မကြောက်တဲ့လူတွေကိုလည်း ကားမောင်းရင်းနဲ့ သတိထားနေရတယ်.. တော်ကြာ မြန်မာပြည်ရောက်ရောက်ချင်း ရဲစခန်းမှာ အလျော်ဇယားခင်းနေရမယ်လေ..။ ခဏကြာတော့ ကျွန်တော့်အိမ်ရှိရာ ရတနာကျွန်းရပ်ကွက်ထိပ်ကိုရောက်လာတယ်..။ ကားကို လမ်းထဲကွေ့လိုက်တယ်..။

“ခိုင်ခန့်.. မင်းကားမောင်းတာ အရင်ကနဲ့ တော်တော်ကွာတယ်နော်.. အိနြေ္ဒရနေတယ်..”

ကျွန်တော် ပြုံးနေလိုက်တယ်.. အရင်က ကျွန်တော်ကားမောင်းရင် သူက ခါးပတ်ပတ်တဲ့ အပြင် ရှေ့ကို ခြေကန်ပြီး စီးရတယ်လေ.. ပြီးတော့ အိမ်မှာ ဘုရားရှိခိုးဖို့ပျင်းတဲ့ သူ ကျွန်တော်မောင်တဲ့ကားစီးရင်း ဘုရားရှိခိုးဖြစ်သွားတယ်..။

လမ်းလေးကတော့ အရင်ကအတိုင်းပဲ ဆိတ်ငြိမ်ရပ်ကွက်ပီပီ လူသူရှင်းနေသလို ကားလည်း ရှင်းနေတယ်...။ စိတ်ထဲမှာလည်း လွမ်းလွမ်းဆွေးဆွေး ဖြစ်သွားတယ်..။ ကျွန်တော်တို့နှစ်ယောက် အရင်က ဒီလမ်းလေးထဲမှာ စက်ဘီးတူတူစီးနေကျလေ.. ပြီးတော့ လမ်းတူတူလျှောက်ရင်း ကြည်နူးနေကျ..။ မောင်းနေရင်းနဲ့ ကျွန်တော့်အိမ်ရှေ့နားရောက်လာတယ်...။ ကားကို အရှိန်လျှော့ရင်း အိမ်ကို ကြည့်မိတယ်...။ ဘာမှ မပြောင်းလဲဘူး...။ ကျွန်တော် အိမ်ရှေ့ကို ဆက်မောင်းလိုက်ပြီး ဟွန်းတီးလိုက်တယ်...။

ခြံတံခါးပွင့်လာတော့ ကားကို ခြံထဲမောင်းလိုက်တယ်..။ အမေနဲ့ ညီတွေက အိမ်ရှေ့မှာ ထွက်စောင့်နေတယ်..။ ခြံတံခါးဖွင့်ပေးတဲ့သူက ကျွန်တော်တို့အိမ်ရဲ့ လူယုံကြီး ဦးမောင်..။

“သားကြီး ပြန်ရောက်ပြီ မိချိုရေ.. နင့်မောင်ကို အထုတ်တွေ ဝိုင်းကူသယ်ပေးပါဦး..”

အမေက အိမ်မှာ ကူဖော်လောင်ဖက်ခေါ်ထားတဲ့ မချိုကို အော်ခေါ်လိုက်တယ်..။ ဦးမောင်ကလည်း ကားနောက်ဖုံးဖွင့်ပြီး အထုတ်တွေ ကူချပေးတယ်..။

“နေပါစေ ဦးမောင်.. မချို ထားခဲ့.. ကျွန်တော့်ဘာသာ ကျွန်တော်သယ်မယ်..”

ကျွန်တော်ကပဲ တားလိုက်ပြီး အားလုံးကို အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်...။ အမေက ကျွန်တော့်ကို ပွေ့ဖက်ပြီး

“ငါ့သားက အသားတွေဖြူလာပြီး နည်းနည်း ဝလာတယ်နော်..”
“ကိုကြီး ညီမလေးဖို့ ဘာပါလာလဲ..”

ညီမလေးက အိမ်ပေါ်က အပြေးဆင်းလာရင်းနဲ့ မေးရှာတယ်..။ ကျွန်တော်လည်း အထုတ်တွေကို ကျွန်တော့်အခန်းဘက်ကို သယ်သွားလိုက်တယ်.. ကိုရဲ (ရဲနိုင်ထွန်း) ကလည်း ကူသယ်ပေးရှာတယ်..။ အခန်းထဲရောက်တော့ ကျွန်တော် အံ့အားသင့်သွားတယ်..။

“သား ထွက်သွားကတည်းက အခန်းကို ဒီအတိုင်းထားထားတယ်..။ မင်းမကြိုက်တဲ့ အတိုင်း ဘယ်သူမှ ဒီအခန်းထဲကို မဝင်ဘူး...။ တစ်ပတ်တစ်ခါ ဖုန်လှဲ ဖုန်ခါ လုပ်တဲ့ အချိန်ပဲ မချိုနဲ့ အမေ ဝင်ပြီး ရှင်းပေးထားတယ်..။ အိပ်ရာကိုတော့ မနေ့ကတည်းက ကိုရဲလာပြင်ပေးထားတယ်..။”

ကျွန်တော့်အခန်းက ကျွန်တော် ထွက်သွားတဲ့ ညနေက အတိုင်းပဲ..။ အမေက ကျွန်တော့်နောက်ကနေ လိုက်ဝင်လာပြီး ပြောသွားတယ်..။ ကျွန်တော် ကိုရဲကို ကြည့်လိုက်တယ်..။

“ဘယ်လိုလဲ မင်းကြိုက်တယ်မဟုတ်လား.. မင်းကြိုက်တဲ့အတိုင်း ငါပြင်ပေးထားတယ်...။”

ကျွန်တော် ကြိုက်တဲ့ အရောင်နဲ့ ခန်းဆီးကိုရော အိပ်ရာကိုပါ ဆင်တူ ပြင်ထားပေးတယ်..။ နို့သစ်ခွရောင်နဲ့ တခန်းလုံးကို အလှဆင်ထားတယ်လေ..။

“သားပင်ပန်လာတယ်မဟုတ်လား.. နားလိုက်ဦးလေ.. ညနေကျမှ အထုတ်ဖြည်ကြတာပေါ့..”

“ကိုခိုင်ခန့်.. ထမင်းစားလိုက်လေ. မချို ကိုခိုင်ခန့်ကြိုက်တဲ့ ဟင်းတွေ ချက်ထားတယ်..”

“ရတယ်..မချို.. ကျွန်တော် ခဏအိပ်လိုက်ဦးမယ်.. နိုးလာမှ စားမယ်... အော် ကိုရဲ ခဏနေဦး..”

အမေက ကျွန်တော်တို့ကို ပြုံးပြီး ထွက်သွားတယ်..။ မချိုကတော့ သူချက်ထားတာတွေကို ညနေမှ စားမယ်ဆိုတော့ စူပုတ်ပြီးထွက်သွားတယ်..။ သူကလည်း ကျွန်တော် ငယ်ငယ်ကတည်းက အိမ်ကိုရောက်နေတာလေ..။ အိမ်အတွင်းရေးမှူးလို့တောင် ပြောလို့ရတယ်..။

အားလုံးထွက်သွားတော့ ကျွန်တော် အခန်းတံခါးကို ပိတ်လိုက်တယ်..။ ပြီးတော့ ကျွန်တော် ကိုရဲကို ဖက်ထားလိုက်တယ်..။ သူကလည်း ကျွန်တော့်ကို ညင်ညင်သာသာ ပြန်ဖက်လိုက်တယ်..။ ကျွန်တော် သူ့ပါးကို နမ်းလိုက်တယ်..။

“ကိုရဲ.. မင်းကို ငါ အရမ်းသတိရတယ်ကွာ.. မင်းနဲ့ ဖုန်းပြောတိုင်း မင်းနားကို ပြေးလာလိုက်ချင်တယ်..”

“ငါလည်း တူတူပါပဲ ခိုင်ခန့်ရာ.. မင်းထွက်သွားတဲ့နေ့က ငါလိုက်မပို့လိုက်ရဘူး.. အဲဒီကတည်းက ငါ မင်းကို လွမ်းနေတာ..”

ကျွန်တော်တို့ နှစ်ယောက် အိပ်ရာပေါ်မှာထိုင်လိုက်ကြတယ်.. ပြီးတော့ တစ်ယောက်ကို တစ်ယောက် ကြည်နူးလွမ်းဆွတ်စွာ ကြည့်နေမိကြတယ်..။ ရုတ်တရက် သူ ကျွန်တော့်နှုတ်ခမ်းကို နမ်းလိုက်ပြီး

“ဒီနှုတ်ခမ်းလေးကို ပိုလွမ်းတယ်.. ပွစိပွစိ ပြောတတ်တာရယ် ကြည်နူးအောင် ပြောတတ်တာရယ်.. အားလုံးပဲ..”
“အေးပါ.. ယုံပါတယ်.. အော်.. မင်းအတွက် လက်ဆောင်ပါတယ်..”
“ဘာလဲ..”
“မင်းလိုချင်နေတာလေ..”

ကျွန်တော် ပြောဆိုရင်းနဲ့ အထုတ်ဖွင့်လိုက်ပြီး သူ့အတွက် ဝယ်လာတာ ထုတ်ပေးလိုက်တယ်.. ဘာရယ်တော့မဟုတ်ပါဘူး.. NOKIA Handset လေးပါ..။ သူပျော်သွားတယ်...။ သူ့ဖုန်းက ဟောင်းနေပြီလေ..။ ပြီးတော့ ခုဖုန်းက ကျွန်တော်ဖုန်းနဲ့ ဆင်တူလေး ဝယ်ခဲ့တာလေ..။

သူ အရမ်းပျော်သွားတယ်..။

“တော်တော် ချစ်ဖို့ကောင်းတဲ့ ကောင်... ငါက ပါမှ ပါပါ့မလားလို့..”
“မင်း မှာနေတာပဲလေ.. နောက်တစ်ခု ပါသေးတယ်...”

ကျွန်တော် ဖုန်းမှာ တပ်တဲ့ ချိန်းကြိုးလေး နှစ်ချောင်း ထုတ်ပေးလိုက်တယ်..။ နှစ်ခုလုံး ဆင်တူလုပ်ခဲ့တာလေ..။

“ကိုရဲ.. ဒီ ချိန်းကြိုးလေးနှစ်ချောင်းက မင်းနဲ့ ငါ နှစ်ယောက်လုံးရဲ့ နာမည်တွေပါအောင် ငါ လုပ်ခဲ့တာ.. ဘယ်တော့မှ မပျောက်စေနဲ့နော်..”

ကျွန်တော် သူ့ဖုန်းမှာ တပ်ပေးလိုက်တယ်... သူကလည်း ကျွန်တော့်ဖုန်းမှာ တပ်ပေးတယ်..။

“ခိုင်ခန့် .. မင်းနားတော့.. ပင်ပန်းနေပြီ.. ညနေဘက် ငါပြန်လာခဲ့မယ်.. ညစာ တူတူလာစားမယ်..။ ပြီးတော့ စကားတွေ ပြောကြမယ်.. မင်းနဲ့ ပဲ အိပ်မယ်လေ..”

“အေး.. ပြီးရောလေ.. ငါ နားတော့မယ်..... ကိုရဲ.. ချစ်တယ်..”

“ငါလည်း မင်းကို ချစ်ပါတယ်..”

ပြန်ကာနီး သူ ကျွန်တော့်ကို နမ်းသွားတယ်.. ကျွန်တော် သူ့ကို ကားနား အထိ ပို့ပေးလိုက်တယ်..။ ကျွန်တော် အခန်းထဲပြန်ရောက်တော့ ကုတင်ပေါ် ခြေပစ်လက်ပစ် အိပ်လိုက်တယ်...။ ချစ်သူ ပြင်ပေးထားတဲ့ အိပ်ရတာ.. ဘာနဲ့မှ မတူဘူးနော်..။

Saturday, October 24, 2009

လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (ဇာတ်သိမ်း)

ဒီနေ့ ကျွန်တော် အလုပ်အားတာနဲ့ ကမ်းခြေဘက်ကို ထွက်ခဲ့တယ်...။ ကမ်းခြေဘက်ရောက်တော့ ကမ္ဘာကျော် Burj Al Arab ဟိုတယ်ဘက် လမ်းလျှောက်လာခဲ့လိုက်တယ်...။ အဲဒီနေရာလေးက လှလည်း လှတယ်..။ တွေးလို့လည်းကောင်းတယ်..။ ကျွန်တော် ခုံတန်းလေး တစ်ခုမှာ ထိုင်လိုက်တယ်..။ နေဝင်ချိန်အလှက ကျွန်တော့်ကို အတိတ်ကို ပြန်ခေါ်သွားတယ်...။ တကယ်တော့ ကျွန်တော်နဲ့ သူ ကမ်းခြေဘက်ကို တခါမှ ခရီးမထွက်ခဲ့ဖူးဘူး...။ စိတ်ကူးရှိခဲ့ပေမယ့်.. ကံကြမ္မာက မျက်နှာသာ မပေးခဲ့ဘူး..။ အမှန်တော့ လူသားတွေအားလုံးဟာ ကံတရားရဲ့ စေစားရာကို ရွေးချယ်ခွင့်မရှိဘဲ လိုက်ပါခဲ့ရတာမဟုတ်လား...။

8888888

ကျွန်တော်နဲ့ လပြည့် အဲဒီနေ့က လက်ထပ်ခဲ့ပြီးနောက် ကျွန်တော်တို့တွေ အရင်ကထက်ပိုပြီး တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြတယ်..။ အချိန်ပေးလာကြတယ်..။ ဘယ်သွားသွား အတူတူ..။ ဘာစားစား အတူတူ ဖြစ်ခဲ့ကြတယ်..။ ကျောင်းပိတ်ရက် .. သင်တန်း ပိတ်ရက်တွေမှာလဲ အတူတူ ရှိနေခဲ့ကြတယ်..။ အချိန်တော်တော်များများ ကျွန်တော့် အိမ်မှာ ရှိနေတတ်တယ်..။ ညတော့ မအိပ်ကြပါဘူး..။ ကျွန်တော်တို့ နှစ်ယောက် တူတူရှိတဲ့ညတွေဆိုရင် ကျွန်တော်တို့ရဲ့ ချစ်အိမ်ကလေးမှာပဲ နေကြတယ်..။ ကျွန်တော်တို့ရဲ့ အချိန်တွေ သာယာခဲ့ကြတယ်.. ကြည်နူးခဲ့ကြတယ်.. ပျော်ရွှင်ခဲ့ကြတယ်..။ ရန်ဖြစ်တယ် စကားများတယ်ဆိုတာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အဘိဓာန်မှာ မရှိကြဘူး...။ အတတ်နိုင်ဆုံး နားလည်ပေးခဲ့ကြတယ်...။ ဖြည့်ဆည်းပေးခဲ့ကြတယ်...။ အဲဒီလောက် အဆင်ပြေခဲ့တဲ့ ကျွန်တော်တို့ နှစ်ယောက် ဘယ်တော့မှ မခွဲဘူးလို့ သစ္စာတိုင် ယုံကြည်ခဲ့ပေမယ့် ကံကြမ္မာ ဇာတ်ဆရာက ဇာတ်ညွှန်းပြောင်းရေးလိုက်တယ်..။

88888888

" ၂၀၀၆ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်..
ဒီနေ့ လပြည့် အရမ်းဆိုးတယ်..။ သူ့ဆန္ဒရှိတဲ့ အတိုင်း ဇွတ်လုပ်သွားတယ်..။ တစ်နေ့လုံး လုပ်ရာလုပ် သွားချင်ရာကို သွားပြီး လူကိုလည်း စိတ်တိုင်းကျ မွေသွားတယ်..။ ဘာပဲ ပြောပြော ကျွန်တော် ကျေနပ်ပါတယ်..။ ချစ်တာကို...။ "

ကျွန်တော် ဒိုင်ယာရီ ရေးနေတာလေ..။ ပြီးတော့ ကြည်နူးနေတာပေါ့...။ မနေ့က လမင်းနဲ့ ကျွန်တော် အိမ်မှာ ပြန်မအိပ်ကြဘူးလေ..။ ကျွန်တော်တို့ အိမ်ကလေးမှာ တစ်ညလုံး တူတူ ရှိနေခဲ့ကြတယ်..။ ပြီးတော့ ချစ်ကမ္ဘာထဲမှာ ပျော်မြူးခဲ့ကြတယ်...။ မနက် မိုးတော်တော် လင်းမှ အိမ်ကို ပြန်ကြတယ်..။ အိမ်ရောက်တော့ ရေမိုးချိုးပြီး ကျွန်တော် အခန်းထဲက စာကြည့်စားပွဲမှာ ဒိုင်ယာရီရေးဖို့ ထိုင်ဖြစ်တယ်..။

"သား လမင်းရေ... မင်းအဖွားက မင်းကို ပြောစရာ ရှိလို့တဲ့..။ သူ့ဆီကို လာခဲ့ပါဦးတဲ့.. ဖုန်းဆက်တယ်..."..

အမေက အခန်းဝကနေ လှမ်းပြောတော့ ကျွန်တော် ကပြာကယာနဲ့ စာအုပ်ကို ခေါင်းဦးအောက်မှာ သိမ်းလိုက်တယ်..။ ကျွန်တော် အခန်းအပြင်ဘက်ကို ထွက်လာလိုက်တယ်...။ အဖွားဆီ ဖုန်းပြန်ဆက်မလို့ အိမ်အောက်ကို ဆင်းလာခဲ့လိုက်တယ်..။ အမေက နောက်ကနေ လိုက်လာခဲ့တယ်..။

" သား... အခန်းလဲ ရှင်းဦးနော်.. မင်း အခန်းက တော်တော် ရှုပ်နေပြီ..။ "
" ဟုတ် အမေ.. သား မနက်ဖြန် ရှင်းလိုက်မယ်... လပြည့်လဲ လာမှာ ဆိုတော့ သူ့ကိုပါ ကူခိုင်းလိုက်မယ်.... "
"သား နှယ်.. သူများကို...."

ကျွန်တော်ပြုံးမိတယ်...။ အဖွားနဲ့ ဖုန်းပြောပြီးတော့ အဖွားက အိမ်ကို လာခဲ့ပါဆိုတော့ ကျွန်တော် အဖွားအိမ်ဘက် ထွက်ခဲ့တယ်..။ အဖွားအိမ်ရောက်တော့ အဖွားက သူ့အိမ်မှာ လိုအပ်တာတွေ ကြည့်ပြီး ပြင်ဖို့ ကိစ္စ တိုင်ပင်တယ်..။ သူ့ ဆိုင်မှာ လိုတာတွေကို ကုန်သည်ဆီမှာ သွားဝယ်ပေးဖို့ ပြောတယ်..။ ဆိုင်ဆိုလို့ အဖွားက သင်္ကန်းဆိုင် ဖွင့်ထားတာလေ..။ အဖွားက ငွေရင်းစိုက်ထုတ်တယ်..။ ကျွန်တော်က ကုန်သည်တွေဆီမှာ ပစ္စည်းလိုက်စုပေးတယ်...။ အော်ဒါများများမှာတဲ့သူရှိရင်လည်း ကျွန်တော်က အဆင်ပြေအောင် လုပ်ပေးရတယ်လေ..။ အဲဒီအတွက် ကျွန်တော့်ကို အဖွားက ၂၅ % ပေးတယ်..။ ဆိုင်ရဲ့ အမြတ်ထဲကနေပေါ့..။ ကုန်သည်ဆီက ပွဲခလိုမျိုးလည်း ရတယ်လေ..။

အဲဒါနဲ့ ကျွန်တော်လည်း အဖွားခိုင်းတာတွေကို လုပ်ပေးရင်းနဲ့ အချိန်တော်တော်ကြာသွားတယ်...။ အိမ်ပြန်ရောက်တော့ ညဘက် ၈ နာရီထိုးနေပြီး...။ အိမ်ရောက်ရောက်ချင်း အမေက သူနဲ့ စကားပြောရအောင်တဲ့..။ ကျွန်တော်နည်းနည်းတော့ အံ့ဩသွားတယ်..။ အမေမျက်နှာက မကြည်မလင် ဖြစ်နေတယ်...။ ကျွန်တော်လည်း ရေချိုးပြီး ပြန်ဆင်းလာခဲ့မယ်လို့ ပြောပြီး အပေါ်ထပ်က ကျွန်တော့် အခန်းဆီကို တက်လာခဲ့တယ်...။ ကျွန်တော် အခန်းထဲရောက်တော့ မျက်လုံးပြူးရပြီ..။ အမေ အခန်းရှင်ထားလိုက်ပြီ...။ အိပ်ရာခင်းတွေရော.. ခေါင်းအုံးစွပ်တွေရော လဲထားပြီ..။ စာကြည့်စားပွဲမှာလည်း စာအုပ်တွေက အစီအရီ ဖြစ်နေပြီ..။ ကျွန်တော် ခေါင်းဦးအောက်က ဒိုင်ယာရီ စာအုပ်ကို ရှာလိုက်တယ်...။ သွားပြီ..။ မတွေ့တော့...။ အမေများ............။ ကျွန်တော် ဘာမှ မတွေးနိုင်တော့....။ ရေချိုးပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့တယ်...။ အိမ်အောက်ရောက်တော့ အမေရော အဖေပါ ထိုင်နေတာ တွေ့ရတယ်..။ အဖေ ဘယ်အချိန်က ပြန်ရောက်နေလဲမသိ..။

" သား... လမင်း.... "
"ဗျာ..."
"မင်း.. ဘာတွေလုပ်နေတာလဲ... ဘာတွေ ဖြစ်နေပြီလဲ.... အမေတို့ကို ရှင်းပါဦး..."
"ဘာကိုလဲ အမေ.."
"မင်း မသိချင်ယောင် ဆောင်မနေနဲ့တော့ သား.... အမေ မင်းကို ယုံလို့ ဘာမှ မစွက်ဖက်ပဲ နေခဲ့တယ်..။ မင်းရဲ့ ပညာ.. မင်းရဲ့ သိက္ခာကို အမေ လေးစားခဲ့တယ်...။ မင်းရဲ့ ပေါင်းသင်းဆက်ဆံရေးကိုလည်း အမေ ကြည်ဖြူခဲ့တယ်..။ ခု.. မင်း လုပ်ရပ်ကို မင်းသိလား..."

ပြောပြောဆိုဆို အမေ ကျွန်တော့် ဒိုင်ယာရီ စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်တယ်...။ ကျွန်တော် ခေါင်းကြီးသွားတယ်...။ ကျွန်တော် ပြောစရာ စကားရှာလို့မရ...။

"သားကြီး... အဲဒီကိစ္စ အမှန်ပဲလား..."
"--------------"

ကျွန်တော် အသံ တိတ်နေမိတယ်...။

"ငါ့သား ဒီလောက်ထိ မိုက်မဲလိမ့်မယ်လို့ အဖေ မတွေးမိဘူး...။ မင်း ဆီက မဟုတ်ပါဘူးဆိုတဲ့ စကားကို အဖေကြားချင်တယ်..."
"သား မငြင်းပါဘူး အဖေ.. သားနဲ့ လပြည့် လက်ထပ်ပြီးပြီတဲ့ အဆင့်ထိရောက်နေပြီ..."
"ဘာကွ..."

ကျွန်တော့် ဝန်ခံချက်အပြီးမှာ အဖေ့ဆီက ပြင်;ထန်တဲ့ လက်သီး တစ်လုံး ကျွန်တော့် ဘယ်ဘက် ပါးပေါ်ကျလာခဲ့တယ်...။ အဲဒီ အချိန်မှာ ဖုန်းသံ မြည်လာခဲ့တယ်...။ အမေ ဖြေလိုက်တယ်...။

“ဟဲလို... အော် လပြည့်လား..... သား မရှိဘူးကွဲ့.. ဘာပြောပေးရမလဲ.... မနက်ဖြန် တွေ့ဖို့လား... သား မစောင့်နဲ့တော့... သူလာမှာမဟုတ်ဘူး... အန်တီတို့လည်း သူ့ကို ဘယ်မှ လွှတ်မှာ မဟုတ်ဘူး...။ မင်းလဲ သားကို တွေ့ဖို့ မကြိုးစားနဲ့တော့...ဘာလို့လဲဆိုတာ မင်းသိပါတယ်..... အန်တီဘာမှ ပြောစရာ မရှိဘူးကွယ်...။ မင်းသာ ရှေ့ဆက်မတိုးလာနဲ့တော့ သား... မဟုတ်ရင် အန်တီ မင်းတို့ကိစ္စကို မင်းအဖေ ကိုမိုးယံကို ပြောရလိမ့်မယ်...။ "

အမေ ဖုန်းချလိုက်တယ်...။ ကျွန်တော့်ပါးပြင်မှာ မျက်ရည်စတွေ စီးလာခဲ့တယ်...။ အဖေထိုးလို့ နာကျင်တာမဟုတ်ပါဘူး...။ ကျွန်တော်တို့တွေ ကြေကွဲရပြီ...။ ကျွန်တော် ဒိုင်ယာရီ စာအုပ်ကို အမေ ပြန်သိမ်းသွားတယ်...။ ကျန်တဲ့ စာအုပ်တွေကိုလည်း ဖျက်ဆီးဖို့ ပြောသွားတယ်...။ ကျွန်တော့် အခန်းရှေ့မှာလာစောင့်ယူပြီး ခြံထဲက ကျွန်တော် မြင်သာမယ့်နေရာမှာ မီးရှို့လိုက်ကြတယ်..။ ကျွန်တော့် နှလုံးသားပါ အရည်ပျော်သွားတယ်...။ ကျွန်တော် ငိုနေမိတယ်...။ ညဘက် သန်းခေါင်ကျော်တဲ့ အထိ ကျွန်တော် အိပ်လို့မရ...။ ည ၂ နာရီလောက်ကျတော့ ခြံရှေ့မှာ ကားရပ်သံ ကြားတော့ ကျွန်တော် အခန်းထဲက ထွက်ခဲ့တယ်...။ ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ သူ...။ ကျွန်တော် မီးဖွင့်ပေးလိုက်တယ်... ခြေဟန်လက်ဟန်နဲ့ သူ့ကို စောင့်ခိုင်းလိုက်တယ်...။ အိမ်အောက်ကို ဆင်းလာတော့ အမေတို့တွေ အိပ်နေကြပြီထင်တယ်.. တိတ်ဆိတ်နေပြီ..။ အိမ်သော့ရှာတော့ မတွေ့ သွားပြီ.. သိမ်းလိုက်ပြီထင်တယ်.. ကျွန်တော့် လွယ်အိတ်ထဲက သော့ကို ပြန်တက်ယူပြီး ဖွင့်ဖို့ ကြိုးစားတယ်...။ ကျွန်တော် အမေတို့ကို လျော့တွက်မိတယ်..။ သူတို့က အိမ်သော့ပါ လဲလိုက်ကြပြီ..။ သူလည်း မျက်နှာမကောင်း...။ ကျွန်တော် အကြံအိုက်သွားတယ်.... ။ သူ့ကိုကြည့်လိုက်တော့ သူ စာရွက် တစ်ခုပေါ်မှာ တခုခုရေးနေတယ်.. ပြီးတော့ ကျွန်တော့်ဆီကို ခဲလုံးလေးနဲ့ လုံးပြီး ပစ်ပေးလိုက်တယ်...။ ကျွန်တော်ဖွင့်ဖတ်လိုက်တယ်...။ သူရေးထားတာက

"ချစ်... ဘာတွေ ဖြစ်ကုန်ပြီလဲ...။ အမေတို့ ဘယ်လိုသိသွားတာလဲ.....။ ကိုတို့ ဘာဆက်လုပ်ကြမလဲ...။ ကိုဘာလုပ်ပေးရမလဲ...။ "

ကျွန်တော် ဖတ်ပြီးတော့ သူ့ ဆီကို ချက်ချင်း စာနဲ့ပဲ အကြောင်းပြန်လိုက်တယ်...။

"လပြည့်.. သူတို့ ငါ့ ဒိုင်ယာရီကနေ သိသွားတာ...။ ငါ့ကိုလည်း အဖေက ထိုးတယ်ကွာ...။ ငါ ခု ဘာလုပ်ရမှန်းမသိသေးဘူး...။ မင်းနဲ့ မခွဲနိုင်ဘူး...။ ခု အိမ်သော့ကိုတောင် လဲထားတယ်...။ မင်းဆီကိုငါ မနက်ဖြန် သူတို့ အလစ်မှာ ဖုန်းဆက်လိုက်မယ်...။ မင်းဆီ ငါ ဖုန်းမဆက်နိုင်ရင် မနက်ဖြန် ဒီလို အချိန် ပြန်လာခဲ့.. ငါ စောင့်နေမယ်...။ ဟုတ်ပြီလား....။ ချစ်တယ်.."

ကျွန်တော် သူ့ဆီကို ပြန်ပစ်ပေးလိုက်တယ်...။ သူစာကို ဖတ်ပြီး ကျွန်တော့်ကို လွမ်းဆွေးတဲ့ အကြည့်နဲ့ ကြည့်ပြီး သူ ထွက်သွားတယ်...။ ကျွန်တော်လည်း အိမ်ပေါ်ပြန်တက်ခဲ့တယ်..။

နောက်နေ့ မနက် နေမြင့်မှ ကျွန်တော် အိပ်ရာခဲ့တယ်..။ အမေက မနက်စာ ပြင်ထားပြီး စောင့်နေတယ်..။

"သား... ဒီနေ့ မင်း ဘယ်သင်တန်းကိုမှ သွားစရာမလိုဘူး...။ မင်း သင်တန်းတွေကို အကြောင်းကြားလိုက်... နောက်နေ့တွေပါ သွားစရာမလိုတော့ဘူး...။ မင်း အပြစ်ကို မင်းသိတယ်....။"

အမေမျက်နှာမရွှင်ပြ.. ကျွန်တော့် မျက်နှာလည်း မပျော်ရွှင်... ညီတွေကလည်း ဘာဖြစ်နေပါလိမ့်ဆိုတာ သိချင်နေတဲ့ပုံ...။ ကျွန်တော် မနက်စာ စားပြီး အိမ်ပေါ်ကို တက်လာခဲ့တယ်...။ ညီတွေကလည်း ပိတ်ရက်ဆိုတော့ ကျူရှင်ကို သွားကြတယ်.. ကျွန်တော် တစ်ယောက်တည်း အိမ်ပေါ်ထပ်မှာ ဆွေးနေမိတယ်..။ ကျွန်တော် ဆုံးဖြတ်ထားတယ်..။ ဘာဖြစ်ဖြစ် စွန့်စားမယ်လို့...။ ကျွန်တော် နေ့ခင်းဘက် သူ့ဆီကို ဖုန်းခေါ်ဖို့ အိမ်အောက်ထပ်ပြန်ဆင်းလာတော့ အမေက ဧည့်ခန်းထဲမှာ ရှိနေတယ်..။ ကျွန်တော့်ကို မြင်တော့ တချက်လှမ်းကြည့်ပြီး သူဖတ်လက်စ စာအုပ်ကို ဆက်ဖတ်တယ်...။ ကျွန်တော်လည်း အမေ့ အလစ်ကို စောင့်ရင်း တီဗွီ ဖွင့်ကြည့်နေလိုက်တယ်...။ အမေက လုံးဝ မထ.. ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ အိမ်ပေါ်ထပ်ကို ပြန်တက်နေလိုက်တယ်... ကျွန်တော် အိပ်ရာထဲမှာ အိပ်နေလိုက်တယ်..။ ညနေ ကျွန်တော့် ညီ အငယ်ကောင် လာခေါ်မှ ကျွန်တော် နိုးသွားတယ်...။ ထမင်းစားရအောင်တဲ့...။ ကျွန်တော် ထမင်းစားဖို့ ထမင်းစားခန်းဘက်ကို ထွက်လာတယ်...။ အားလုံး စုံနေပြီ...။ ထမင်းစားပွဲက အရင်ကလို မဟုတ်ဘူး...။ အဖေကလည်း ခပ်တည်တည်ပဲ ထမင်းစားပွဲမှာ.. အမေကလည်း ကျွန်တော့်ကို အပြစ်တင်တဲ့ မျက်လုံးနဲ့ ကြည့်တယ်.. ညီ နှစ်ယောက်ကတော့ ဘာတွေဖြစ်နေမှန်း သေချာမသိပေမယ့် အဖေနဲ့ အမေ မျက်နှာ မကောင်းတာနဲ့ပဲ ကြောက်ပြီး ဘာမှ မပြောရဲ့ကြ...။ ထမင်းဝိုင်းက တိတ်ဆိတ်စွာ ပြီးဆုံးသွားခဲ့တယ်..။ အဖေက စကားပြောရအောင်တဲ့... ဧည့်ခန်းထဲကို လာခဲ့ပါတဲ့..။ အမေကတော့ ဘေးမှာ... ညီတွေကိုတော့ အိမ်ပေါ်မှာ စာသွားကျက်ခိုင်းလိုက်တယ်..။

"လမင်း... ခု ကိစ္စကို ဘယ်သူတွေ သိသေးလဲ...။"
" ဘယ်သူမှ မသိပါဘူး အဖေ.. သားတို့နှစ်ယောက်ကိစ္စကို အမေနဲ့ အဖေ အရင်သိတာပါ..။ "
"မင်းတို့ အခြေအနေကရော မင်းရေးထားတဲ့ အတိုင်းလား..."
"သား ဝန်ခံပါတယ်.."
"အေး ဒါဆို မင်း သူနဲ့ မတွေ့နဲ့တော့.. ကျောင်းတွေလည်း မတက်နဲ့တော့.. ငါနဲ့ မော်လမြိုင်က အလုပ်ထဲကို လိုက်ခဲ့တော့.. မင်း ဒီမှာနေရင် လပြည့်မောင်နဲ့ တွေ့ဖို့ကြိုးစားနေဦးမယ်.. ကိုမိုးယံ သိရင် မျက်နှာပျက်စရာ ဖြစ်ကုန်မယ်... ပြီးတော့ ငါ ကိုမိုးယံကို ဘယ်လို မျက်နှာ ပြရမလဲ.... ငါ့သာ.. မင်းတို့ သူငယ်ချင်းနှစ်ယောက် ချစ်တာကိုတော့ လက်ခံတယ်.. ဒါပေမယ့် သဘာဝကို လွန်ဆန်တာတော့ အဖေ လက်မခံနိုင်ဘူး..။ မင်းက သားကြီး .. အဖေ အားထားတဲ့ ယုံကြည့်တဲ့ သားကြီးက ဒီလို ဖြစ်နေတာ အဖေ ဘယ်လိုမှ မင်းကို လွှတ်မထားနိုင်ဘူး...။"
"သားမှားတယ်လို့တော့ ခံဝန် မပေးချင်ဘူး အဖေ.. ဒီကိစ္စအတွက် အဖေ မျက်နှာ ပျက်ရမယ်ဆိုရင် သားတောင်းပန်တယ်... သားတို့တော့ နောက်ဆုတ်မှာ မဟုတ်ဘူးအဖေ...."
" ဘာကွ... မင်းကို ငါ ပြောနေတဲ့ ကြားက အထွန့်မတက်လာနဲ့ လမင်း... မင်း ငါ့အကြောင်း သိတယ်နော်.."
" သား လမင်း.. အဖေပြောနေတာကို ပြန်မပြောနဲ့လေ.. မင်း ဒီကိစ္စ ဖြစ်နေတာကိုက မင်းတို့ နှစ်ယောက်လုံး မှားနေလို့ ပြောတာ.. အမေ မင်းကို အစကတည်းက ပြောခဲ့ပြီးသားလေ... အမေ မင်းတို့ ဒီလောက်အထိ ဖြစ်မယ်လို့ မထင်ထားခဲ့ပေမယ့် တစုံ တခု တော့ မှား ယွင်းနေပြီဆိုတာ သိလို့ လပြည့်မောင် အိမ်ကို စလာလည်တဲ့ နေ့ကတည်းက အမေ မင်းကို သတိပေးခဲ့တယ်နော်...."
"လမင်း.. သန်ဘက်ခါ ငါနဲ့ မော်လမြိုင် ရုံးကို လိုက်ခဲ့တော့... ငါ့အလုပ်မှာ ရုံးလုပ်ငန်းအတွက် လူလိုတယ်.. မင်း သင်ထားတဲ့ ပညာတွေနဲ့ ဆိုရင် မင်း လုပ်နိုင်မယ်လို့ ငါ ထင်တယ်... မင်း ငါ့အလုပ်မှာ ဝင်လုပ်ရမယ်...။ မင်း ဒီအတိုင်းနေရင် အခြေအနေက ဘာမှ ထူးလာမှာ မဟုတ်သလို စိတ်လေနေလိမ့်မယ်... ငါ့သား.. သဘာဝက သဘာဝပါပဲကွာ...။ မင်းကို ပြင်ဆင်ခွင့် ငါပေးတဲ့ အနေနဲ့ ငါ့အလုပ်မှာ ဝင်လုပ်.. အတိတ်ကို မေ့လိုက်.. ငါ့သားက လူတော် တစ်ယောက်ဆိုတာ အဖေသိတယ်..။ မင်း အမှားကို ပြင်ဆင်နိုင်လိမ့်မယ်လို့ အဖေ ယုံကြည်တယ်..။ မင်းတို့ ရှေ့ဆက်တိုးမယ်ဆိုရင်တော့ ဒီထက်ပို ပြင်းထန်းတဲ့ အပြစ်ပေးမှုမျိုးကို သုံးရလိမ့်မယ်..။ .. ကဲ .. လုပ်စရာ ရှိတာ သွားလုပ်တော့.."

ကျွန်တော် အိမ်ပေါ်ကို ပြန်တက်လာခဲ့တယ်..။ တကယ်တော့ ကျွန်တော့်မှာ ဘာလုပ်စရာမှ မရှိ.. ကျွန်တော် သိတာတော့ လပြည့်ကို တွေ့ချင်တာပဲ သိတယ်...။ ကျွန်တော် အပေါ်ထပ်ရောက်တော့ ညီတွေက စာကျက်နေတယ်.. ကျွန်တော့်ကို တွေ့တော့ ဘာဖြစ်တာလဲ ဆိုတာ ဝိုင်းမေးကြတယ်..။ ကျွန်တော် ဘာမှ မပြောခဲ့ဘူး... သူတို့နဲ့ အတူ စာဝိုင်းကျက်ပေးလိုက်တယ်..။ ကျွန်တော် ငိုမိမှာ စိုးလို့ ကျွန်တော့်ကို ကျွန်တော် အလုပ်ပေးထားလိုက်တယ်..။ စာကျက်ပြီးတော့ သူတို့တွေ အောက်ဆင်းပြီး တရုတ်ကားသွားကြည့်ကြတယ်..။ ကျွန်တော်ကတော့ တစ်ယောက်တည်း နေခဲ့တယ်..။ ကျွန်တော် အပြင်ကို ငေးနေတုန်း.. ဘေးကနေ..

"ကိုကို... ဘာဖြစ်နေတာလဲ.. ညီညီ ဘာလုပ်ပေးရမလဲ..."

လှည့်ကြည့်လိုက်တော့ ကျွန်တော့်ညီ အငယ်ကောင်.. သူက ကျွန်တော့်ကို ညီ အစ်ကိုလို အပြင် သူငယ်ချင်းလိုပါ ပေါင်းတဲ့ ညီ... သူလုပ်ချင်တာတွေကို ကျွန်တော်က အဖေနဲ့ အမေ မသိအောင် လိုက်လုပ်ပေးတတ်သလို ကျွန်တော် ကိစ္စတွေကိုလည်း သူက ပြန်ကူညီတတ်တယ်..။

"ညီလေး ဘာမှ မသိပါဘူးကွာ.. ဒီတစ်ခါ ကိုကို ပြောလို့ ညီညီ လာမှ မလုပ်ပေးနိုင်သလို ကိုကို့ကို အထင်သေးမှာ.."
" ရပါတယ် ကိုကိုကလည်း ပြောပါဗျ.. ကိုကို အရမ်းခံစားနေရတယ်ဆိုတာ ညီညီ သိတယ်.. ဘာကိစ္စလဲ ဗျ... ကောင်မလေးနဲ့ သဘော မတူကြတာလား..."

အော် ... ငါညီရယ်.. ထင်တောတွေ လျှောက်ပြောနေတာပါလား... အင်းပေါ့လေ သူကတော့ ဒီလိုပဲ တွေးမှာပေါ့..

"ရည်စားကိစ္စတော့ ဟုတ်တယ်.. ကောင်မလေးတော့ မဟုတ်ဘူး ညီညီရ.."

"ဘယ်လိုကြီးလည်း ကိုကိုကလဲ..."

" ညီညီ နားမလည်ပါဘူးကွာ... အကူအညီလိုရင် ကိုကို ပြောမယ်နော်. ခု ကိုကိုတစ်ယောက်တည်းနေချင်တယ်.."
"အင်း.. ဟုတ်ကဲ့.. ကိုကို.. ဟို မုန့်ဖိုးပေးဦး... ညီညီ မနေ့ က ကျောင်းမှာ ညီ့ ကောင်မလေးကို ကြောင်လိုက်တာ ကုန်သွားပြီ.. အမေတို့ဆီမှာလည်း မတောင်းရဲလို့..."

ကျွန်တော် ပြုံးမိတယ်.. ကျွန်တော့်က ညီတွေကို ချစ်တော့ အမြဲ အလိုလိုက်နေကြဆိုတော့ အဲလို ညာစားနေကြလေ...။

ကျွန်တော် အိပ်ရာထဲဝင်တော့ ည ၁၂ နာရီ ထိုးတော့မယ်.. ညီတွေကတော့ အိပ်နေကြပြီ... ကျွန်တော် အိပ်မပျော်ပါဘူး.. လပြည့်လာဦးမယ်လေ...။ ခဏ ကြာတော့ အိမ်ရှေ့ဘက်မှာ မှန်တံခါးကို ခဲမှန်သံ ကြားတော့ ကျွန်တော် လန့်သွားတယ်... အပြင်ထွက်ပြီး ပြတင်းပေါက်ကို ဖွင့်ကြည့်တော့ သူ.... ကျွန်တော် သူ့ကို လက်ကာပြလိုက်တယ်... ပြီးတော့ စာတစ်စောင်ရေးလိုက်တယ်..

"လပြည့်.. ငါ့အိမ်ကတော့ အခြေအနေ တင်းမာနေတယ်ကွာ.. ငါ့ကို မော်လမြိုင် အလုပ်ထဲကို ခေါ်သွားတော့မယ်.. ငါ မင်းနဲ့ အရမ်းတွေ့ချင်တယ်.. ဘာလုပ်ရမှန်းလဲ မသိဘူး.. အိမ်အပြင်လည်း ပေးမထွက်ဘူး... ဖုန်းလည်းဆက်ခွင့်မပေးဘူး... ငါမင်းကို ချစ်တာကလွဲရင် ဘာလုပ်ရမှန်းမသိတော့ဘူး.."

ကျွန်တော်စာကို ပစ်ပေးဖို့ တခုခု ရှာလိုက်တော့ ခဲဖျက်တစ်တုံးတွေ့တာနဲ့ လုံးချေပြီး အိမ်ပေါ်ကပဲ ပစ်ပေးလိုက်တယ်..။ သူ့ရှေ့နားကို ကျသွားတော့ သူဖတ်ပြီး ကျွန်တော့်ကို ကြည့်တယ်..။ သူခဏ စဉ်းစားနေတယ်ထင်တယ်..။ ကျွန်တော်လေ အိမ်ပေါ်ကနေ ခုန်ချပြီး ထွက်တွေ့ချင်ပေမယ်.. မှန်တံခါတွေက သံပန်းကာထာတော့ အဆင်မပြေဘူးဗျာ...။ ခဏနေတော့ သူကျွန်တော့်ကို ပြုံးပြီး လှမ်းကြည့်တယ်.. မကြာပါဘူး.. ခြံကို ကျော်တက်လာတော့တာပဲ... ကျွန်တော် အံ့ဩသွားတယ်.. သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကို ကျော်ခွတက်လာမယ်လို့ ကျွန်တော် မစဉ်းစားမိဘူး...။ ဘေးခြံက ခွေးက အတင်းထိုးဟောင်တော့တာပဲ....။ သူခြံထဲကို ခုန်ချလိုက်တယ်.. ကျွန်တော် အိမ်အောက် ပြေးဆင်းပြီး ဧည့်ခန်းထဲကနေ ပြတင်းပေါက်ကို ဖွင့်ပြီး သူ့ကို ကျွန်တော် ကြိုလိုက်တယ်... အိမ်ထဲတော့ မဟုတ်ဘူးပေါ့ဗျာ.. သူက အပြင်မှာ ကျွန်တော်က အိမ်ထဲမှာပေါ့..။

"လမင်းရာ လွမ်းလိုက်တာ.. ငါလေ တစ်နေကုန် မင်းကို ပဲ စိတ်ပူနေတာ.. အိမ်က သိမှာလည်း စိုးလို့ ငါဘာမှ မလုပ်နိုင်ဘူး.. မင်းဆီကို ဖုန်းဆက်ရင် မင်း ပြဿနာတက်မှာ စိုးလို့ မဆက်ရဲဘူး... ဘယ်နေ့ သွားမှာလဲ .."
"ငါ လည်း မင်းနဲ့ တူတူပဲ ကွာ.. မင်းကိုပဲ သတိရနေတာ... စိတ်ညစ်တယ်ကွာ... ငါ့ကို သန်ဘက်ခါ ခေါ်သွားမှာကွ.. ရုံးကတော့ ငွေမိုး ဟိုတယ်နားမှာ ငါ ဖုန်းဆက်မယ်လေ... အဲဒီရောက်ရင်တော့ ငါ ဖုန်းဆက်လို့ရမယ်ထင်တာပဲ... မင်းကို ငါ အရမ်းချစ်တယ်သိလား...။"

ကျွန်တော်တို့နှစ်ယောက် လေသံကြားရုံလောက်ပဲ စကားကို တိုတိုးပြောကြတယ်.. ပြီးတော့ ကျွန်တော်တို့နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိတယ်... သံပန်ခြားနေတဲ့အတွက် ဖက်လို့တော့ အဆင်မပြေ.. သူကျွန်တော်လက်ကို ကိုင်လိုက်တယ်.. ကျွန်တော်လန့်သွားတယ်.. လက်က စီးကပ်ကပ် ဖြစ်နေတယ်.. ကြည့်လိုက်တော့ ဘယ်လက်ဖဝါးကွဲနေတယ်..။ သူက သံဆူးကြိုးရှတာတဲ့.. ဘာမှ မဖြစ်ဘူးတဲ့.. ကျွန်တော်လေ သူ့ကို အဲလောက်ထိ ရဲတင်းလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး...။

"လမင်း.. ငါနဲ့မင်း ကမ္ဘာခြားလဲ ရောက်အောင် လာခဲ့မယ်...။ မင်းကိုချစ်တယ်..."

ကျွန်တော်နဲ့ သူ တစ်ယောက်ယောက် မိန်းကလေး တစ်ယောက်ဖြစ်နေရင် ကောင်းမယ်လို့ ကျွန်တော် ဆုတောင်းမိတယ်.ဗျာ.. ခုတော့ ကျွန်တော်တို့နှစ်ယောက်ကို သဘာဝကို လွန်ဆန်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဝေးနေရတယ်...။

"လပြည့် ပြန်တော့.. ငါ မော်လမြိုင်ကနေ ဖုန်းဆက်လိုက်မယ်... မင်း လာလည်ရင် ငါတို့ တိတ်တိတ်လေး တွေ့ရတာပေါ့..။ ခု နောက်ကျနေပြီ.. တော်ကြာ ငါ့ ဘိုးတော် နိုးလာရင် မင်းပြဿနာတက်လေမယ်.... ဒါနဲ့ မင်းကားရော..."
"လမ်းထိပ်မှာ ရပ်ထားခဲ့တယ်.. ကားသံကြားရင် မင်း မိဘတွေ နိုးသွားမှာ စိုးလို့...."
"ဒါဆိုလည်း ပြန်တော့နော်.. နောက်ကျနေပြီ...."
"အင်းပါ.. ချစ်... ချစ်တယ်..."
"အေးပါ.. အရေးထဲ ချစ်တွေ ကိုတွေ လုပ်နေတယ်..."

သူပြန်ထွက်ဖို့ ခြံစည်းရိုးနားကပ်သွားတယ်... ဘေးခြံက ခွေးကလည်း တော်တော် ဟောင်တာပဲ.. သူ ခြံစည်းရိုးပေါ် တွယ်တက်လိုက်.. ဘေးခြံက မြင်သွားတယ်...။

"သူခိုး..သူခိုး....သူခိုး..."

ကျွန်တော်မျက်လုံးပြူးသွားပြီ... ခေါင်းကြီးသွားပြီ...။ သွားပြီ... မပြေးနဲ့ လိုက်.လိုက်..ဆိုတဲ့ အသံတွေ ဆူသွားတယ်...။ ၅ မိနစ်လောက်ကြာတော အိမ်ရှေ့မှာ လူသံ အချိုနဲ့ အတူ သူ ပြန်ပါလာတာကို ကျွန်တော်တွေ့လိုက်တယ်...။

"ဦး မြင့်နိုင်.. ဦးမြင့်နိုင်.."

ခေါ်သံတွေ နဲ့ အတူ အဖေတို့ အခန်းတံခါးပွင့်လာတယ်....။ ကျွန်တော့်ကို ဧည့်ခန်းထဲမှာ တွေ့တော့ အမေရော အဖေရော အံ့ဩသွားတယ်..။

"ဘယ်သူတွေလဲ သား.. ခြံရှေ့မှာ"
"လပြည့်မောင် ရောက်လာတယ်... "
"ဘာ..."
"ဦးမြင့်နိုင်. အိမ်တံခါးဖွင့်ပါဗျိုး.. ခင်ဗျားတို့ခြံ လူကပ်လို့.."

အမေက ကဗျာကယာ တံခါးဖွင့်လိုက်တယ်... ကျွန်တော် အမေ့ဆီက သော့ယူပြီး ခြံတံခါး သွားဖွင့်ပေးလိုက်တယ်...။ ကျွန်တော်ကပဲ ဦးအောင်..

"ဒါကျွန်တော့် သူငယ်ချင်း လပြည့်မောင်ပါ.. သူ သူခိုးမဟုတ်ဘူး..."
"လာကြပါရှင်.. အိမ်ထဲကို ဝင်ကြပါ..."

အမေကနောက်ကလိုက်လာပြီး အားလုံးကို အိမ်ထဲဝင်ဖို့ ခေါ်လိုက်တယ်... အိမ်ထဲရောက်တော့ အဖေက ဧည့်ခန်းထဲမှာ စောင့်နေတယ်..။

"ဦးမြင့်နိုင်... ကျွန်တော်တို့ ဒီကောင်လေးကို ခင်ဗျားတို့ခြံထဲက ထွက်လာတာတွေ့လို့ မသင်္ကာတာနဲ့ နောက်ကလိုက်ဖမ်းတာ... ကျွန်တော်တို့ ဘာဆက်လုပ်ပေးရမလဲ..."

"ဟုတ်ကဲ့.. ကျေးဇူးပါဗျာ.. သူက သား သူငယ်ချင်းပါ... ကျွန်တော်တို့ပဲ ရှင်းလိုက်ပါ့မယ်.. ခုလို ကျွန်တော့်အိမ်ကို ဝိုင်းစောင့်ရှောက်ပေးတဲ့ ရပ်ကွက်လူကြီးများကို ကျေးဇူးတင်ပါတယ်..."

"ရပါတယ် ခင်ဗျာ.. ကင်းလှည့်နေရင်းတွေ့လို့ ကျွန်တော်တို့လည်း မသင်္ကာတာနဲ့ ခုလို ဖမ်းခေါ်လာရတာပါ...။ ခုလို ဦးမြင့်နိုင်တို့က သူ့ကို သိတယ်ဆိုတော့လည်း ကျွန်တော်တို့ ဘာမှ ပြောစရာမရှိပါဘူး.. ဘာအမှုမှ မဖြစ်ဘဲ ပြီးသွားတာ ပိုကောင်းတာပေါ့ဗျာ... ဒီက သားလေကလည်း နောက်ဒီလိုမျိုး မလုပ်ပါနဲ့ .. ကို့ သူငယ်ချင်းခြံထဲကနေ ဒီလို ထွက်တာကတော့ လူတိုင်း မသင်္ကာစရာဖြစ်လိမ့်မယ်..။ နောင်ကို ဂရုစိုက်ပါ..။ ကဲ .. ခွင့်ပြုပါဦးဗျာ.."

ပြောပြောဆိုဆို ရပ်ကွက်လူကြီးတွေနဲ့ အပေါင်းအပါတွေ ပြန်ထွက်သွားကြတယ်..။ အမေနဲ့ အဖေ ခြံရှေ့ရောက်အောင် လိုက်ပို့ပေးလိုက်ကြတယ်..။ ကျွန်တော်တို့နှစ်ယောက် ခေါင်းကြီးရပြီ..။ အဖေပြန်ဝင်လာတော့ မျက်နှာတော်တော် ပျက်နေတယ်.. ဒေါသလည်း ထွက်နေတာပေါ့ဗျာ..။

"ကဲ.. မောင်လပြည့် .. မင်း ဘယ်လို ဖြစ်ချင်လဲ ပြော... ဦးတော့ မင်းတို့ နှစ်ယောက်ကို စိတ်ကုန်ပြီ.. "

"ဦးသဘောအတိုင်းပါ..."

"ကဲ ဒါဆို ဦး မင်းအဖေကို အကြောင်းကြားပြီး လာခေါ်ခိုင်းလိုက်မယ်.. မင်းတို့နှစ်ယောက်ကိစ္စကိုတော့ ဦးဘယ်လိုမှ သဘောမကျဘူး..။ မဖြစ်သင့်.. မလုပ်သင့်တာကို မင်းတို့တွေ လုပ်ကြတယ်.. ဒီတော့ ဦးတို့လူကြီးတွေက လုပ်သင့်တဲ့ အတိုင်း လုပ်ကြဖို့ တာဝန်ရှိတယ်..။"

အဖေ လပြည့်တို့ အိမ်ကို ဖုန်းခေါ်လိုက်တယ်...။ ၄၅ မိနစ်လောက်ကြာတော့ လပြည့်အဖေနဲ့ အမေ ရောက်လာတယ်..။

အမေကပဲ ခရီးဦးကြိုလိုက်တယ်..။

"လာကြပါရှင်... ထိုင်ကြပါ.."

"အားတော့နာတယ် ဦးမြင်နိုင်ရေ.. ဘယ်လို ဖြစ်ကြတာလဲ ပြောစမ်းပါဦးဗျ..."

" ကျွန်တော်လည်း ဘယ်လိုပြောရမှန်း မသိတော့ဘူး.. ထိုင်နေတဲ့ သားတော်မောင်တွေကိုသာ မေးကြည့်လိုက်ပါတော့ဗျာ..."

ကျွန်တော့်အဖေက ဦးမိုးယံကို ပြောလိုက်တော့..

"ကဲ လပြည့်.. မင်းက ဘာလို့ သူများခြံထဲကို ညကြီးအချိန်မတော် ဘာလာလုပ်ရတာလဲ.. ပြောပါဦး.."

"ကျွန်တော်ရှင်းပြပါ့မယ်.. အဖေ.."

ဒီလိုနဲ့ လပြည့်မောင်ကပဲ ကျွန်တော်တို့ အကြောင်းကို သူ့အဖေထံ ရှင်းပြလိုက်တယ်..။ လပြည့်မောင် စကားဆုံးတဲ့ အချိန်မှာ ကျွန်တော်တို့ စကားဝိုင်း တိတ်ဆိတ်သွားတယ်... ကျွန်တော်တို့ရဲ့ မိဘတွေ ကျွန်တော်တို့ကို စိုက်ကြည့်နေတာများ အရည်ပျော်လောက်တယ်.. ခဏကြာတော့ ဦးမိုးယံကပဲစပြီး..

"ကိုမြင့်နိုင်.. ကျွန်တော့်သား မိုက်မဲမှုအတွက် ကျွန်တော် အနူးညွတ် တောင်းပန်ပါတယ်ဗျာ.. ကျွန်တော်တို့ သူတို့ကို ယုံမိတယ်... ခုကိစ္စကိုလည်း ကျွန်တော့်တို့ကို အသိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော့်သားကို ကျွန်တော် ဆုံးမပါ့မယ်ဗျာ..။ မောင်လမင်းကလည်း သားနဲ့ကိစ္စကို မေ့လိုက်ပါ... နောင် သူငယ်ချင်းလို ပြန်ဆက်ဆံနိုင်ပြီဆိုတာသေချာမှ ဦးတို့ ပြန်ဆုံခွင့်ပေးမယ်... ဟုတ်ပြီလား... ကဲ ကိုမြင့်နိုင်ရေ ခွင့်ပြုဦးဗျာ.. လပြည့် မင်း အမေကို မင်းကားနဲ့ ခေါ်သွား.. ငါ နောက်က လိုက်ခဲ့မယ်..။"

အဲဒီနေ့က ကျွန်တော် သူ့ကို အရမ်းကြေကွဲနေတဲ့ ပုံစံနဲ့ တွေ့လိုက်ရတယ်.. အမြဲတမ်းပျော်ပျော်နေခဲ့တဲ့ ကျွန်တော်နှစ်ယောက် ဝမ်းနည်းမှုတွေက နေရာယူခဲ့ပြီ..။ နောက်နေ့ညနေပဲ ကျွန်တော်လည်း အဖေနဲ့ အတူ မော်လမြိုင်ကို လိုက်ခဲ့ရတော့တယ်..။ ကျွန်တော် အဖေအလုပ်ထဲမှာ ရုံးအလုပ်တွေ ကူလုပ်ရင်း အလုပ်အကြောင်းပါ သင်ရတယ်.. ရန်ကုန်က ရုံးနဲ့ ဆက်သွယ်ပြီး လိုအပ်တာတွေ မှာရတယ်.. ပို့ရတယ်.. အဖေ ရန်ကုန်ပြန်သွားရင်တောင် ကျွန်တော် မော်လမြိုင်မှာနေခဲ့ရတယ်.. ကျွန်တော် အလုပ်ထဲမှာ စိတ်ကို ကြိုးစားပြီး နှစ်ထားခဲ့တယ်.. ဒါပေမယ့် အလုပ်တွေပြီးလို့ ညဘက် အခန်းထဲ ပြန်ရောက်ရင် ကျွန်တော် သူ့ကို အရမ်းသတိရတယ်... လွမ်းတယ်ဗျာ....။ ကျွန်တော် ရန်ကုန်က သူ့အိမ်ကို ဖုန်းဆက်တော့ ဖုန်းမကိုင်တာက များတယ်... ကိုင်တော့လည်း အိမ်က ခြံစောင့်ပဲရှိတယ်.. သူတို့တွေ ရန်ကုန်မှာ မရှိတာက များတယ်တဲ့..။ ကျွန်တော် တော်တော် ညံ့တယ်...သူ့ရဲ့ မန္တလေးက ဖုန်းကို မမှတ်ထားဘူး... သူမန္တလေးမှာ ရှိနေရင် သူကပဲ ဖုန်းအမြဲခေါ်နေကျလေ... ကျွန်တော် ကြံရာမရ ဖြစ်နေတယ်... လွမ်းတဲ့စိတ်နဲ့တင် သေလောက်တယ်...

တစ်ရက် အဖေရန်ကုန်က ပြန်ရောက်လာတော့ ကျွန်တော် အဖေ့ကို ပစ္စည်းကို ကူသယ်ရင်း အဖေက သင်္ကြန်မှာ အလုပ်နားမယ်တဲ့ ရုံးအဖွဲ့ကို ရန်ကုန်ပြန်ခေါ်မယ်တဲ့... ကျွန်တော် ပျော်လိုက်တာဗျာ... အထီးကျန်တဲ့ ဘဝက ခဏ နားရတော့မယ်.. ကျွန်တော် အဖေ့ပစ္စည်းတွေ ကူနေရာချရင်း အဖေ အိတ်ထဲက ဖုန်းစာအုပ်လေး တစ်အုပ် ရှာတွေ့တယ်..။ အဖေကတော့ တပ်ထဲက အရာရှိတွေနဲ့ တွေ့ဖို့ ထွက်သွားတယ်..။ ကျွန်တော်လည်း အခွင့်အရေးရတုန်း ဖုန်းစာအုပ်ကို ဖွင့်ရှာလိုက်တယ်... ဦးမိုးယံရဲ့ မန္တလေးက အိမ်ဖုန်းကို ရှာတာ... ကျွန်တော် ကံကောင်းတယ်.. ရှာတွေ့တော့ အရမ်းပျော်လိုက်တာဗျာ... အခွင့်အရေးကို ချက်ချင်းအသုံးချလိုက်တယ်... နာရီကြည့်တော့ နေ့ခင်း ၃ နာရီ.. ဒီအချိန်မှာ ဦးမိုးယံ အိမ်မှာ မရှိလောက်....။ ကျွန်တော် အရဲစွန့်ပြီး ခေါ်လိုက်တယ်...။

"ဟဲလို..."

ကျွန်တော့်နားထဲ သကြားရည်လောင်းထည့်လိုက်သလိုပဲ... ၂ လကျော် လွမ်းနေတဲ့ အသံလေ...

"လပြည့်... ငါ လမင်း...."
"ဟာ.... ချစ်.... တော်သေးတာပေါ့ အိမ်မှာ ဘယ်သူမှ မရှိလို့... လွမ်းလိုက်တာကွာ... ငါ မင်း ဖုန်း မဆက်တော့ဘူးမှတ်နေတာ... ငါဒီမှာ အကျယ်ချုပ်ကျနေတယ်ကွ... ဘယ်မှလည်း မသွားချင်လို့ အိမ်မှာပဲ နေနေတာ.. ရန်ကုန်က ပြန်ရောက်ကတည်းကပဲ... "
"ငါလည်း ဘာထူးလဲ ကွာ.. ဒီမှာ ငါ အလုပ်နဲ့ ထောင်ဒဏ် ကျနေသလိုပဲ... မင်းကို နေ့တိုင်းလွမ်းနေတာ.. မန္တလေးက ဖုန်းကို ငါမှ မသိတာ.. ခုတောင် ငါ အဖေအလစ်မှာ သူ့ဖုန်းစာအုပ်ကို ရှာရင်းတွေ့လို့... လပြည့်... မင်းကို လွမ်းတယ်ကွာ.. အရမ်းတွေ့ချင်တယ်ကွာ... ငါရူးတော့မယ်ကွာ..."
"ငါ တို့ ဘယ်လို လုပ်ကြမလဲ လမင်းရာ.. ငါ လည်း မင်းကို တွေ့ချင်တယ်.. ဒီနှစ်သင်္ကြန်တော့ တော်တော် စိတ်ညစ်ဖို့ကောင်းမှာ.. ငါ တစ်ယောက်တည်း ဘယ်လို ဖြတ်သန်းရမယ်တောင် မသိဘူး... "
"သင်္ကြန်ဆိုလို့ သင်္ကြန် ငါ ရန်ကုန်မှာ ရှိမယ်... လကုန်ခါနီးမှ မော်လမြိုင် ပြန်လာရမယ်... ငါ အဆင်ပြေတိုင်း ဖုန်းခေါ်လိုက်မယ်..."
"အေး.. လမင်း.. အခု နည်းနည်း အလွမ်းပြေသွားပြီ... ဟော.. ကားသံ ကြားတယ်...ပြန်လာကြပြီ ထင်တယ်.. ဖုန်းချလိုက်တော့မယ်.. ချစ်တယ်.. အရမ်းချစ်တယ်..."
"အေး.. ချစ်တယ်.."

ကျွန်တော်တို့ ဖုံးပြောပြီးတော့ ရင်ထဲမှာ ကြည်နူးမှု တစ်ဝက်.. လွမ်းဆွေးမှု တစ်ဝက်နဲ့ ပြည့်နေခဲ့တယ်... နောက်တစ်ပတ်လောက်အကြာ သင်္ကြန်မကျခင် ၄ ရက်လောက် အလို ကျွန်တော်တို့တွေ ရန်ကုန် ပြန်ခဲ့တယ်...။ အမေကတော့ ကျွန်တော့်ကို အရမ်းဂရုစိုက်နေခဲ့တယ်..။ ကျွန်တော်လည်း အိမ်ထဲမှာပဲ အနေများခဲ့တယ်...။ စာအုပ်ဆိုင် အခွေဆိုင်လောက်ပဲ အပြင်ထွက်ခဲ့တယ်... သင်္ကြန်ရက်တွေမှာတော့ မဏ္ဍပ်ထိုင်ဖြစ်တယ်.. ဒါပေမယ့် စိတ်ကတော့ ရန်ကုန်မှာ မဟုတ်.. မန္တလေးမှာ.. ညီတွေနဲ့လည်း လည်ဖြစ်ခဲ့တယ်... ညဘက် အိမ်ပြန်ရောက်တော့ ဗွီဒီယို ကြည့်.. ဒီလိုနဲ့ သင်္ကြန်တစ်ပတ် ကုန်ခဲ့တယ်... လပြည့်မောင် ဖုန်းမဆက်ဖြစ်... ကျွန်တော်လည်း အခွင့်အရေးမရ... နှစ်ဆန်း နှစ်ရက်နေ့ စာအုပ်ဆိုင်တွေ အခွေဆိုင်တွေ ပြန်ဖွင့်တော့ ကျွန်တော် လည်း ငှားထားတဲ့ စာအုပ်တွေ အခွေတွေ ပြန်အပ်ဖို့ ညစာစားပြီးတော့ ထွက်ခဲ့တယ်... လမ်းထိပ်ရောက်တော့ ကားတစ်စီးက ကျွန်တော့်ကို မီး မျက်တောင်ခတ်ပြတယ်... စိတ်ထဲမှာတစ်မျိုးဖြစ်သွားတယ်...

"ဟိတ်..."
"......................"
"အံ့ဩနေတာလား..."
"လပြည့်.. ဘယ်လို ဒီကိုရောက်လာတာလဲ... "
"ဘာမှ မေးမနေနဲ့.. လာလိုက်ခဲ့တော့.. ငါတို့ စွန့်စားကြမယ်... လမ်းရောက်မှ ငါ ရှင်းပြမယ်.."
"ဘယ်သွားမှာလဲ..."
"အားလုံးနဲ့ ဝေးတဲ့နေရာ... လိုက်မှာလား.."
"လိုက်မယ်..ခဏနေဦး.. ငါပိုက်ဆံနဲ့ မှတ်ပုံတင် ပြန်ယူလိုက်ဦးမယ်..."
"အာ.. လုပ်မနေနဲ့တော့.. လိုက်ခဲ့..."
"မရပါဘူး... ၅ မိနစ်ပဲစောင့်နေ.. ငါပြန်လာခဲ့မယ်.."

ကျွန်တော်လဲ အပြေးအလွှား အိမ်ပြန်.. အိမ်ရောက်တော့ အမေနဲ့ အဖေ ဘုရားရှိခိုးနေကြပြီ.. ကျွန်တော်လည်း အခန်းထဲဝင်ပြီ မှတ်ပုံတင်နဲ့ စုထားတဲ့ ပိုက်ဆံရယ် ဘဏ်စာအုပ်ရယ် ယူပြီး ညီတွေကို နှုတ်ဆက်ပြီး ထွက်ခဲ့တယ်..။ ကျွန်တော်ရောက်တော့ သူက စိတ်အရမ်းစောနေတယ်..။ ကျွန်တော်တို့နှစ်ယောက် ကားကို ရန်ကုန် မန္တလေးလမ်းဘက်ကို ဦးတည်လိုက်တယ်...။ သူရော ကျွန်တော်ပါ ပျော်နေခဲ့ကြတယ်...။ ကားမောင်းရင်းနဲ့ တစ်ယောက်လက် တစ်ယောက် ကိုင်ထားကြတယ်..။ ကားကို ပုံမှန် အရှိန်လေးနဲ့ မောင်းလာကြတယ်... လမ်းမှာလည်း ဘယ်လောက်လွမ်းတဲ့ အကြောင်း.. ဘာတွေဖြစ်ကြတယ်ဆိုတဲ့ အကြောင်း စကားတပြောပြောနဲ့ နောက်လိုက် ပြောင်လိုက် နဲ့ ကြည်နူးနေခဲ့ကြတယ်... ကျွန်တော်တို့ ပဲခူးကိုရောက်တော့ ည ၉ နာရီထိုးနေပြီ...။ လဘက်ရည်သောက်နားကြတယ်..။ သူ အိမ်ကနေ ကျောက်ဆည်ကို ခဏဆိုပြီး သူငယ်ချင်းတွေနဲ့ ထွက်ခဲ့တဲ့ အကြောင်း.. လေဆိပ်မှာ ဂိုးရှိုးလက်မှတ်နဲ့ ရန်ကုန်ကို လစ်လာတဲ့အကြောင်း ကားကလည်း သူ့ သူငယ်ချင်း တစ်ယောက်အကူအညီ နဲ့ ငှားခဲ့တဲ့ အကြောင်း တသီကြီး ပြောနေလေရဲ့... ကျွန်တော်က ဘယ်လိုပြောပြီး ကားကို ငှားတာလဲလို့ မေးတော့ မိန်းမ ခိုးမလို့ ဆိုပြီး ငှားလာတာတဲ့...။

"အန်.. ဒါဆို ငါ က မင်းခိုးမယ့် မိန်းမပေါ့.."
"ဟုတ်တယ်လေ.. မင်း ငါ့မိန်းမလုပ်ပေါ့. ငါ ရှာကျွေးမှာပါ.... သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမှာပါ..."
"အာ.. တော်ပါကွာ... ဒါနဲ့ ခု ငါတို့ ဘယ်ကို သွားမှာလဲ..."
" တာချီလိတ်ဘက်ကနေ ယိုးဒယားကို ကူးမယ်လေ... ဟိုမှာ ငါ ၁ဝ တန်း တုန်းက ဘော်ဒါကလည်း မင်းနဲ့ ငါ့လိုပဲ.. သူ့ကောင်လေး နဲ့ တူတူနေနေတယ်... ငါ ဆက်သွယ်ပြီး အကူအညီ တောင်းတော့ လာခဲ့တဲ့... ကူညီမယ်တဲ့... ငါတို့ သွားကြမယ်.. ဒီကို ပြန်မလာတော့ဘူးနော်..."
"လပြည့်ရယ်.. မင်း အဲလောက်ထိ စွန့်စားမယ်လို့ ငါ မထင်ထားဘူး..."
ဘာလဲ.. မင်း မလိုက်ရဲဘူးလား.."
"မဟုတ်ပါဘူးကွာ.. မင်းသာ အနားမှာ ရှိရင် ဘယ်ပဲ သွားရ သွားရ ငါလိုက်မယ်..။"
"လမင်း... ချစ်တယ်ကွာ.."

ကျွန်တော် သူ့ကို ပြုံးပြီး ကြည့်နေလိုက်တယ်... ခုကြတော့ သူက တကယ့် လူကြီးလိုပဲ... ကျွန်တော်တို့ ကား ဆီဖြည့်.. လေစစ်ပြီး ပဲခူးက ဆက်ထွက်ခဲ့ကြတယ်... ကျွန်တော်တို့ သီချင်းတအေးအေးနဲ့ မောင်းလာကြတယ်... ည ၁၂ နာရီလောက် ကျွန်တော်တို့ ညောင်လေးပင်ရောက်တယ်...

"ညောင်းလိုက်တာကွာ..."
"လပြည့် ငါမောင်းမယ်လေ.. မင်း ခရီးဝေးမမောင်းဖူးဘူးလား.."
"ဘယ်လိုလို့ မောင်းဖူးမှာလဲ... မင်းကို ချစ်လို့ ငါ မောင်းတာ.. မင်းရော မောင်းဖူးလား.."
"ခရီးဝေးဆိုလို့ သန်လျင်လောက်ပဲ မောင်းဖူးတာ..."
"ကောင်းရော.. ငါပဲ မောင်းတော့မယ်... တခုခုစားရအောင်လေ... ငါ ဗိုက်ဆာလာပြီ.."
"အင်း ကောင်းတယ်.. နားတာပေါ့.. မင်း အရမ်းပင်ပန်းနေရင် ငါတို့ တည်းဖိုခန်း တစ်ခုခုမှာ နားမယ်လေ... မနက်မှ ထသွားကြမယ်.."
"မနားပါဘူး... ရန်ကုန်နဲ့ မဝေးသေးဘူး... လိုက်လာရင် မီနိုင်တယ်... ငါတို့ တောင်ကြီးရောက်မှ နားမယ်...။"
"ဟာ... အဝေးကြီးဟာကို တောင်ကြီးရောက်မှဆို မင်း မောင်းနိုင်မယ် မထင်ဘူး... သာစည်လောက်မှာ တစ်နေ့လောက် နားမယ်ကွာ... မင်း တောင်တက်ခရီးမောင်းရမှာနော်..."
"ရတယ်.. ငါ မောင်းနိုင်တယ်... ပြင်ဦးလွင်ကို ငါမောင်နေကျ..."
"အာ.. မတူဘူးလေ.."
"လမင်း.. မင်း တော်တော် စကားများတယ်နော်... ငါ မောင်းနိုင်တယ်ဆို မောင်းနိုင်တယ်... လျှာမရှည်နဲ့.."
"ပြီးရော.. နောက်ဘယ်တော့မှ အဲဒီရှည်တဲ့ လျှာကို မသုံးတော့ဘူး.."
" အာ... ချစ်ကလဲ စိတ်မဆိုးပါနဲ့ကွာ... ကဲ ဒီမှာ တခုခု စားရအောင်ကွာ..."

ကျွန်တော်တို့ မြို့အထွက်နားက ရွှေဟင်္သာ ဆိုင်မှာ ထမင်းကြော် စားကြတယ်... ခဏနားပြီး ဆက်ထွက်တော့ ည ၁ နာရီ ထိုးတော့မယ်.... စကား တပြောပြောနဲ့ မောင်းလာလိုက်တာ.. ကြည်နူးမှုတွေနဲ့ပေါ့ဗျာ... လမ်းတစ်နေရာရောက်တော့ ကုန်ကားကြီးတွေ တန်းစီပြီး တရွေ့ရွေ့ သွားနေကြတယ်... လမ်းချဲ့နေတော့ ဖြေးဖြေးချင်းမောင်းနေကြတယ်...။

"ကျော်လိုက်မယ်ကွာ.. မဟုတ်ရင် မိုးလင်းသွားလိမ့်မယ်..."
"နေဦး လပြည့်.. ဘေးမှာ လမ်းချဲ့နေတယ်ကွ.. ရှေ့က ကားလာရင် ကျော်ဖို့မလွယ်ဘူး..."
"ရပါတယ်... ငါသိပါတယ်..."

သူပြောပြောဆိုဆို ကားကို လမ်းပေါ်တင်လိုက်တယ်.. အရှိန်မြင့်လိုက်ပြီး သူ ကားကြီး တွေကို ကျော်လိုက်တယ်... ရှေ့ဆုံးကားကို မရောက်ခင် မျက်နှာချင်းဆိုင်က ကားတစ်စီး အရှိန်နဲ့ မောင်းလာတာတွေ့တော့ သူကားကို ချဲ့ထားတဲ့ လမ်းပုခုံးပေါ်ကို ဆွဲချလိုက်တယ်... ကားက မြေပျော့ကို နင်းမိတယ်ထင်တယ်.. အရှိန်နဲ့ အတူ ကားက လမ်းအောက်နားက ကျောက်ပုံဆီကို ဦးတည်မိသားဖြစ်သွားတယ်...

"လပြည့်..... ဖြေးဖြေး.."

"ဝုန်း.."

ကျွန်တော် ခေါင်းကို တစုံတစ်ခုနဲ့ အပြင်းအထန် ဆောင့်မိပြီးနောက်ပိုင်း ကျွန်တော် လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတယ်....

"သား.. လမင်း... "

အမေ့ခေါ်သံကြားလိုက်ရတယ်... မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တယ်... တကိုယ်လုံးနာကျင်နေတယ်...

"သား ... သတိရပြီလား..."
"ကျွန်တော်တို့ ဘာဖြစ်သွားတာလဲ..."
"သားခု ညောင်လေးပင်က ဆေးရုံမှာ.. "
"လပြည့်ရော... လပြည့်... သူ ဘာဖြစ်သွားသေးလဲ..."
" သား... သူ ဘာမှ မဖြစ်ဘူး.. အေးဆေးနားလိုက်ဦး.."
"အာ. ဘာလို့ ဘာမှ မဖြစ်ရမှာလဲ... သူ့ဘက်ကို မှောက်တာလေ... ပြောပါ.. သူ ဘာဖြစ်သွားတာလဲ..."
".................................."
"ပြောပါ...အမေ... သူ ဘာဖြစ်သွားလဲ..."
"သား... စိတ်မကောင်းမဖြစ်ပါနဲနော်... စိတ်ခိုင်ခိုင်ထား... သူ ဆုံးသွားပြီ..."
"ဗျာ... ဘယ်လို.."
"ဟုတ်တယ်သား.. အပြင်ဒဏ်ရာက မပြင်းဘူး.. ဒါပေမယ့် နံရိုးကျိုးပြီး အသည်းမှာ သွားစိုက်လို့ ဆေးရုံအရောက်မှာ ဆုံးသွားတယ်... ခု သူ့ကို ရန်ကုန် ပြန်သယ်ဖို့ လုပ်နေကြတယ်..."

ကျွန်တော် ကြိုးစားပြီး ထထိုင်လိုက်တယ်... ခေါင်းမူးနေတာနဲ့ ချက်ချင်းထမရဘူး... အဖေက ထူပေးတယ်...။

"သား သူ့ကို သွားကြည့်မယ်.. လိုက်ပို့ပေးပါ.."

အဖေက ဒီတခါ ဘာမှ မပြောတော့... တွန်းလှည်းတစ်စီး သွားယူလာပြီး ကျွန်တော့်ကို ပွေ့တင်ပြီး လိုက်ပို့ပေးတယ်... ကျွန်တော့်နဲ့ တခန်းကျော်မှာ သူ့ကို တွေ့ရတယ်... သူ ငြိမ်သက်စွာ လဲလျောင်းနေတယ်... ကျွန်တော့်ကို တွေ့တော့ သူ့အမေ ငိုချလိုက်တယ်... ကျွန်တော် သူ့နားရောက်အောင် အဖေက လိုက်ပို့ပေးတယ်... ကျွန်တော် သူ့လက်ကလေးကို ကိုင်လိုက်တယ်... လွန်ခဲ့တဲ့ နာရီ အနည်းငယ်က နွေးထွေးနေတဲ့ လက်ကလေးက ခုတော့ အေးစက်နေပြီ... တတွတ်တွတ် ပြောနေခဲ့တဲ့ နှုတ်ခမ်းကလည်း လှုပ်ရှားမှု မဲ့နေခဲ့ပြီ...။ ကျွန်တော် ငိုချလိုက်တယ်...။ ဝမ်းအနည်းဆုံး.. အကြေကွဲဆုံး ငိုကျွေးမှုမျိုးနဲ့ ကျွန်တော် ငိုမိတယ်...

"လပြည့်ရယ်... မင်း ငါ့ကို ထားခဲ့ပြီး အဝေးဆုံးခရီးကို ငါမပါဘဲ မင်းထွက်သွားပြီ.. မင်းရဲ့ အချစ်တွေကို ငါ့အတွက်ထားခဲ့ပြီး မင်းက အနားမှာမရှိတော့ဘူး... မင်း ငါ့စကားကို နားထောင်သင့်တယ်... ငါတို့ နားလိုက်ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး..."

ကျွန်တော် တစ်ယောက်တည်း ပြောပြီး ငိုနေမိတယ်...။ နောက်နေ့ ညနေပဲ ကျွန်တော်ကို ရန်ကုန်ကို ပြန်ခေါ်ခဲ့တယ်...။ သူ့ဈာပန ကို ကျွန်တော် သွားခဲ့တယ်...။ အချစ်ကြီး ချစ်ခဲ့တဲ့ ချစ်သူရဲ့ နောက်ဆုံးခရီးကို ကျွန်တော် လိုက်ပို့ခဲ့တယ်...။ သူ့ရုပ်ကလာပ်မှာ လွမ်းထားတဲ့ အဝတ်က ကျွန်တော်နဲ့ ပထမဆုံးအကြိမ် ဝယ်ခဲ့တဲ့ အကျီင်္နဲ့ ဘောင်းဘီ... အဲဒီနေ့က ကျွန်တော်လည်း အဲဒါကိုပဲ ဝတ်ချင်တာနဲ့ ဝတ်သွားလိုက်တယ်... သူကလေ.. ပန်းတွေ ကြားထဲမှာ လှနေတာ... ပန်းခြင်းတွေကလည်း ပြည့်နေတာပဲဗျာ... ကျွန်တော် သူ့လက်ကို ကိုင်လိုက်တယ်.. လက်မှာ လက်စွပ်လေး ရှိသေးတယ်.. ကျွန်တော် သူ့မိဘများကို ခွင့်တောင်ပြီး.. လက်စွပ်ကလေးကို ချွတ်ယူလိုက်တယ်... နောက်ဆုံးအမှတ်တရ အဖြစ်နဲ့ ကျွန်တော့်လက်စွပ်ကလေးနဲ့ အတူ သိမ်းထားဖို့လေ...။ နောက်တော့ သူ့ကို မီးသဂြိုလ်ဖို့ သယ်သွားကြတယ်... ကျွန်တော့်ရင်ထဲမှာလေ... ပြောပြလို့ မတတ်နိုင်တဲ့ ခံစားချက်မျိုး ခံစားနေရတယ်....။ ကောင်းကင်ကို လွင့်တက်သွားတဲ့ မီးခိုးတွေနဲ့အတူ သူပြုံးနေကျ အပြုံးနဲ့ သူ့မျက်နှာကို ကျွန်တော် မြင်လိုက်ရတယ်... နားထဲမှာလည်း...

"လမင်းရေ... ကံမဆုံလို့ ခွဲရပေမယ့် နောင် ဘယ်ဘဝရောက်ရောက် မင်းကို စောင့်နေမယ်.." ဆိုတဲ့ သူ့အသံကို ကြားလိုက်မိတယ်... .

ကျွန်တော် ကောင်းကင်ကြီးကို မော့ကြည့်နေတာ ဘယ်လောက်ကြာသွားတယ် မသိ...။ ဦးမိုးယံ နဲ့ ကျွန်တော် မိဘတွေ လာခေါ်မှ ကျွန်တော် သတိပြန်ဝင်တယ်...။

"သား.. ပြန်ကြရအောင်နော်.. မိုးချုပ်တော့မယ်... သားတို့ သံယောဇဉ်ကို ဦးတို့ နားလည်လိုက်ပါပြီ... သားရယ်... နောင်ဘဝဆိုတာ ရှိခဲ့ရင် ဒီလိုမျိုး မကြုံရအောင် ဆုတောင်းနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူးလေ..ကွယ်.."

ကျွန်တော် အဖေ့ကို ဖက်ပြီး အားရအောင် ငိုလိုက်တယ်...

ကျွန်တော် အိမ်ပြန်ရောက်တော့ ကျွန်တော် ဝရန်တာကနေ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်... မြေပြင်မှာ လမပြည့်တော့ပေမယ့် ကောင်းကင်မှာတော့ တန်ခူးလရဲ့ လမင်းကြီးက အပြည့်အဝ သာနေလေရဲ့... ကောင်းကင်က လမင်းက သူ့အချိန်နဲ့သူ ပြည့်လိုက် ကွယ်လိုက်ဖြစ်ရင်ဖြစ်မယ်.. ကျွန်တော့်ရင်ထဲက လပြည့်ကတော့ ကျွန်တော်လမင်း ကွယ်တဲ့ အချိန်ထိ အမြဲတမ်း ပြည့်နေမှာဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်တော့ပါဘူး..ဗျာ..။ ။

888888

ကျွန်တော့်ပါးပြင် ပူနွေးမှုနဲ့ အတူ ကျွန်တော် ပစ္စုပ္ပန်ကို ပြန်ရောက်လာတယ်... သောကြာကြယ်တောင် အမြီးထောင်နေပြီပေါ့... ပြန်ရတော့မယ်...

"လပြည့်ရယ်... ဖြစ်လေရာ ဘဝမှာ ငါတို့ အမြဲတမ်းချစ်သူတွေ ဖြစ်နိုင်ပါစေ... ချစ်ပြီးရင်လည်း ပေါင်းဆုံနိုင်ပါစေ... သံသရာမှာ ပြန်ဆုံခွင့်တော့ ငါ မျှော်လင့်တယ်..ကွာ..."


-------------------------------------

ပြီးပါပြီ....

ချစ်သူတိုင်း ဆုံစည်းနိုင်ပါစေ..

Monday, October 12, 2009

လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (၆)

“လမင်း..... လမင်း..”
“အန်... အင်း.. ဘာလဲ..”
“ထတော့လေ.. မနက် ၇ နာရီးထိုးနေပြီ.. မင်း အိမ်ပြန်ရဦးမယ်လေ...”

ကျွန်တော်ကို နှိုးနေသူက လပြည့်... ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်တယ်.. သူက မျက်နှာသစ်.. ကိုယ်လက်သန့်စင်ပြီးလို့ အဝတ်အစားတောင် လဲပြီးပြီ...။

“လမင်းတို့ အအိပ်ကြီးတာ ခုမှ ပဲ သိတော့တယ်...”

ကျွန်တော် ဘာမှ မပြော.. ရေချိုးခန်းရှိရာ ဆီသို့ လျှောက်ခဲ့တယ်..။ သူက နောက်ကလိုက်လာပြီး ကျွန်တော့် ခါးကို ဖက်လိုက်တယ်..။ ပြီးတော့... ကျွန်တော့်လည်တိုင်ကို နမ်းလိုက်တယ်..။

“ချစ်တယ်..” တဲ့ နားနားကပ်ပြောလိုက်သေးတယ်..။

“ငါ မင်းအတွက် သွားတိုက်တံ ထုတ်ထားပေးတယ်..။ မျက်နှာသုတ်ပဝါလည်း အသစ်ပဲ..။ မျက်နှာမြန်မြန်သစ် ပြီးရင် အပြင်မှာ Breakfast စားမယ်..။ ”

သူက ပြောပြောဆိုဆို လှည့်ထွက်သွားတယ်..။ ကျွန်တော်လည်း ရေချိုးခန်းမှာ ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်ခဲ့လိုက်တယ်..။

“ရော့ အကျီင်္လဲ... ဒီမှာ မင်းအဝတ်အစားတွေ ငါလျှော်ပြီး သိမ်းထားတာ..။”

ကျွန်တော်ကြည့်လိုက်တော့ သူအဝတ်အစားဝယ်ပေးတဲ့နေ့က ကျွန်တော် သူ့ကားပေါ်မှာ ကျန်ခဲ့တဲ့ အဝတ်အစားတွေ..။ ကျွန်တော်လည်း အဲဒီအကျီင်္တွေကိုပဲ မက်မောစွာ ပြန်ဝတ်လိုက်တယ်..။ ကျွန်တော်တို့ အခန်းထဲက မထွက်ခင် သူကျွန်တော့် ခါးကို ဖက်ပြီး အနမ်းမိုးတွေ ရွာလိုက်သေးတယ်..။ ပြီးတော့ ကျွန်တော်တို့ထွက်ခဲ့ကြတယ်...။ မနက်စာကိုတော့ ကန်ရိပ်သာလမ်းထဲက IT လဘက်ရည်ဆိုင်မှာ စားဖြစ်တယ်..။ သူက မန္တလေးသား ပီပီ နန်းကြီးသုတ်မှာစားတယ်.. ကျွန်တော်ကတော့ ခေါက်ဆွဲပြားသုတ်စားတယ်...။ စားသောက်ပြီးတော့ ကျွန်တော့်ကို အိမ်လိုက်ပို့တယ်..။ လမ်းမှာ သူက

“လမင်း... ညက ငါ အရမ်းပျော်တယ်... ငါဘဝမှာ မနေ့က မွေးနေ့က အပျော်ဆုံးပဲ...”
“လပြည့် မှားနေပြီ.. မနေ့ က ငါ့မွေးနေ့လေ.. ဒီနေ့မှ မင်းမွေးနေ့..”
“အော်.. ဟီ..ဟိ ဟုတ်သား... ဘာဖြစ်ဖြစ်.. ငါပျော်တယ်ကွာ..။ ဒါပဲ... လျှာရှည်တယ်.။ ”

ကျွန်တော် ပြုံးမိတယ်... ကလေးတစ်ယောက်လို ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်တတ်တဲ့ သူ့ကို ကျွန်တော်ဘဝရဲ့ ပထမဆုံးချစ်သူအဖြစ် ချစ်ခဲ့မိတယ်....။ ညက ကျွန်တော့်ကို သူဖက်အိပ်ထားတဲ့အတွက် ကျွန်တော့်ကိုယ်ပေါ်မှာ သူ့ကိုယ်နံ့လေးကို ပြန်ခံစားနေမိတယ်...။ ကျွန်တော်ဘဝမှာ မနေ့က မွေးနေ့က စိတ်ကူးယဉ်အဆန်ဆုံးနဲ့ အမှတ်တရ အဖြစ်ဆုံး...။ ကျွန်တော် သူ့ကို အမှတ်တရ လက်ဆောင် ပေးရဦးမည်..။

“လမင်း.. ဘာတွေ ပြုံးနေတာလဲ...”
“ညက အကြောင်းတွေးမိလို့ပါ...”

သူဘာမှ မပြော.. ကားကို ဂရုစိုက်မောင်းရင်း ဥက္ကလာလမ်းဘက်ကို ကွေ့လိုက်တယ်..။ ဂေါက်ကလပ်နားရောက်တော့ ကားကို လမ်းဘေး တစ်နေရာမှာ ရပ်လိုက်တယ်...။

“လမင်း.... ငါတို့ ခု ချစ်သူတွေနော်...”
“အင်းလေ.. ဘာဖြစ်လို့လဲ..”
“ငါအရင်က မိန်းကလေး တစ်ယောက်ကို ချစ်ခဲ့တယ်..။ ချစ်သူတွေလည်း ဖြစ်ခဲ့တယ်..။ ဒါပေမယ့် ခု ငါစိတ်ချမ်းသာသလိုမျိုး ပျော်သလိုမျိုး မပျော်ခဲ့ရဘူး..။ ငါ မင်းကို စတွေ့ကတည်းက ခင်ချင်ခဲ့တယ်.. မင်းနဲ့ ခင်ပြီးနောက်ပိုင် ရင်နှီးချင်ခဲ့တယ်..။ ရင်နှီးပြီးနောက်ပိုင်း မင်းကို ငါချစ်သွားတယ်...။”
“လမင်း.... ငါ မင်းကို တသက်လုံးချစ်သွားမယ်...။ ငါကတိပေးတယ်... မင်းက ငါဘဝရဲ့ ရည်းစားဦး မဖြစ်ခဲ့ပေမယ့်.. နောက်ဆုံးချစ်သူ ဖြစ်စေရမယ်..။”

သူ့စကားကို ကျွန်တော် ကြည်နူးပေမယ့် စိတ်ထဲမှာတော့ တချက် နင့်သွားတယ်..။ ကျွန်တော်တွေးမိတယ်.. ချစ်လို့ပဲနေမှာပါ..။

“လပြည့်.. ငါလည်း မင်းကို ချစ်တယ်.......။ မင်းက ငါ့ဘဝရဲ့ ပထမဆုံး ချစ်သူပဲ..။ ငါလည်း ကတိပေးတယ်...။ မင်းနဲ့ ငါ အသက်ရှင်နေသရွေ့ အမြဲချစ်သွားမယ်...”
“နောက်ဘဝအထိရော ချစ်မှာလား...”
“မင်းသာ ငါ့နားမှာရှိနေရင် ဘယ်ဘဝရောက်ရောက် ချစ်နေမယ်... ကျေနပ်ပြီးလား...”
“ဟား..ဟား.. ဒါမှ ငါ့ရည်းစားကွ...”

ပြောရင်းဆိုရင်းနဲ့ ကျွန်တော့်ပါးကို နမ်းဖြစ်အောင် နမ်းလိုက်သေးတယ်... တော်သေးတာပေါ့ လမ်းမှာ ဘယ်သူမှ မရှိလို့...။ ကျွန်တော်တို့ ဆက်ထွက်ခဲ့ကြတယ်..။ အိမ်ရောက်တော့ မနက် ၁ဝ နာရီထိုးနေပြီ.. အမေက နောက်ဖေးမှာ ထမင်း ဟင်းချက်လို့ပေါ့...။

“မေကြီး သား ပြန်ရောက်ပြီ...”
“အော်.. မောင်လပြည့်လဲ ပါလာတာကိုး.. ထမင်းစားပြီးမှ ပြန်ကွယ်... နေ့လည်စာ နီးနေပြီ..”
“ဟုတ်.. ကျွန်တော် အမေချက်တာ စားပြီးမှာ ပြန်မယ်...”
“အန်... ဘယ်လို.. အော် အေးအေး.. ”

အမေနည်းနည်းကြောင်သွားတယ်... ကျွန်တော်လည်း ရုတ်တရက် ဘာပြောရမှန်းမသိ...

“အန်တီ နဲ့ ကျွန်တော့် အမေက အသက်ခြင်းတူတူလောက်ပဲ... အမေက မမာတော့ အမေချက်တဲ့ ဟင်း မစားရတာ ကြာပြီ အန်တီရဲ့.. ခု အန်တီက လမင်း အမေဆိုတော့ ကျွန်တော့် အမေလို့ပဲ သဘောထားမယ်နော်..”
“ရပါတယ်..သားရယ်... ”

လပြည့်မောင် အမှတ်ယူလိုက်ပြီ..။ အညာသားလို့ မပြောရဘူး.. စကားတော်တော် တတ်..။ ကျွန်တော် သူ့ကို ကျွန်တော့် အခန်းထဲ ခေါ်သွားလိုက်တယ်..။ ကျွန်တော် အဝတ်အစားလဲပြီးချိန်မှာ သူကလည်း အဝတ်လဲမယ်တဲ့..။ ကျွန်တော့်အဝတ်တစ်စုံ ထုတ်ပေးလိုက်တယ်..။

“လမင်း.. ဟိုဘက်လှည့်.. လာမကြည့်နဲ့..”
“အောင်မာ.. လာလာချည်းသေး... မင်းက အတင်းခေါ်ရင်တောင် လာသေးဘူး...”

သူကပဲ ရှက်နေသေးတယ်...။ ကျွန်တော်တို့ အဝတ်လဲပြီး အမေရှိရာ မီးဖိုးခန်းဘက်ထွက်ခဲ့တယ်..။ အမေက ဝက်အူချိုချက်မလို့ ပြင်နေတယ်..။ ငါးလည်း ကြော်မယ်တဲ့...။ ချဉ်ပေါင်ကို ချဉ်ဟင်းချက်ဦးမယ်...။ ကျွန်တော် အမေ့ကို ဝိုင်းကူတော့ သူကလည်း ကူမယ်တဲ့.. အဲဒါနဲ့ ကျွန်တော်နဲ့ သူ ကြက်သွန် အခွံသင် လှီးဖို့ပြင်တော့.. သူ ကြက်သွန်းလှီးမယ်တဲ့.. ကျွန်တော် သူ့ကို ယုံလိုက်မိတယ်..... အဲဒီနေ့က လူ လက်ညှိုးဟင်းပါ စားရတော့မလို့...။

နေ့ခင်း ၁၂ နာရီလောက်ကျတော့ ထမင်းစားကြတော့ ညီတွေလည်း ပြန်ရောက်နေတာမို့ အားလုံးတူတူ စားကြတယ်... သူက အမေ့ကို စားဦးခပ်ပေးသေးတယ်... ပြီးတော့ ကျွန်တော့်ကို ထည့်ပေးတယ်..။ အဲဒီနေ့က သူကျွန်တော့် မိသားစုကို စည်းရုံးနိုင်ခဲ့တယ်..။ ထမင်းစားပြီးတော့ ကျွန်တော်တို့တွေ ရုပ်ရှင်တူတူ ကြည့်ကြတယ်..။ သူ တစ်နေလုံး အိမ်မှာ နေသွားတယ်..။ ညနေလောက်ရောက်တော့မှ...

“လမင်း.. ငါအိမ်ကို ဖုန်းခေါ်ဖို့ မေ့နေတယ်...”
“မင်း အိမ်မှာ မှ လူမရှိတာ..”
“မဟုတ်ဘူး... မန္တလေးအိမ်ကို..”
“ဟာ... ဟုတ်သားပဲ... မွေးနေ့မှာ မိဘဆီကို မခေါ်ဘဲ နေနိုင်တယ်နော်..”

သူက အနားကပ်ပြီး တိုးတိုးလေးပြော လိုက်တယ်..

“ငါ့ဘေးမှာ မင်းရှိနေရင် ဘာမှ မလိုတော့ဘူး...” တဲ့....။

သူအိမ်နဲ့ ဖုန်းပြောပြီး ညနေတော်တော်စောင်းမှ သူပြန်သွားတယ်...။ သူပြန်သွားတော့မှ အမေက ကျွန်တော့်ကို သူ့အကြောင်းတွေ မေးတယ်...။ ကျွန်တော် သိသလောက်ပြောလိုက်တယ်... နောက်တော့မှ သူ့အဖေက ကျွန်တော်အဖေနဲ့ အတူ အလုပ်တွေ တွဲလုပ်နေတဲ့ ကုမ္ပဏီပိုင်ရှင်မှန်းသိတော့တယ်...။ ညဘက် သူဖုန်းဆက်တော့ ပြောပြလိုက်တယ်..။ သူတော်တော် ဝမ်းသာသွားတယ်..။ သူလည်း အိမ်မှာ တခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ရသွားတယ်...။ နောက်တစ်ပတ် သူ့အဖေ ရန်ကုန်ရောက်လာတော့ ကျွန်တော်တို့မိသားစုကို ထမင်းဖိတ်ကျွေးတယ်..။ ကျွန်တော်တို့ အဖေတွေက စီးပွားရေး အကြောင်းပြောနေကြသလို အမေတွေကလည်း စပ်မိစပ်ရာ ပြောနေကြတယ်..။ တကယ်တော့ ကျွန်တော့် အဖေဟာ သူ့ အဖေကုမ္ပဏီရဲ့ အဆောက်အဦီးတွေမှာ ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းတွေကို ကန်ထရိုက်ယူထားတာလေ...။ ပြီးတော့ တချို့ စီမံကိန်းတွေမှာ အကျိုးတူ ရှယ်ယာမျိုးလုပ်ကြတယ်..။ ကျွန်တော်တို့ မိဘတွေ စကားပြောနေကြချိန်မှာ ကျွန်တော့် ညီတွေကို သူက Game ဆော့ဖို့ စည်းရုံးထားလိုက်တယ်..။ ပြီးတော့ သူ ကျွန်တော့်ကို ခြံထဲကို ခေါ်လာခဲ့တယ်...။

“ချစ်....”
“ဘယ်သူ့ကို ခေါ်တာလဲ..”
“မင်းကို ခေါ်တာလေ လမင်း..”
“အာ.. အဲလို မခေါ်နဲ့.. ငါ မနေတတ်ဘူး.. ပုံမှန်ပဲ ခေါ်ပါကွာ.”
“မင်းကလည်း ကဗျာမဆန်လိုက်တာ..”
“အဲလို မဟုတ်ဘူး. လပြည့်.. တစ်ယောက်ယောက်ကြားသွားရင် မကောင်းဘူးလေ...”
“ကဲပါ.. မင်းသဘော...”
“အင်း.. တကယ်တော့ တစ်ယောက်ကို တစ်ယောက် ဘယ်လိုခေါ်တယ် ဆိုတာထက် ချစ်နေဖို့ပဲ အရေးကြီးတယ်လေ..”
“အင်း.... အဲဒါ ဟုတ်တယ်..”

သူနဲ့ ကျွန်တော် ခြံထောင့်က ဒါန်းမှာ ထိုင်လိုက်ကြတယ်..။ ပြီးတော့ ကျွန်တော့်လက်ကို ကိုင်ထားတယ်..။

“လမင်း.. ဘာရေမွှေးသုံးတာလဲ... မင်းရဲ့ ရေမွှေးက အေးအေးလေးနဲ့ မွှေးတယ်နော်..”
“Cerrutti လေ.. ပြင်သစ်ရေမွှေး..”
“ကြိုက်တယ်.. မင်းအမြဲတမ်း သုံးတယ်နော်...”

သူက ကျွန်တော်နဲ့ တူတူရှိနေရင် နမ်းဖြစ်အောင် နမ်းမယ်များ သစ္စာ ဆိုထားသလား မသိဘူး.. ခုလည်း ပြောရင်နဲ့ကို နမ်းလိုက်တယ်..။ ပြီးတော့ ကျွန်တော့် ပုခုံးကို ဖက်ထားလိုက်သေးတယ်...။ ကျွန်တော်တို့ ဘာမှ မပြောကြဘဲ တစ်ယောက်ကို တစ်ယောက်မှီထားလိုက်တယ်..။ တော်တော်ကြာသွားတယ်... အိမ်ထဲက လူကြီးတွေ ထွက်လာမှ ကျွန်တော်တို့ ထလိုက်ကြတယ်...။ တော်သေးတာပေါ့ လူကြီးတွေ မမြင်လိုက်ဘူး...။

အဲဒီနောက်ပိုင်း ကျွန်တော်တို့တွေ နေ့တိုင်းလို တွေ့ဖြစ်ကြတယ်... သံယောဇဉ်ကလည်း တိုးသထက် တိုးလာကြတယ်..။ မတွေ့ဖြစ်ရင်တောင် ဖုန်းပြောဖြစ်ကြတယ်..။ ကျွန်တော် တက်တဲ့ သင်တန်းတိုင်းမှာ သူက ဘေးမှာ အမြဲရှိနေခဲ့တယ်..။ သွားလေရာ သူလိုက်တယ်...။ တတွဲတွဲနေခဲ့ကြတယ်...။ ဒီကြားထဲမှာ ကျွန်တော်တို့ နှစ်ယောက် ချစ်တယ်ဆိုတာထက် မပိုခဲ့ကြဘူး...။ လက်ကလေးကိုင်.. ပါးနမ်းလောက်ပဲ နေခဲ့ကြတယ်... ကျွန်တော်တို့နှစ်ယောက် လက်ထပ်တဲ့နေ့အထိပေါ့...။

ကျွန်တော်တို့ လက်ထပ်ခဲ့ကြတာ ကျွန်တော်တို့ ၁၈ နှစ်ပြည့်တဲ့ နေ့ပေါ့... သူနဲ့ ကျွန်တော် နှစ်ယောက် ငှားထားတဲ့ အိမ်လေးမှာပေါ့... အဲဒီအိမ်လေးကို ကျွန်တော်တို့ နှစ်ယောက်လွတ်လွတ်လပ်လပ် တွေ့လို့ရအောင် ငှားထားကြတာလေ... ညတော့ မအိပ်ကြပါဘူး...။ အဲဒီနေ့တော့ ကျွန်တော်တို့နှစ်ယောက်လုံး အိမ်မပြန်တဲ့ အကြောင်းပြောခဲ့ကြတယ်.. အားလုံးကလည်း တစ်ယောက်ယောက်ရဲ့ အိမ်မှာ ရှိမယ်လို့ပဲ ထင်ခဲ့ကြတယ်လေ..။

“အမေ.. သား ဒီနေ့ လပြည့်နဲ့ပဲ ရှိမယ်... ထုံးစံအတိုင်း သားမွေနေ့ပြီးရင် သူ့မွေးနေ့ဆက်လုပ်မှာမို့... သားကို မစောင့်နဲ့ အိပ်နှင့်နော်..အမေ...”
“အေး..အေး..”
လပြည့် ကျွန်တော့်ကို လာခေါ်တော့ နည်းနည်းနောက်ကျနေပြီ...။ ကျွန်တော်တို့ ညစာစားပြီးတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အိမ်ကလေးဘက်ကို ထွက်ခဲ့ကြပါတယ်..။ အိမ်ကိုရောက်တော့ အိမ်ထဲမှာ သူပြင်ဆင်ထားတာ တော်တော်လှတယ်...။ ဧည့်ခန်းထဲမှာ ဝိုင်နီ တစ်ပုလင်းပြင်ထားတယ်....။ သူက ညနေကတည်းက လာပြင်ထားတာတဲ့...။ ကျွန်တော်တို့တွေ အဝတ်လဲလိုက်ကြပြီး ဧည့်ခန်းထဲမှာ ထိုင်ပြီး ဝိုင်သောက်ကြတယ်..။ သီချင်း အေးအေးလေး ဖွင့်ထားပြီးတော့ တစ်ယောက်ကို တစ်ယောက်မှီပြီး ထိုင်ရင် ဝိုင်သောက်ခဲ့ကြတဲ့ အဲဒီနေ့က ကျွန်တော်တို့ နှစ်ယောက်အတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုပါပဲ...။

“လမင်း....” “ငါ မင်းကို အရမ်းချစ်တယ်..”
“ပြောစရာ မလိုပါဘူး လပြည့်ရယ်.. ကဲပြော ဒီနှစ် လက်ဆောင်က ဘာလဲ...”

သူထိုင်ရာက ရုတ်တရက်ထပြီး ဧည့်ခန်းထောင့်က ဗီရိုကို ဖွင့်လိုက်တယ်..ပြီးတော့ ကတ္တီပါ ဘူးတစ်ခုကို ယူလာတယ်..။ ပြီးတော့ ကျွန်တော့်ရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်..။

“လမင်း.... ငါ မင်းကို လက်ထပ်ပါရစေ...”

ကျွန်တော် ဘာပြောရမှန်း မသိအောင် ဖြစ်သွားတယ်... မထင်မှတ်တာတွေကို လပြည့် လုပ်တတ်မှန်း သိပေမယ့် ခုလိုမျိုးပြောလာလိမ့်မယ်လို့ လုံးဝ မထင်ခဲ့...။

“လမင်း... မင်းနဲ့ ဘဝကို ရင်ဆိုင်ဖို့ ငါ ဆုံးဖြတ်ပြီးပြီ... မင်းကို ငါလက်ထပ်ပါရစေ... ဒါဟာ ငါပေးတဲ့ မင်းအတွက် မွေးနေ့ လက်ဆောင် ပြီးတော့ မင်းဆီကနေ ငါပြန်တောင်းတဲ့ မွေးနေ့လက်ဆောင်ပဲ...”

ကျွန်တော် အံ့ဩမှုပေါင်းများစွာနဲ့ အတူ သူ့ကို သိုင်းဖက်လိုက်ပြီး...

“လပြည့် ငါ မင်းရဲ့ ဘေးမှာ ထာဝရ ရှိသွားမယ်...”

ပြီးတော့ သူကတ္တီပါဘူးကို ဖွင့်လိုက်တယ်... စိန်လက်စွပ်လေး နှစ်ကွင်း...။ မီးရောင်မှိန်မှိန်အောက်မှာ တောက်ပနေတယ်..။ သူ လက်စွပ်တစ်ကွင်းကို ကျွန်တော့်လက်မှာ ကြင်နာမှုတွေ နဲ့ အတူ ညင်သာစွာ စွပ်ပေးလိုက်တယ်..။ ကျွန်တော်ကလည်း ကျန်တဲ့ လက်စွပ်လေးကို သူ့ကို ပြန်စွပ်ပေးလိုက်တယ်...။ နောက်တော့ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် နွေးထွေးစွာ ထွေးပွေ့ထားလိုက်ကြတယ်...။

ည ဉာဥ့်နက်လာတော့ ကျွန်တော်တို့ အိပ်ခန်းထဲကို ဝင်ခဲ့ကြတယ်..။ အခန်းထဲမှာလဲ သူ ပြင်ဆင်ထားတဲ့ အိပ်ယာကလည်း ကဗျာ အရမ်းဆန်တယ်... စာကြည့်မီးအိမ် မှိန်မှန်လေးထွန်းထားတယ်.. အိပ်ရာက ကျွန်တော်အရမ်းကြိုက်တဲ့ အပြာနဲ့ အဖြူရောင်တွေနဲ့ပေါ့..။ သူကျွန်တော့်ကို လှမ်းဖက်လိုက်တယ်.. နှစ်ယောက်သား လုံးထွေးပြီး အိပ်ယာပေါ်ကို ကျသွားတယ်...။ သူ အနမ်းမိုးတွေ စွေနေတာ တော်တော် ကြာသွားတယ်...။

“လမင်း..... ချစ်.. ခုချိန်ကစပြီး မင်းနဲ့ ကို လက်ထပ်ပြီးတဲ့ ချစ်သူနှစ်ယောက်ဖြစ်သွားပြီနော်...”
“လပြည့်..တော်တော် ကဲနေတယ်.. ငါ့ကိုများ ချစ်တဲ့.. သူ့ကို သူကျတော့ ကို တဲ့... တရားတယ်.. မရဘူး မင်းက ချစ် လုပ်..ငါက ကို လုပ်မယ်.. ငါက တရက် ပိုကြီးတယ်..”
“ခေါ်ချင်သလို ခေါ်ကွာ.. ချစ်နေရရင် ပြီးတာပဲ..”

နောက်တော့ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တစိမ့်စိမ့် ကြည့်နေခဲ့ကြတယ်.... အကြည့်ချင်း စကားပြောပြီး နှစ်ယောက်သား အချစ်ပင်လယ်ပြင်ကို လက်ပစ်ကူးခဲ့ကြတယ်...။ ချစ်ခြင်းရဲ့ တခြားကမ္ဘာကို လှမ်းခဲ့ကြတယ်..။ တစ်ယောက်ကို တစ်ယောက် ဘဝချင်းပုံပြီး ယုံခဲ့ကြတယ်..။ အပြန်အလှန်နားလည်မှုနဲ့ အတူ အချစ်ရဲ့ အရသာသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်...။

888888

ကျွန်တော်တို့ နှစ်ယောက် အဲဒီနေ့က လက်ထပ်ခဲ့ကြတာဟာ.. စွန့်စားမှု တစ်ခုလို့ပဲ သဘောထားခဲ့မိပေမယ့် နောက်ဆက်တွဲ ကိစ္စတွေကို မေ့ထားခဲ့ကြတယ်...။ သဘာဝမဟုတ်မှန်းသိခဲ့ပေမယ့် ချစ်ခြင်းကို ရှေ့တန်းတင်ခဲ့ပြီး အရဲစွန့်ခဲ့ကြတယ်...။ ကျွန်တော် အဲဒီနေ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်သလို ကျွန်တော်တို့နှစ်ယောက်အတွက် ချစ်ခြင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့တယ်ဆိုတာ...........

(ဆက်ရန်)



Thursday, September 24, 2009

လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (၅)

လောကကြီးမှာ အဆန်းကြယ်ဆုံးအရာဆိုတာကို ပြောပါဆိုရင် အချစ်နဲ့ စိတ် ကိုပဲ ပြောရမယ်ဗျ...။ ဒီအရာ နှစ်ခုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ.. ဘုရား အရိယာနဲ့ အလေ့အကျင့်ရှိပြီးသား ပုဂ္ဂိုလ်များကလွဲလို့ပေါ့ဗျာ...။ ကျွန်တော်ကိုယ်တိုင်လည်း သာမန်လူသားတစ်ဦးမို့ ထိန်းချုပ်နိုင်ဖို့ရာ အခွင့်မသာခဲ့ပါဘူးဗျာ...။ ကြိုးစားခဲ့ပေမယ့် ကျွန်တော် အရှုံးကြီး ရှုံးခဲ့ရတယ်ဗျာ...။

88888

ကျွန်တော်နဲ့ လပြည့်ဟာ ကျွန်တော် ကျောင်းတက်ရတဲ့နေ့တိုင်း ဆုံလေ့ရှိပါတယ်....။ ကျောင်းပိတ်ရက်တွေမှာတော့ ဖုန်းပြောရုံလောက်ကလွဲရင် တွေ့ဖို့ ကျွန်တော်ဘက်က အဆင်မပြေတာမို့ မတွေ့နိုင်ခဲ့ကြပါဘူး...။ ကျွန်တော် စာမေးပွဲ နောက်ဆုံးနေ့ မတိုင်ခင်အထိပေါ့...။ အဲဒီအချိန်ထိ ကျွန်တော်တို့ ဆုံခဲ့ကြတာ လေးလကျော် ငါးလ နီးပါးရှိခဲ့ကြပြီ...။

88888

ကျွန်တော့် စာမေးပွဲ နောက်ဆုံးနေ့ စာမေးပွဲ ဖြေပြီး ထွက်လာချိန်မှာ ကျွန်တော်တို့ ဆုံနေကြ လဘက်ရည်ဆိုင်ကို ကျွန်တော် ထွက်လာခဲ့တယ်...။ ကျွန်တော်နဲ့ အတူ ကျွန်တော် classmate တွေပါ ပါလာကြပါတယ်... သူတို့ကလည်း လပြည့်ကို ကျွန်တော့်ကို ခင်သလို ခင်နေကြပြီမို့ ကျွန်တော်တို့ နှစ်ယောက်ကို အဆန်းမဟုတ်တော့ပါဘူး... ကျွန်တော်တို့ကလည်း ဘာအဆန်းမှလည်း မဖြစ်ခဲ့ကြပဲကိုး...။ သူနဲ့ ကျွန်တော်ကို သူတို့က အရမ်းခင်တဲ့ သူငယ်ချင်းနှစ်ယောက်လို့ပဲ သိထားခဲ့ကြသလို ကျွန်တော့်တို့ကလည်း အခင်ဆုံးသူငယ်ချင်းလိုပဲ နေခဲ့ကြတယ်လေ..။ လပြည့်ကလည်း သူပြောမယ်ဆိုတဲ့ စကားတစ်ခွန်းကို ခုထိမပြောသေးတော့ ကျွန်တော်လည်း သေချာမသိသေး...။

ကျွန်တော်တို့ လဘက်ရည်ဆိုင်ရောက်တော့ အားလုံး ရီကြမောကြ ဖြစ်နေချိန်မှာ ကျွန်တော်ကတော့ လပြည့်ကိုပဲ မျှော်နေမိတယ်... သူ ခုထိ ရောက်မလာသေး...။ ကျွန်တော့်ဘော်ဒါကြီးတွေက နောက်တပတ် dinner လုပ်မယ့်နေရာနဲ့ အချိန်ကို confirm လုပ်ပြီးထွက်သွားကြပြီ...။ ကျွန်တော်တစ်ယောက်တည်း လဘက်ရည်ဆိုင်ထဲမှာ ကျန်နေခဲ့တယ်...။ သူ ဘာလို့နောက်ကျနေပါလိမ့်...။ နောက် တစ်နာရီလောက်ကြာတဲ့အထိ သူရောက်မလာတော့ ကျွန်တော်လည်း လဘက်ရည်ဆိုင်ကနေ ထွက်ခဲ့လိုက်တယ်...။ ကျောင်းထဲက admin ကို သွားပြီး သူ့အိမ်ကို ဖုန်းခေါ်ကြည့်တယ်...။ ဘယ်သူ့မှ ဖုန်းမကိုင်...။ ကျွန်တော်လည်း စိတ်ထဲမှာ တစ်မျိုးဖြစ်လာလို့ သူ့အိမ်ဘက်ကို ထွက်ခဲ့တယ်...။ သူ့အိမ်မှာလည်း ဘယ်သူမှ မရှိ...။ ကျွန်တော်လည်း စိတ်ထဲမှာ စနိုးစနောင့် ဖြစ်နေခဲ့ပေမယ့် သွားစရာတွေကလည်း ရှိသေးတာမို့ ကျွန်တော် ထွက်ခဲ့တယ်...။ ကျွန်တော့် ထုံးစံ အတိုင်း BC မှာ စာအုပ်ပြန်အပ်ရင်း ဖတ်စရာရှိတာလေးတွေ ဖတ်ရင်းခဏ ထိုင်နေခဲ့တယ်..။ Reception က ကျွန်တော့်နာမည်ကို ကြေငြာတော့ ကျွန်တော့် အိမ်က ဖုန်းဆက်တယ်လို့ ထင်မိတယ်..။ Reception ကိုရောက်တော့ လပြည့်ဆီက ဖုန်းဖြစ်နေတယ်...။

"လမင်း... နေကောင်းလား... စာမေးပွဲ ဖြေနိုင်လား..."

"လပြည့်ရာ.. ငါက မင်းကို မျှော်နေတာ.. မင်းအိမ်ကို အိမ်မှာ သွားရှာသေးတယ်..။ ဘယ်သူမှ မရှိလို့... ခု ငါဒီမှာ ရှိမှန်း မင်းဘယ်လိုသိလဲ.."

"မင်း အိမ်ကို ဖုန်းဆက်တော့ မင်းမရှိဘူးဆိုလို့ ငါ ဒီကို ဆက်လိုက်တာ..."

"ခု မင်း ဘယ်မှာလဲ..."

"မန္တလေးမှာလေ.."

"ဘယ်လို"

"ဟုတ်တယ်.. မန္တလေးမှာ အရေးပေါ်ကိစ္စလေးဖြစ်လို့ ငါ မနက်က ရရာ လေယာဉ်နဲ့ ထွက်ခဲ့တာ.. ငါမင်းအိမ်ကို လေဆိပ်ကနေ ဖုန်းခေါ်သေးတယ်... မင်းကထွက်သွားပြီဆိုလို့ မင်းကို အကြောင်းမကြားတာမမီလိုက်ဘူး..။ မင်းငါ့ကို စောင့်နေမယ် ဆိုတာ ငါသိတယ်..။"

" အေး ... ငါစောင့်နေသေးတယ်..."

"လမင်း.. မနက်ဖြန် မင်းမွေးနေ့နော်..."

"ဟာ... အေး ဟုတ်သားပဲ.. မေ့နေတာကြည့်စမ်း... အဲ မင်းက ဒီမှာမှ မရှိတာ... အေးလေ.. ဘယ်တတ်နိုင်ပါ့မလဲ အရေးပေါ်ကိစ္စဆိုတော့လဲ... ရပါတယ်... ငါ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပြီး ငါ့မိသားစုနဲ့ပဲ ငါ လုပ်လိုက်တော့မယ်..။"

"မင်း.. ငါရှိမယ်ဆိုရင် မင်းဘာလုပ်မလဲ..."

"ဘာမှတော့ မလုပ်ပါဘူး... ညစာ တူတူ ထွက်စားမလားလို့ပါ..."

"တကယ်လား..."

"အေးလေ.. မင်းမရှိတော့ မင်းပြန်လာမှပဲ ကျွေးတော့မယ်.. ဒါဆို မင်းမွေးနေ့လဲ မင်းဒီမှာမရှိဘူးပေါ့..."

"မင်းငါနဲ့ မွေးနေ့မှာ တူတူရှိချင်တာ သေချာလား..."

"ကဲ တကယ်ပါဆို... မင်းမယုံဘူးလား... "

"ယုံပါတယ်ဗျာ... ထားပါ.. မင်းမနက်ဖြန် ဘုန်ကြီးကျောင်း ဘယ်အချိန်သွားမှာလဲ..."

"နေ့ဆွမ်းမတိုင်ခင် ၉ နာရီလောက် အိမ်ကထွက်မယ်လေ.. မင်းဘာလုပ်မလို့လဲ..."

"ဘာမှ မလုပ်ဘူး... ၉ နာရီ ၁ဝ မိနစ်လောက်နေမှ အိမ်ကထွက်... ဒါပဲ.."

"ဘာကိစ္စမိုလို့ ငါက စောင့်ရမှာလဲ..."

"မင်းတော်တော် လျှာရှည်တာပဲ.. စောင့်မှာလား မစောင့်ဘူလား ပြော.."

"ကဲပါ.. စောင့်ဆိုလည်း စောင့်ပါ့မယ်..."

"ပြီရော... ဒါပဲ..."

ပြောပြောဆိုဆို သူ ဖုန်းချသွားတယ်...။ ကျွန်တော့်ကို Reception က အမျိုးသမီးက ၃ မိနစ်ကျော်သွားတဲ့ အတွက် service card တောင်းတယ်....။ သွားပြီ.. တကွက်...။ ကျွန်တော်လည်း ဖတ်နေတဲ့ မဂ္ဂဇင်းကို လက်စသတ်ပြီး ငှားစရာရှိတာ ငှားပြီး ထွက်လာခဲ့တယ်..။ ပြီးတော့ သွားစရာ ရှိတာ သွား... လုပ်စရာရှိတာလေးတွေ လုပ်ပြီး အိမ်ပြန်ခဲ့တယ်...။ အိမ်ပြန်ရောက်တော့ ညနေ ၄ နာရီထိုးပြီး..။ အမေက မနက်ဖြန် ဆွမ်းချိုင့်အတွက် ဈေးဝယ်ထွက်ဖို့ စောင့်နေလေရဲ့..။ ဒါနဲ့ လွယ်အိတ်ဘေးချပြီး အမေနဲ့ အတူ ထွက်ခဲ့တယ်..။ ဘုရားပန်းနဲ့ ဝယ်စရာရှိတာဝယ်ပြီးပြန်ခဲ့တယ်..။ အိမ်ရောက်တော့ ဘုရားကျောင်းဆောင်နဲ့ ဘုရားခန်းကို သန့်ရှင်းရေးလုပ်ပြီး.. ရေမိုးချိုး.. ပြီးတော့ ည ၇ နာရီထိုးနေပြီ..။ အမေတို့နဲ့ ညစာ စားပြီး.. နှစ်တိုင်း လုပ်နေကျအတိုင်း ဘုရားပန်းလဲ.. သောက်တော်ရေ ကပ်.. ဆီမီးပူဇော် ပြီး ဘုရား ဝတ်ပြု.. ပြီးတော့ အမေ့ကို ကန်တော့ပြီး.. ကျွန်တော်လည်းအိပ်ရာဝင်ခဲ့တယ်.. အရမ်း ပင်ပန်းနေပြီ။

88888

"Happy Birthday လမင်း...."

ကျွန်တော် အသံကြားရာလက်လှည့်ကြည့်တော့ လပြည့်...။ သူ ကျွန်တော့်ကို ပြုံးပြီး ကြည့်နေတယ်..။ ကျွန်တော် အရမ်းအံ့ဩသွားတယ်...။ သူ ကျွန်တော်ရှိရာကို လျှောက်လာတယ်...။ သူရော ကျွန်တော်ရော ဆင်တူ ဝတ်ထားတယ်..။ သူ့ကျွန်တော့်ကိုဖက်ပြီး "mai-vous etre heurex avec votre peuple bien-aime dans votre vie." ပြင်သစ်လို "ချစ်တဲ့သူတွေနဲ့ ဘဝမှာ ပျော်ရွှင်ပါစေ"တဲ့...။ ကျွန်တော် အံ့ဩရပြန်ပြီ...။ သူဘယ်လို ကျွန်တော် ပြင်သစ်လို တတ်မှန်းသိပါလိမ့်..။ သူကရော ပြင်သစ်လို ဘယ်လို တတ်နေပါလိမ့်..။ ကျွန်တော် ဘာမှ ပြန်မပြောနိုင်လောက်အောင် အံ့ဩပြီးရင်း အံ့သြနေရပါလား....။

88888

နာရီ alam မြည်တော့ ကျွန်တော်လန့်နိုးသွားတယ်..။ ပြီးတော့ ကျွန်တော် ရီမိတယ်..။ အိပ်မက် မက်နေတာလေ...။

"သား နိုးပြီလား..."

အမေက ဘုရားကို အရုဏ်ဆွမ်းကပ်ဖို့ ပြင်ပြီးပြီ..။ ကျွန်တော်လည်း ရေမိုးချိုးပြီး ဘုရားခန်းဝင်ခဲ့တယ်..။ အမေက ကျွန်တော်နဲ့အတူ ဘုရား ဝတ်ပြုတယ်...။ ဓမ္မာစကြာရွတ်.. ပြီးတော့ ပရိတ်ရွတ်.. အားလုံးပြီးတော့ မနက် ၇ နာရီရှိပြီ...။ အငယ်နှစ်ယောက်လည်း နိုးနေပြီမို့ သားအမိတွေ မနက်စာစား ပြီးတော့ ကျွန်တော် နှစ်ဘက် အဘိုးအဘွားကို သွားကန်တော့တယ်.. အဘိုး အဘွားနဲ့ ဦးလေးတွေ အဒေါ်တွေက မုန့်ဖိုးပေးလိုက်ကြလို့ ကျွန်တော် အရမ်းပျော်သွားတယ်...။ လပြည့် ပြန်လာရင် သူနဲ့ ညစာ ထွက်စားလို့ရပြီ...။ အိမ်ပြန်ရောက်တော့ မနက် ၉ နာရီထိုးလုပြီ...။ အမေကလည်း အားလုံး အဆင်သင့်ပြင်ပြီးနေပြီ... ညီ နှစ်ယောက်ကလည်း ကျွန်တော့်အတွက် သူတို့နှစ်ယောက်စုပြီး ဝယ်ထားတဲ့ ကျွန်တော် အရမ်းကြိုက်တဲ့ ရေမွှေးကို လက်ဆောင်ပေးတယ်...။ ဒါက ကျွန်တော်တို့ ညီ အကိုတွေရဲ့ ထုံးစံ...။ ငယ်ငယ်ကတည်းက အဖေနဲ့ အမေက လုပ်ပေးခဲ့တဲ့ အကျင့်...။ တစ်ယောက်မွေးနေ့မှာ ကျန်တဲ့ နှစ်ယောက်က စုပြီး မွေးနေ့ လက်ဆောင်ဝယ်ပေးတတ်အောင်လေ..။ ကျွန်တော်လည်း ညီနှစ်ယောက်ကို အနမ်းနဲ့ ပြန်နှုတ်ဆက်လိုက်ပြီး ဘုန်ကြီးကျောင်းသွားဖို့ အဝတ်အစားဝင်လဲတယ်...။

"ကိုလမင်းဇော် ရှိပါသလားခင်ဗျာ..။"

ကျွန်တော် အဝတ်လဲပြီးချိန်မှာ အပြင်က ခေါ်သံကြားလို့ ထွက်ခဲ့လိုက်တယ်..။ လူတစ်ယောက် ပန်းစည်းတစ်ခု... ဗူးလေးတစ်ဗူးနဲ့ စာအိတ်တစ်အိတ်ကိုင်ပြီး ရပ်နေတယ်..။ ကျွန်တော် အံ့ဩစွာနဲ့ ..

"လမင်းဇော်က ကျွန်တော်ပါ...။ ဘာကိစ္စလဲခင်ဗျာ..."

"ပန်းချစ်သူ ပို့ဆောင်ရေး လုပ်ငန်းကပါ.. ကိုလမင်းဇော် နာမည်နဲ့ ပို့ပေးဖို့ ကျွန်တော်တို့ အမှာစာရှိလို့လာပို့တာပါ.. Happy Birthday ပါ ခင်ဗျာ... လက်မှတ်ထိုးပြီး လက်ခံပေးပါ..."

ကျွန်တော် ဘာပြောရမှန်းမသိ...။ ကျွန်တော်တို့ တစ်အိမ်လုံး အံ့ဩစွာ ကြည့်နေမိတယ်...။ ကျွန်တော်ဘဝမှာ ဒါမျိုး ဒီတစ်ခါပဲ ကြုံဖူးတယ်..။ ရန်ကုန်မှာ ဒီလိုမျိုး service ရှိတာ သိပေမယ့် ကိုယ်အတွက် တစ်စုံ တစ်ယောက်က လုပ်ပေးမယ်လို့ တခါမှ မတွေးမိ..။ ကျွန်တော် လက်မှတ်ထိုးပြီး လက်ခံထားလိုက်တယ်..။ ကျွန်တော် သေချာကြည့်မိတယ်..။ ပန်းစည်းက တော်တော် လှတယ်...။ နှင်းဆီ အနီနဲ့ အဖြူကို ဂန္ဓမာ ပန်း အဖြူနဲ့ ရောပြီးထိုးထားတာ..။ အမေကတော့ အံ့ဩနေဆဲပဲ.. ညီနှစ်ယောက်ကတော့ ဗူးလေးကို ဖွင့်ကြည့်ဖို့ပြောနေကြတယ်..။ ဗူးလေးကို ဖွင့်ကြည့်တော့ ပလက်တီနမ် ဆွဲကြိုးလေး တစ်ကုံး...။ စာအိတ်ကို ဆက်ဖွင့်လိုက်တော့ Birthday Card တစ်ခုနဲ့ စာတစ်စောင်.. ဖုန်းသံကြားလို့ ကိုင်လိုက်တော့ သူ... လပြည့်...

" Happy Birthday လမင်း..."

"ကျေးဇူးပဲ သူငယ်ချင်း..."

" လက်ဆောင်ရပြီလား... ကြိုက်လား..."

"ဪ.. မင်းကိုး... ငါက ဘယ်သူများပေးပါလိမ့်ဆိုပြီး အံ့ဩနေတာ..။ လပြည့်... ငါ မပြောပြတတ်အောင် ကျေးဇူးအရမ်းတင်တယ်ကွာ...။ မင်းပြန်လာရင် မင်းစားချင်တဲ့ ဆိုင်မှာ ငါလိုက်ကျွေးမယ်..။"

"တကယ်နော်... ပြီးမှ မင်းမငြင်းနဲ့နော်.."

"အေးပါကွာ... ကတိပါ.."

"လမင်း... စာဖတ်ထား... ငါပြန်လာရင် မင်းဆီက အဖြေ တစ်စုံ တစ်ခု သိချင်တယ်...။"

"အန်.... ဘာလဲ..."

"ဘာမှ မလဲဘူး... စာကိုပဲ ဖတ်ဖြစ်အောင်ဖတ်... ဒါပဲ.."

သူဖုန်းချသွားတယ်...။ ကျွန်တော် နာရီကြည့်လိုက်တော့ ၉ နာရီခွဲနေပြီ..။ နောက်ကျနေပြီမို့ ကျွန်တော် စာကို ဗီရိုထဲမှာ သိမ်းလိုက်တယ်..။ ပြီးတော့ ကျွန်တော်တို့ မိသားစု ဘုန်းကြီးကျောင်းကို ထွက်ခဲ့တယ်..။ ဘုန်းကြီးကျောင်းရောက်တော့ ၁ဝ နာရီ ကျော်ပြီ..။ ဆရာတော်ကို ဝတ်ပြုပြီး မွေးနေ့အတွက် ဆွမ်းလာပို့တာလို့ လျှောက်တော့ ဆရာတော်က မွေးနေ့ တရားချီးမြှင့်တယ်..။ ပြီးတော့ ဆွမ်းကပ်..။ နေ့ဆွမ်းချိန်ပြီးတော့ ဆရာတော်ကို ဝတ်ပြုပြီး ပြန်ခဲ့တယ်..။ အပြန်လမ်းမှာ သားအမိတွေ ဒန်ပေါက်ဝင်စားကြတယ်.....။

အိမ်ပြန်ရောက်တော့ ညီနှစ်ယောက်က ကျူရှင်သွားကြတယ်.. အမေလည်း နေ့ခင်း ခဏနားမယ်ဆိုပြီး အပေါ်ထပ်က သူ့အခန်းကို တက်သွားတယ်..။ ကျွန်တော်တစ်ယောက်တည်း အောက်ထပ်က ကျွန်တော့် အခန်းထဲမှာ... ၊ ကျွန်တော်လည်း မနက်က မဖတ်ဖြစ်တဲ့ စာကို ဖတ်ဖို့ ဗီရိုထဲက ထုတ်လိုက်တယ်..။ စာမဖတ်ခင် ဗူးထဲက ဆွဲကြိုးလေးကို ထုတ်ကြည့်မိတယ်..။ ဆွဲကြိုးလေးက နေ့ အလင်းရောက်မှာ တောက်ပနေတယ်..။ အဲ.. လော့ကတ်လေး ပါသေးတယ်..။ L ဆိုပြီး English စာလုံးလေး...။ ကျွန်တော် လည်ပင်းမှာ ဆွဲလိုက်တယ်..။ အသားညိုတဲ့ ကျွန်တော့်လည်ပင်းမှာ ဆွဲကြိုးလေးက အထင်းသား...။ ကျွန်တော်လဲ ဆွဲကြိုးပြန်မချွတ်တော့ဘဲ အဝတ်အစားလဲလိုက်တယ်..။ ပြီးတော့ ကုတင်ပေါ်မှာ လှဲရင်း စာအိပ်ကို ဖွင့်ပြီး စာဖတ်ဖို့ပြင်လိုက်တယ်..။ စာအိတ်ရော စာရွက်ပါ တော်တော် မွှေးတယ်..။ စာဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော့်ဘဝရဲ့ ပထမဆုံး ရင်ခုန်သံကို ကျွန်တော်ကြားလိုက်ရတယ်..။ လပြည့်က ကျွန်တော့်ကို ချစ်တယ်တဲ့....။ သူ့စာထဲမှာ သူက ဒီလိုရေးထားတယ်..။

" လမင်း...
ငါ မင်းကို ချစ်ခြင်းများစွာနဲ့ စာရေးလိုက်တယ်..။ မင်းမွေးနေ့မှာ ပျော်ရွှင်ပါစေလို့ အရင်ဆုတောင်းလိုက်ပါတယ်..။ ငါ မင်းရဲ့မွေးနေ့မှာ ဘာပေးရမလဲလို့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက စဉ်းစားနေခဲ့တယ်ကွာ... မင်းနဲ့ ငါ အမှတ်တရအတွက် ရိုးရိုးလေးနဲ့ ဆန်းတာကိုပေးဖို့ စဉ်းစားရင်း အခုလိုပဲ ငါစီစဉ်လိုက်တယ်..။ မင်းကို အံ့ဩအောင်လည်း ငါက လုပ်ချင်သေးတယ်လေ..။ မင်းပျော်ရွှင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်ကွာ..။ လော့ကတ်နဲ့ ဆွဲကြိုးက မင်းနဲ့ အဆင်ပြေလိမ့်မယ်လို့ ငါထင်တယ်...။

လမင်း... ငါခု မင်းကို ပြောမယ်လို့ စဉ်းစားပြီးမှ မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကို ငါပြောတော့မယ်နော်...။ မပြောခင် ငါ့ကို စိတ်မဆိုးဖို့ ကြိုပြောမယ်နော်..။ ကျန်တဲ့အပိုင်းကတော့ မင်း သဘောပါကွာ...။ မင်းနဲ့ ငါ ရှိပြီးသား သံယောဇဉ်ကိုတော့ မပျက်စီးစေချင်ဘူး...။

လမင်း.. ငါမင်းကို ချစ်တယ်...။ မဖြစ်သင့်မှန်း သိပေမယ့် ငါ မျိုသိပ်ဖို့ မဖြစ်နိုင်တော့လို့ ငါ ပြောလိုက်တာပါ...။ မင်းနဲ့ မရင်းနှီးခင် စတွေ့ကတည်းက ငါ မင်းကို ခင်ချင်ခဲ့တာပါ..။ မင်းကို စကားစပြောတဲ့နေ့ကလေ ငါ ရင်တွေ အရမ်းခုန်နေခဲ့တယ် သိလား....။ ငါ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်ကွာ... ။ ဒါပေမယ့် ချစ်တာကိုတားဖို့ ငါ့မှာ အင်အားမရှိတော့ဘူး...။ ဒါကြောင့် မင်းကို နေ့တိုင်း ကျောင်းမှာ လာတွေ့ခဲ့တယ်...။ ငါ့မှာ အရမ်းချစ်ခဲ့တဲ့ မိန်းကလေး ချစ်သူရှိပေမယ့် သူငါ့ကိုထားခဲ့တဲ့နေ့ကစပြီး ငါ ဘယ်သူ့ကိုမှ မချစ်တော့ဘဲ နေခဲ့တယ်...။ မင်းကိုတွေ့ကာစကတော့ သူငယ်ချင်းလိုခင်ချင်ခဲ့တယ်...။ ဒါပေမယ့် မင်းနဲ့ ခင်ပြီးတဲ့ နောက်ပိုင်း ငါ့နှလုံးသားက ပြန်နိုးထလာခဲ့တယ်..။ မင်းကို ခင်ရာကနေ ချစ်ခဲ့တယ်..။ ပြောဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မင်းငါ့ကို အထင်သေးမှာ စိုးလို့ ငါ ထိန်းသိမ်းခဲ့တယ်.။ ခုတော့ ဘာပဲ ဖြစ်ဖြစ် ငါ ပြောဖို့ ဆုံးဖြတ်လိုက်တယ်...။ မင်းငါ့ကို စိတ်မဆိုးပါနဲ့ကွာ...။ ငါ မင်းကို အ၇မ်းချစ်တယ်...။ ငါ့ကို ပြန်ချစ်ပါလို့ မပြောလိုပေမယ့် ငါ မင်းကို ချစ်တာကိုတော့ အပြစ်လို့ မမြင်ပါနဲ့ကွာ...။ လူကိုယ်တိုင်ပြောချင်ပေမယ့် ငါ့မှာ သွေးမရှိလို့ စာရေးပြီး ဖွင့်ပြောလိုက်တာပါ...။ ငါ မင်းရဲ့ အဖြေကို ငါသိခွင့်ရှိမယ်ဆိုရင် မင်းမွေးနေ့မှာ မင်းနဲ့ အတူ ညစာ စားရင်း မင်းပြောတာကို ငါနားထောင်ချင်တယ်..။ မင်းငါ့ကို ပြောစရာ ရှိမယ်ဆိုရင် ညစာ စားမယ့် အစီအစဉ်ကို ငါ့အိမ်ကို ဖုန်းဆက်ပြီးပြော... ငါ စောင့်နေမယ်နော်....။

ဒါပဲကွာ လမင်း.... ငါ့ကို စိတ်မဆိုးဖို့နဲ့ ရှိပြီးသား ခင်မင်မှုကို မရုတ်သိမ်းဖို့ ငါတောင်းပန်ပါတယ်ကွာ....

ချစ်တဲ့... လပြည့်" ............... တဲ့.။

ကျွန်တော် ရင်တွေ အရမ်းခုန်နေခဲ့တယ်..။ စာဖတ်ပြီးသွားတော့ စာကို အမေတို့ မသိအောင် ကျွန်တော် ဘယ်လို သိမ်းရမလဲ စဉ်းစားတော့ ကျွန်တော့် ဒိုင်ယာရီတွေ သိမ်းတဲ့ ဗီရိုထဲက အံဝှက်လေးထဲမှာ သိမ်းလိုက်တယ်...။ ကျွန်တော်သူ့ကို ညစာ တူတူစားဖို့ ပြောချင်ပေမယ့် ရန်ကုန်မှာ သူမရှိ...။ မန္တလေးက ဖုန်းနံပါတ်လည်း ကျွန်တော်မသိ...။ ကျွန်တော် ဘာလုပ်ရမလဲ စဉ်းစားရင်း အိပ်ပျော်သွားတယ်...။

88888

ကျွန်တော် အိပ်ရာက နိုးတော့ ညနေ ၄ နာရီထိုးနေပြီ...။ အခန်းပြင်ကိုထွက်လာတော့ အမေက အိုးခွက်တွေ ဆေးကြောနေတာတွေ့တော့ ကူဆေးပေးလိုက်တယ်...။ အမေက ကျွန်တော့် လည်ပင်းက ဆွဲကြိုးကိုတွေ့တော့ ပြုံးပြီး..

"သား သူငယ်ချင်းက သားကို တော်တော် ချစ်တယ်ထင်တယ်နော်... ကဗျာဆန်ဆန် လက်ဆောင်ပေးတယ်..။ အမေ သိခွင့်ရှိမယ်ဆိုရင် သူဘယ်သူလဲဆိုတာ သိနိုင်မလား သား...."

"ရပါတယ် အမေ... သူနာမည်က လပြည့်မောင်ပါ... ကျောင်းမှာ ခင်တာပါ အမေ..."

"ဪ... သားကို အမြဲဖုန်းခေါ်နေတဲ့ ကောင်လေးလား...."

"ဟုတ်..."

"အေး...အေး... သားမှာ သူငယ်ချင်းနည်းပေမယ့် ရှိတဲ့ သူငယ်ချင်းတွေက ဒီလိုချစ်တာ ခင်တာ ကို သိရတော့ အမေ ဝမ်းသာပါတယ်... ဒါပေမယ့် သူပေးတဲ့ လက်ဆောင်နဲ့ လက်ဆောင်ပေးတဲ့ ပုံစံက နည်းနည်းတော့ ထူးဆန်းတယ်နော်... အမေ ဘာမှ မဝေဖန်ချင်ပေမယ့် မင်းဘဝနဲ့ မင်း အခြေအနေကို မင်းသိမယ်လို့ အမေ ထင်တယ်...။ မဖြစ်နိုင်တဲ့ စိတ်ကူးမျိုး မင်းမတွေးမိအောင် ဆင်ခြင်ပါလို့ အမေမှာချင်တယ်...။ အမေဆိုလိုတာကို သား သဘောပေါက်တယ်နော်..."

"ဟုတ် အမေ.. သားနားလည်ပါတယ်..."

အမေ ရိပ်မိနေတာလား...။ ကျွန်တော် ဘာမှ မပြောတတ်တော့....။ ဆေးပြီးတဲ့ အိုးခွက်တွေကို ရေစစ်ပြီးတော့ အဝတ်နဲ့ သုတ်နေလိုက်တယ်..။ ညနေဘက် နည်းနည်း မှောင်လာတဲ့ အချိန်မှာ ကျွန်တော် အိမ်ရှေ့က ဒန်းမှာ ထိုင်ပြီး အတွေးနယ်ချဲ့နေမိတယ်...။ ကားဟွန်းသံ ကြားလို့ မော့ကြည့်လိုက်တော့ သူ ဖြစ်နေတယ်...။

"လမင်း... ညစာ စားဖို့ ငါ လာပြီလေ..."

ကျွန်တော် ထပ်အံ့ဩရပြန်ပြီ...။

"လပြည့်... မင်း မန္တလေးမှာဆို..."

"အေးလေ... မင်းနဲ့ အတူ ညစာ စားဖို့ ငါ ရောက်အောင် ပြန်လာခဲ့တာ.... မောလိုက်တာကွာ... ကံကောင်းလို့ နောက်ဆုံးလေယာဉ်မှာ Go Show ရလိုက်လို့...။ ရန်ကုန်ရောက်ရောက်ချင်း အိမ်ခဏပြန်ပြီး ခု ပြန်ထွက်လာတာ...။"

"လပြည့်မောင် ဆိုတာ သားလား ကွယ်..."

အမေ အိမ်ထဲက ထွက်လာပြီး သူ့ကို နှုတ်ဆက်လိုက်တယ်..။

"သားက လူချောပဲ... အေးကွယ်... အန်တီ့သားကို ဒီလိုမျိုး ခင်တာ အန်တီ ဝမ်းသာပါတယ်...။ သား... လမင်း... မင်းသူငယ်ချင်းကို ညစားကျွေးမယ်မဟုတ်လား... သွား ပြင်ဆင်လိုက်လေ...။ အပြင်သွားမှာ မဟုတ်လား...။"

"ဟုတ် အမေ.."

"အန်တီ ကျွန်တော်တို့ နောက်ကျမယ်ထင်တယ်...။ အန်တီ သူ့ကို ဒီည မစောင့်နဲ့တော့နော်.. ကျွန်တော် သူ့ကို အိမ်ကို ခေါ်သွားလိုက်မယ်... မနက်မှ ပြန်ပို့ပေးမယ်...။"

"ကဲ သား.. လမင်း... လိုက်သွားလိုက်... လပြည့်တို့ဆီမှာပဲ အိပ်လိုက်တော့... အမေမှာတာတွေကို မမေ့နဲ့နော်..."

အမေက ကျွန်တော့်ကို ခွင့်ပြုလိုက်ပေမယ့် ညနေက သူပြောခဲ့တာတွေကို ထပ်လောင်း သတိပေးလိုက်လေရဲ့..။ ကျွန်တော် ပြင်ဆင်ပြီး လပြည့်နဲ့ အတူ လိုက်ခဲ့လိုက်တယ်..။ အမေက အဝတ်အစား အပို ယူသွားခိုင်းလို့ ကျွန်တော် ကျောပိုးအိတ်နဲ့ ထည့်ယူလာခဲ့တယ်..။ လမ်းမှာတော့ ကျွန်တော်တို့ စကားမပြောဘဲ တိတ်ဆိတ်စွာပဲ ကားမောင်းလာခဲ့ကြတယ်...။ လပြည့်က ကားကို ဂရုစိုက်မောင်ရင်း Traders' Hotel ဘက်ရောက်တော့ ကားပါကင်ဘက်မှာ ကားရပ်ဖို့ နေရာ ရှာပြီး ရပ်လိုက်တယ်..။

"လပြည့် မင်း ဒီမှာ ဘာလုပ်ဖို့ရပ်တာလဲ... ဘယ်မှာ ညစာ စားမလို့လဲ..."

"ဒီမှာ စားမယ်လေ..."

"ဘာ.... လပြည့် ငါ millioner မဟုတ်ဘူးနော်...။ ငါ့မှာ အဲလောက်မပါဘူးနော်...။"

" မင်းကို ဘယ်သူက အတင်းကျွေးခိုင်းလို့လဲ... ငါကျွေးချင်တဲ့ဆိုင်မှာ ငါကျွေးမှာပေါ့..."

"ဟာ.. ငါ့မွေးနေ့မှာ ငါပဲ ကျွေးရမှာလေ.."

"တော်တော် စကားများတဲ့ကောင်ပဲ... မရဘူး.. ငါပဲကျွေးမယ်... မနက်ဖြန်ငါ့မွေးနေ့ အတွက် ကြိုကျွေးတယ်လို့ သဘောထားလိုက်..."

"အာ.... ငါ့ကို စောစောက ပြောပါလား... ခု ဘာမှာ လက်ဆောင်မပါလာဘူးကွာ..."

"မင်းမှာ ငါ့အတွက် လက်ဆောင်ရှိပြီးသားဆိုတာ ငါ သိတယ်... ဟုတ်ပြီးလား အပေါ်ရောက်မှ ဆက်ပြောမယ်...။"

ပြောပြောဆိုဆို သူ ရှေ့ကနေ ထွက်သွားတော့ ကျွန်တော်လည်း ကြောင်တောင်တောင် နိုင်စွာ လိုက်သွားလိုက်တယ်..။ Hotel စားသောက်ခန်းမထဲရောက်တော့ လူသိပ်မရှိ.. သူက သီးသန့် စားပွဲ မှာထားပြီးသား....။ Waiter က စားပွဲကို ဦးဆောင်ပြီး ခေါ်ခဲ့တယ်..။ နေရာယူပြီးတော့ သူကြိုမှာထားတဲ့ အတိုင်း တခုပြီး တခု လာချပေးသွားတယ်..။ အဲဒီအချိန်မှာ ကျွန်တော်လေ... ရုပ်ရှင်ကြည့်နေရသလို အချစ်ရုပ်ရှင်တစ်ခုမှာ ကိုယ်တိုင် သရုပ်ဆောင်နေရသလို သူ့ကိုလည်း ဘာပြောရမှန်း မသိအောင် ဖြစ်နေမိတယ်..။

စားစရာတွေ စားပြီးတော့ အအေးဆက်သောက်ကြတယ်..။ စကားလည်း ပြောရင်းပေါ့...။

"လမင်း... ငါ့ကို လက်ဆောင်ပေးတော့...."

"ဘာပေးရမှာလဲ..."

"မသိချင်ယောင်ဆောင်နေပြီ... မနက်က မင်းကိုပေးတဲ့ လက်ဆောင်နဲ့ အတူ ငါ ဘာလိုချင်လဲ ဆိုတာ ပြောပြီးသားလေ..။"

ကျွန်တော်ပြုံးမိတယ်..။

"လပြည့် ငါ မင်းအတွက်လက်ဆောင်ကို ခုနကတည်းက ပေးပြီးပြီလေ...။"

"ဘယ်တုန်းက ပေးလိုက်တာလဲ...။"

"အိမ်ကထွက်လာကတည်းကလေ.."

"မရဘူးကွာ... သေချာပြန်ပေး... ငါ ဝမ်းသာရမှာလား... ဝမ်းနည်းရမှာလား..."

"မင်းစာထဲက အတိုင်းပဲလေ.... မင်းကို ပြောစရာ ရှိရင် ညစာတူတူစားရမယ်ဆို.... မင်းနဲ့ ညစာ စားဖို့လိုက်လာကတည်းက မင်းစာထဲမှာ ပြောသမျှကို သဘောတူလို့လိုက်တာပါ လပြည့်ရာ..."

"တကယ်ပြောတာလား..လမင်း..ဒါ...ဒါဆို... မင်း ငါ့ကို...."

"တော်ပြီ မပြောနဲ့တော့ ဘေးမှာ လူတွေ ရှိတယ်... မင်း ကျေနပ်ပြီ မဟုတ်လား... ဒီမှာလေ မင်းပေးတဲ့ ဆွဲကြိုးလေးကိုတောင် ဆွဲထားတာ မတွေ့ဘူးလား.."

"လမင်းရာ..."

ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နားလည်စွာ ကြည့်ပြီး ပြုံးလိုက်တယ်.။ ညစာစားပြီး Bill ရှင်းတော့ သူဘယ်လောက်ပေးလိုက်ရလဲ ကျွန်တော် မသိ..။ ကျွန်တော့်ကို bill မပြဘဲ ကောင်တာမှာ သူကိုယ်တိုင်လိုက်ရှင်းလိုက်တယ်...။ waiter ကိုတော့ ပြန်အထွက်မှာ tip ပေးလိုက်တယ်..။

ကျွန်တော်တို့ အဲဒီညက ရန်ကုန်မြို့ထဲမှာ ကားလျှောက်မောင်းကြတယ်... နှစ်ယောက်လုံ အရမ်း ပျော်နေခဲ့ကြတယ်...။ ပြီးတော့ အနော်ရထာလမ်း ညဈေးမှာ လျှောက်ကြည့်ကြတယ်..။ ည ၁၂ နာရီထိုးခါနီးတော့ သူ ကန်ဘောင်ဘက်ကို ကားမောင်သွားတယ်...။ အင်းလျားလမ်းထဲမှာ ကားကိုရပ်လိုက်ပြီး လမ်းဆင်းလျှောက်ကြတယ်..။ ကန်ဘောင်မှာ ဘယ်သူမှ မရှိ.. လုံခြုံရေးကလွဲလို့ပေါ့...။ လုံခြုံရေးကို ထုံစံ အတိုင်း ရေနည်းနည်း ကမ်းလိုက်တော့ ကျွန်တော်တို့ ကန်ဘောက်ဘက်ကို ဆက်လျှောက်လို့ရသွားတယ်...။ ထိုင်ခုံ တစ်ခုမှာ ထိုင်လိုက်ကြတယ်...။ ပြီးတော့ နာရီကြည့်လိုက်တော့ ၁၂ နာရီထိုးပြီးမို့ ကျွန်တော် သူ့ကို Birthday Wish လုပ်လိုက်တယ်..။ သူ ကျွန်တော် လက်ကို ကိုင်လိုက်ပြီး ကျွန်တော့် နှုတ်ခမ်းကို နမ်းလိုက်တယ်..။ ကျွန်တော်လေ... လောကကြီးကို ခဏမေ့သွားတယ်...။ ပြီးတော့ သူ ကျွန်တော့်ကို ရီဝေတဲ့ မျက်လုံးနဲ့ တော်တော် ကြာကြာ ကြည့်နေခဲ့တယ်..။

88888

ကျွန်တော်တို့ သူ့အိမ်ကို ရောက်တော့ ည ၁ နာရီကျော်ပြီ...။ အိမ်မှာ ဘယ်သူမှ မရှိ...။ အားလုံ မန္တလေးမှာ ကျန်နေရစ်ခဲ့ကြသည်တဲ့...။

"လမင်း .. မင်း အိပ်ချင်ပြီလား...."

"အေး... ငါ ပင်ပန်းနေပြီ... မနက်ကတည်းက အစောကြီး ထထားတာ..။ နေ့လည်ကလည်း အိပ်ပေမယ့် ခု အိပ်ချင်နေပြီ...။"

"ကဲ.. လိုက်ခဲ့.. "

သူ့အခန်းထဲကို ကျွန်တော့်ကို လက်ဆွဲပြီး ခေါ်သွားတယ်...။ သူ့ကုတင်ပေါ်မှာ အိပ်ဖို့ပြောတယ်...။

"မင်းက ဘယ်မှာ အိပ်မှာလဲ..."

"ငါ့ရည်စားဘေးမှာ အိပ်မှာပေါ့... မပူပါနဲ့.."

ကျွန်တော် ပြုံးမိတယ်..။ တကယ်တော့ နှစ်ယောက်အိပ်ရလောက်အောင် ကုတင်က မကျယ်..။ တစ်ယောက်အိပ်ထက်တော့ ကျယ်တာတော့ အမှန်...။ ကဲပါ.. မထူးတော့ပြီမို့ ကျွန်တော်လည်း အင်္ကျီလဲပြီး ကုတင်ပေါ်မှာ တက်အိပ်လိုက်တယ်..။ သူက ကျွန်တော့် ညာဘက်ဘေးမှာ ဝင်အိပ်တယ်...။ ပြီးတော့ ကျွန်တော်လက်ကို ညင်ညင်သာသာ ကိုင်ပြီး သူ့ရင်ဘက်မှာ တင်လိုက်တယ်... နှစ်ယောက်လုံးရဲ့ ရင်ခုန်သံကို စည်းချက်ညီညီ ကြားနေရတယ်..။ ပြီးတော့ သူ ကျွန်တော်ဘက်ကို လှည့်လိုက်ပြီး ကျွန်တော့်ကို ဖက်လိုက်တယ်..။ ကျွန်တော်လည်း ပြန်ဖက်လိုက်တယ်...။

88888

အဲဒီညက ကောင်းကင်မှာ လ မထွက်.. ကြယ်ရောင်တွေနဲ့ ကောင်းကင်က လင်းနေခဲ့တယ်..။ ဒါပေမယ့် မြေပြင်က လနှစ်စင်းကတော့ အချစ်ဆိုတဲ့ ကြယ်တွေ ခြံရံပြီး အပြိုင်လင်းခဲ့တာကိုတော့ ကျွန်တော်နဲ့ သူ အသိဆုံး ဖြစ်ခဲ့တယ်....။

(ဆက်ရန်)

Friday, August 28, 2009

လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (၄)

တနင်္လာနေ့ ကျွန်တော် ကျောင်းပြန်တက်တော့ သူ့နဲ့ ဆုံရမှာ စိတ်ထဲမလုံလို့ သွားနေကျလမ်းအတိုင်း မသွားဘဲ ပြည်လမ်းကနေ ၅၁ ကားစီးပြီး လာခဲ့တယ်...။ ကျောင်းရောက်တော့ ၇ နာရီခွဲပြီမို့ အတန်းးထဲကို တခါထဲ ဝင်ခဲ့တယ်..။ တော်သေးတာက ဆရာမက အတန်းမစသေး...။ ဒီနေ့ နည်းနည်းနောက်ကျမှ အတန်းက စတယ်..။ ထုံးစံအတိုင်း အတန်းချိန် ၂ ချိန်က လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်..။ အတန်းပြီးပေမယ့် ကျွန်တော်တို့တွေ အတန်းပြင်ကို မထွက်သေးဘဲ pretest အတွက် မေးကြမြန်းကြနဲ့ အလုပ်တွေ ရှုပ်နေကြတယ်... အတန်းရောက်တော့ ၁၁ နာရီထိုးနေပြီ.. ကျွန်တော်တို့အားလုံး နေ့လည်စာ စားဖို့ ကန်တင်းဘက်ကို ထွက်ခဲ့ကြတယ်..။ ကန်တင်းရောက်တော့ ကျွန်တော် မျက်လုံးပြူးသွားတယ်...။ သူရောက်နေပြီ....။

" လမင်း... "
" လပြည့်.."
" စကားပြောလို့ရလား...."
"ရတယ်လေ..."
" ဒါဆို ခဏလိုက်ခဲ့..."

ပြောပြောဆိုဆို သူကျွန်တော့်လက်ကို ဆွဲပြီး ဆိုင်ထောင့်ကို ခေါ်ခဲ့တယ်..။

"ဘာလို့ မနက်က အိမ်ဘက်က မလာတာလဲ..? ငါစောင့်နေတယ်ဆိုတာ မသိဘူးလား...?"
"ငါ မနက်က အသိတစ်ယောက်ကားနဲ့ လမ်းကြုံလိုက်ခဲ့လို့ ပြည်လမ်းဘက်ကပဲ လာခဲ့လိုက်တယ်..."

ကျွန်တော် လိမ်လိုက်တယ်....။

"ငါကတော့ မျှော်နေတာ မင်းကျောင်းမလားဘူးထင်လို့ မင်းအိမ်ကို ဖုန်းခေါ်သေးတယ်... ကျောင်းသွားတယ်ဆိုလို့ ငါ ခုလာစောင့်နေတာ.."
"အင်း... ငါ မသိလိုက်ဘူး... ခုလည်း စကားမပြတ်လို့ နည်းနည်းနောက်ကျသွားတယ်..."
" ရပါတယ် မင်းငါကို တွေ့ချင်တယ်ဆိုရင် ငါ စောင့်ရကျိုးနပ်ပါတယ်...။"

သူမျက်နှာ ညိုသွားတယ်...။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိတယ်..။ တကယ်တော့ ကျွန်တော်တို့ဆုံတာ တလ မပြည့်တတ်သေး...။ ဒါပေမယ့် သူရော ကျွန်တော်ပါ တစ်ယောက်ကို တစ်ယောက် သံယောဇဉ် တွယ်နေကြပြီဆိုတာကိုတော့ ကျွန်တော် သိလိုက်ပါပြီ...။

"ကဲပါ လပြည့်.. လာ.. ထမင်းစားကြမယ်.. ဟိုမှာ ငါ့ဘော်ဒါကြီးတွေ စောင့်နေကြပြီ... မင်းလည်းမစားရသေးဘူး မဟုတ်လား... တူတူစားကြတာပေါ့...."
ကျွန်တော် သူ့ကို ဆိုင် အတွင်းဘက် ပြန်ခေါ်ခဲ့တယ်.. ဆိုင်ထဲရောက်တော့ သူတို့တွေမှာ ပြီးကြပြီ... ကျွန်တော့်ကို စားပွဲထိုးလေးက စောင့်နေတယ်..။ ကျွန်တော် ထမင်းကြော်နှစ်ပွဲမှာလိုက်တယ်... သူ့ကိုလည်း အားလုံးနဲ့ မိတ်ဆက်ပေးလိုက်တယ်...။ စကားတွေပြောလိုက် မေးလိုက် မြန်းလိုက်နဲ့ ထမင်းစားသောက်ပြီးတော့ ကျွန်တော့်တို့ အဖွဲ့ လမ်းခွဲလိုက်ကြတယ်... ။ သူကတော့ ကျွန်တော့်ဘေးမှာ ပဲ...။

"လမင်း... မင်း တော်တော် စကားများတာပဲနော်... လူငယ်သလောက် စကားပြောနိုင်တဲ့အကောင်ပဲ.."

ကျွန်တော် ရီမိတယ်... သူပြောသလို ကျွန်တော် ဒီနေ့ ထမင်း ဝိုင်းမှာ တော်တော် စကားပြောမိတယ်..။

"ကဲ လပြည့် မင်း ဒီနေ့ ဘယ်သွားမှာလဲ..."

"ဘယ်မှ သွားစရာ အထွေအထူးမရှိဘူး... အချိန်ရရင်တော့ BC ခဏသွားမလားလို့.. မင်းရော..."

"BC မသွားနဲ့တော့... ငါ့အိမ်ကို လိုက်ခဲ့... အိမ်မှာလည်း ဘယ်သူမှ မရှိဘူး... "

"အေးလေ သွားတာပေါ့.."

ကျွန်တော်လည်း သူခေါ်တဲ့နောက်လိုက်ခဲ့လိုက်တယ်... လမ်းမှာ ကျွန်တော်တို့နှစ်ယောက် ဘာမှ မပြောဖြစ်ကြ...... မိနစ် ၂၀ လောက် ကြာတော့ သူ့အိမ်ကိုရောက်တယ်.... သူနဲ့ ကျွန်တော် ဆုံနေကြ နေရာလေးနဲ့ သိပ်မဝေးဘူး.... အိမ်ထဲရောက်တော့ သူက အအေးဖျော်တိုက်တယ်..။ ပြီးတော့ သူ့အိမ်ထဲမှာ လိုက်ပြတယ်လေ.. သူ့အခန်းထဲရောက်တော့ ကျွန်တော် မင်သက်သွားတယ်.... စာအုပ်တွေရယ် နံရံပေါ်က ပန်းချီကားတွေရယ်... နောက် အခန်းထောင့်က ဂီတာ တစ်လက်.... ဒါတွေကျွန်တော် လိုချင်ခဲ့တဲ့ အရာတွေ သူ့မှာ ရှိနေခဲ့ပါလား....?

"လပြည့် ဒီစာအုပ်တွေက မင်း ဖတ်တာလား...."

" အလှကြည့်ဖို့ ဝယ်ထားတယ်ထင်လို့လား...."

" မေးကြည့်တာပါကွာ... ငါလိုချင်တဲ့ စာအုပ်တွေ မင်းဆီမှာ ရှိတယ်ကွ... ငါရှာနေတာ ကြာပြီ...."

"ဖတ်ချင်ရင် ယူလေ.. ပြန်တော့ပေးနော်.... ငါက ပိုက်ဆံချေးပြီး ပြန်မပေးတာ စိတ်မဆိုးဘူး.. စာအုပ်ငှားပြီး ပြန်မလာတာတော့ ရန်သူပဲ..."

"အေးပါ.. ငါနားလည်ပါတယ်...."

"ကဲ.. လာ လမင်း... ဧည့်ခန်းထဲ သွားရအောင်... အေးဆေးနေ... ငါ ပြန်လိုက်ပို့ပေးမယ်..."

"ငါကတော့ အေးဆေးပဲ.. မင်း ပြန်လိုက်ပို့မယ်ဆိုရင် မိုးချုပ်မှ ပြန်ဆိုလည်း ရတယ်..."

ကျွန်တော်တို့ ဧည့်ခန်းဘက်ကို ထွက်လာခဲ့ကြတယ်..။ သူကတော့ ဂီတာကိုင်ပြီး လိုက်လာတယ်...။ ဧည့်ခန်းထဲရောက်တော့ ကျွန်တော် ဆိုဖာပေါ်မှာ ထိုင်လိုက်တော့ သူက ကျွန်တော်ထိုင်တဲ့နားက ကြမ်းပြင်မှာ လာထိုင်တယ်...။ ပြီးတော့ သူက ဗွီဒီယိုကြည့်ရအောင်တဲ့...။ ကျွန်တော်တို့ ကြည့်ဖြစ်တဲ့ ကားက Free Willy ဆိုတဲ့ ကားဟောင်း တစ်ကားပါ... ကျွန်တော် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ကား... အရမ်းကြိုက်ပြီး ဇာတ်လမ်းထဲက ကောင်လေးနဲ့ အပြိုင် လိုက်ငိုခဲ့တဲ့ ရုပ်ရှင်...။ ရှပ်ရှင်သီချင်း Free Willy ကို ကျွန်တော် လိုက်ဆိုတော့ သူက ကျွန်တော့်ကို ပြုံးပြီး ကြည့်နေတယ်... ရုပ်ရှင်က ၂ နာရီလောက် ကြာသွားတယ်...ရုပ်ရှင်ပြီးတော့...

"လမင်း... သီချင်းဆိုရအောင်ကွာ... မင်း ဂီတာ တီးတတ်လား..."

"မတီးတတ်ဘူး... သီချင်းတော့ နည်းနည်းပါးပါး ဆိုတတ်တယ်..."

"ငါက တီးခိုင်းမလို့ မင်းကလဲ.. ပြီးရော ငါတီးမယ်.. မင်းက ဆို..."

"မင်းသဘော...."

သူ ဦးဆုံးတီးတဲ့ သီချင်းက ဂရေဟမ်ဆိုထားတဲ့ အချစ်ဖော်ကောင်.. ကျွန်တော် လိုက်ဆိုတာကို သူက ကြည့်ရင်နဲ့ ပြုံးနေတယ်...။ သီချင်းတဝက်လောက်ရောက်တော့...

" မဆိုနဲ့ တော့ လမင်း..... မင်းဆိုတာကို ငါလိုက်မတီးတတ်တော့ဘူး... အတီးလည်း မတတ် အဆိုလည်း မကောင်းနဲ့ .... တော်ပြီ.. ငါတီးပြီး ငါပဲ ဆိုတော့မယ်.....။ "

"ငါ ပြောသားပဲ နည်းနည်းပါးပါးပဲ ဆိုတတ်ပါတယ်ဆိုမှပဲ.."

သူဆက်ဆိုသွားတာ တော်တော် နားထောင်လို့ကောင်းတယ်... နောက်ပိုင်း သူ တစ်ပုဒ်ပြီး တစ်ပုဒ် တီးလိုက် ဆိုလိုက်နဲ့ ညနေစောင်းသွားတယ်...။ သူလည်း မောသွားတယ်....။ ကျွန်တော်ကတော့ နားထောင်ကောင်းကောင်းနဲ့ နားထောင်လိုက်တာ.. သီချင်းတွေ ဆိုပြီးတဲ့ အချိန်မှာ သတိထားမိတော့ ကျွန်တော်လည်း ကြမ်းပြင်ပေါ်မှာ ... သူ့ဘေးမှာ ရောက်နေပြီ....။ သူ သီချင်းတွေ ဆိုနေတဲ့ ပုံစံက တော်တော် ကြည့်လို့ကောင်းတယ်...။

"ဟိတ် ဘာကြည့်နေတာလဲ... လမင်း.."

သူခေါ်မှ ကျွန်တော်လည်း သတိဝင်တော့တယ်....

"မင်း ဂီတာ တီးပြီး သီချင်းဆိုတာ ကြည့်ကောင်းလို့ ကြည့်နေတာ.."

" ကြည့်ကောင်းတယ်ဆိုတော့ နားထောင်လို့မကောင်းဘူးလား..."

"ကောင်းပါတယ်... ငါ မင်းကို အားကျတယ်ကွာ... ငါလည်း ဂီတာ အရမ်းတီးတတ်ချင်တာ... သင်ပေးမယ့်သူမရှိဘူးကွ..."

" ငါ သင်ပေးမှာပေါ့ .. သင်တန်းကြေးကတော့ ဈေးကြီးတယ် မောင်... ဒါပေမယ့် မင်းပေးနိုင်မှာ ပါ... အခုမတောင်းသေးဘူး... နောက်မှ တောင်းမယ်...။"

"အေးပါ... ငါပေးနိုင်တာကိုပဲ မင်းတောင်းပါစေလို့ ငါဆုတောင်းနေမယ်..."

ကျွန်တော်တို့ နှစ်ယောက် စကားဆက်မပြောဖြစ်ဘဲ တစ်ယောက်ကို တစ်ယောက် ဆက်ကြည့်နေမိတယ်....။
ခဏကြာတော့ သူကပဲ .....

"မင်း ပြန်ချင်နေရင် ငါလိုက်ပို့ပေးမယ်လေ..."

ကျွန်တော် နာရီကြည့်လိုက်တော့ ညနေ ၅ နာရီထိုးတော့မယ်.... ဒါနဲ့ ကျွန်တော်လည်း ပြန်ဖို့ ပြင်လိုက်တယ်...။

888888

သူ ကားမောင်းနေတာ ဒီနေ့ အဆင်ပြေတယ်လို့ ပြောရမယ်... တွေ့ကာစကလို မဟုတ်တော့ဘူး...။ သူ သီချင်းတော်တော် ကြိုက်တယ်ထင်တယ်... ခုလည်း ကားထဲမှာ သီချင်းဖွင့်ထားလေရဲ့....။

"လမင်း.... "
"ဘာလဲ ပြောလေ..."

"မနေ့က ညက မင်းလက်ကို ငါကိုင်တာ စိတ်ဆိုးလား..."

"မဆိုးပါဘူး... ဘာလို့လဲ..."

"ဘာမှတော့ မဟုတ်ပါဘူး.... ငါ့ကို မင်း ဘယ်လို မြင်လဲ..."

" ခင်ဖို့ကောင်းတဲ့ သူငယ်ချင်း.. ပြီးတော့ ငါနဲ့ အကြိုက်လည်းတူ တဲ့ သူငယ်ချင်း..."

" လမင်း....."

" မင်း ဘာဖြစ်နေတာလဲ လပြည့်.."

" ဘာမှ မဟုတ်တော့ပါဘူးကွာ.... နောက်လဲ မကြာမကြာ ငါ့အိမ်ကို မင်း အလည်လာဖို့ ငါခေါ်မယ်နော်... မင်းအိမ်ကိုလည်း ငါလိုက်မယ်နော်...."

"အော်.. ဘာများလဲလို့ လမင်းရယ်... လာမှာပေါ့.... မင်းငါ့အိမ်ကို လိုက်တာလည်း ကိစ္စမရှိဘူး....... ညအိပ်ချင်ရင်တောင် အိပ်လို့ရတယ်..."

သူ ကျွန်တော့်ကို ပြုံးပြီး လှည့်ကြည့်တယ်.... နောက်တော့ ဘာမှ ဆက်မပြောဖြစ်ကြတော့ဘူး.....။ ကျွန်တော့်ကို အိမ်ရှေ့အထိလိုက်ပို့ပေးပြီး သူ ပြန်သွားတယ်...။ အိမ်ရောက်တော့ အမေက ညစာ အတွက် ပြင်ဆင်ပြီးနေပြီ...။ ရေမိုးချိုးပြီး သားအမိတွေ ညစာ စားပြီး ကိုရီးယားဇာတ်လမ်းတွဲ စောင့်ကြည့်ကြတယ်...။ ကိုရီးယားကားပြီးတော့ ကျွန်တော်တို့ ညီ အစ်ကိုတွေ ကိုယ့်အခန်းထဲ ကိုယ်ဝင်ပြီး စာလုပ်ကြတယ်...။ ည ၁၀ နာရီခွဲတော့ သူဖုန်းဆက်လာတယ်....။

" လမင်း... မင်းအိပ်နေတာလား..."
"အိပ်သေးဘူး... အိပ်ချိန်တော့ တန်နေပြီ..."
"တော်သေးတာပေါ့.. ဖုန်းသာ ဆက်တာ မင်း အိပ်နေပြီထင်တာ.."
"ရပါတယ်... ဘာကိစ္စ ရှိလို့လဲ.."
"အထွေအထူးမဟုတ်ပါဘူး... မင်းကို သတိရလို့ပါ..."
"ကျားသားမိုးကြိုး... တစ်နေ့ခင်းလုံးတွေ့ထားတာတောင် မင်းက ဘာလို့သတိရနေတာလဲ..."
"လမင်း.. မင်း ကို ငါ သူငယ်ချင်း သံယောဇဉ်ထက်ပိုတယ်ဆိုရင် မင်း ဘာပြောချင်လဲ..."
" မင်း ... ဘာပြောချင်တာလဲ လပြည့်..."
" တော်ပြီ... ဒီအကြောင်းကို မင်းစာမေးပွဲ ပြီးမှ ဆက်ပြောတော့မယ်... ခု မင်းအိပ်တော့... Good Night နော်..."

ပြောပြောဆိုဆို သူ ဖုန်းချသွားတယ်.. ကျွန်တော်လည်း အိပ်ချိန်တန်ပြီမို့ အိပ်ယာထဲဝင်ခဲ့ပေမယ့်... လပြည့်ပြောတဲ့ စကားတွေ ကြားယောင်နေသလို သူ့ရဲ့ ဟန်ကိုလည်း မျက်စိထဲမှာ မြင်ယောင်နေမိတယ်...။ ကျွန်တော် ကြိတ်မှိတ်ပြီး အိပ်လိုက်တယ်... ခဏကြာတော့ ကျွန်တော် အိပ်မောကျသွားတယ်...။

888888

ကျွန်တော် တွေးမိတယ်... ကျွန်တော် အိပ်မက် တစ်ခုကို ဆွဲဆွဲလန်းလန်း မက်ခဲ့မိတာလား.... သေချာတာတော့ ကျွန်တော် အဲဒီအိပ်မက်လေးကို ပြန်လိုချင်နေမိတယ်... အချိန်တွေ နေ့ရက်တွေ အကြောင်းအရာတွေအားလုံးက ပြီးဆုံးခဲ့ပေမယ့် ကျွန်တော့် ရင်ထဲမှာ အသစ်ဖြစ်နေတုန်းပဲဆိုတာ ကျွန်တော် အသိဆုံးပါ....။ အချိန်တွေ ဘယ်လောက်ကြာကြာ ကျွန်တော် ဒီအိပ်မက်လေးကို မေ့သွားမှာ မဟုတ်သလို မေ့ပစ်ဖို့လဲ မကြိုးစားဘူးဆိုတာ ကျွန်တော် သိနေခဲ့တယ်လေ.......

(ဆက်ရန်)